အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့က အားကစားရုံမှာ ယနေ့ဖြစ်ပွားခဲ့တဲ့ လူ ၂၂ဦးသေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုဟာ အသေခံဗုံးခွဲမှုဖြစ်တယ်လို့ မန်ချက်စတာ ရဲတပ်ဖွဲ့အကြီးအကဲက ပြောဆိုလိုက်ပါတယ်။
အမေရိကန် ရော့ခ်အဆိုကျော် Ariana Grande ရဲ့ ဖျော်ဖြေပွဲအပြီးမှာ ပေါက်ကွဲမှု ၂ကြိမ်ဖြစ်ခဲ့တာဖြစ်ပြီး ယခု အခါမှာတော့ သေဆုံး ၂၂ ဦးရှိလာကာ ဒဏ်ရာရသူ ၅၉ ဦးရှိပြီး၊ သေဆုံးသူတွေထဲမှာတော့ ကလေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မန်ချက်စတာရဲတပ်ဖွဲ့ အကြီးအကဲ အီရန် ဟော့ကင်းက “ဗုံးခွဲသူဟာ ဗုံးကိုသယ်ဆောင်လာပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပြီး၊ သူလည်း အဲဒီနေရာမှာပဲ သေဆုံးသွားတယ်လို့ အခိုင်အမာ ပြောနိုင်တယ်” လို့ဆိုလိုက်ပြီး၊ ကြံရာပါများ ကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုလိုက်ပါတယ်။
ယခုအခါမှာ မန်ချက်စတာရဲတပ်ဖွဲဟာ လုံခြုံရေးတပ်ဖွဲ့ အင်အား တိုးမြှင့်ချထားပါတယ်။
မန်ချက်စတာ အားကစားရုံက သူ့ရဲ့ ဝက်ဘ်ဆိုဒ်မှာ ဂီတဖျော်ဖြေပွဲပြီးလို့ လူတွေထွက်ခွာနေစဉ် ကျင်းပရာနေရာရဲ့ အပြင်ဘက်မှာ ပေါက်ကွဲခဲ့တာဖြစ်ကြောင်းဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က လန်ဒန်မြေအောက်ရထား ဗုံးပေါက်ကွဲမှုမှာ လူပေါင်း ၅၂ဦးအထိ သေဆုံးခဲ့ရပါတယ်။