တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် ပြုလုပ်သော ဒုတိယအကြိမ်မြောက် Ctrip Global Hotel Partners Summit ပွဲကြီးတွင် အာရှ နိုင်ငံများ အတွင်း အလုပ်ခရီးစဉ်အတွက် အကောင်းဆုံးဟိုတယ်အဖြစ် “Best Business Travel Hotel” ဆုကို Sedona Hotel Yangon မှရရှိခဲ့သည်။
အွန်လိုင်းခရီးသွား လုပ်ငန်းတခုဖြစ်သော Ctrip သည် နိုင်ငံတကာသို့ ၎င်းနှင့်ချိတ်ဆက်ခရီးသွားလာခဲ့သည့် ခရီးသည် သန်းပေါင်း ၂၅၀ ကျော်ထံမှ ဟိုတယ် သုံးသပ်ချက်များကို မေးမြန်းပြီး “Best Business Travel Hotel” ဆုကိုရွေးချယ် ပေးအပ်ခြင်းဖြစ်ပြီး ထိုဆုကို ဒီဇင်ဘာ ၂၀ ရက်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ဆီဒိုးနားဟိုတယ်၏ အထွေထွေမန်နေဂျာ Mr. MokKokMeng က “ဒီဆုဟာ ကျွန်တော်တို့ရဲ့ ဧည့်သည်တွေကို မြန်မာနိုင်ငံမှာ တည်းခိုနေတဲ့အချိန် ပြိုင်ဘက်ကင်းတဲ့ ဟိုတယ်ဝန်ဆောင်မှုတွေ ဆက်ပြီးပေးစွမ်းနိုင်ဖို့ တွန်းအားတစ်ခုလဲ ဖြစ်စေပါတယ်။ နိုင်ငံရဲ့ ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အလုပ်နဲ့ဖြစ်ဖြစ်၊ အပန်းဖြေခရီးနဲ့ ဖြစ်ဖြစ် လာရောက်တည်းခိုတဲ့သူတွေ အားလုံးအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပိုပြီးပေးနိုင်အောင် ဆက်လက် လုပ်ကိုင်သွားမှာပါ” ဟု ပြောသည်။
ယခုနှစ် ကျင်းပပြုလုပ်ခဲ့သည့် “Best Business Travel Hotel” ဆုချီးမြင့်ပွဲသို့ ကမ္ဘာတစ်ဝန်း ဟိုတယ်လုပ်ငန်းစုပေါင်း ၇၅၀ ကျော်မှ တက်ရောက်ခဲ့သည်။
ဆီဒိုးနား ဟိုတယ် မီဒီယာ ပြန်ကြားရေး တာဝန်ခံတဦးကလည်း “မြန်မာနိုင်ငံကိုသွားတဲ့ ခရီးသွားတွေကြိုတင် အခန်းမှာတဲ့အခါ ဝန်ဆောင်မှု အကောင်းဆုံး ပေးတယ်မပေးဘူး ဆိုတဲ့ အပေါ်မူတည်ပြီးတော့ ပေးတာဖြစ်တယ်။ 5 star အဆင့်ရှိတဲ့ ဟိုတယ်တွေ ဝင်ပြိုင်ကြတာဖြစ်တယ်” ဟု ပြောသည်။
Sedona Hotel Yangon သည် Ctrip Global Hotel Partners Summit ပွဲကြီးတွင် ဂုဏ်ပြုချီးမြှောက်ခံခဲ့ရသော မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ဟိုတယ် ဖြစ်ပြီးတရုတ်နိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်အတွင်း ရင်းနှီးမှုပိုမိုရရှိစေရန် ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။
Sedona Hotel Yangon သည် Garden Wing ၃၆၆ ခန်းပါရှိသည့် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ် တခု ဖြစ်ပြီးမေလ ၂၀၁၆ တွင် စတင်ဖွင့်လှစ်ခဲ့သော Inya Wing ၂၉ ထပ်နှင့် အရည်သွေးမြင့် လက်ဆောင်ပစ္စည်းဆိုင်ခန်း၊ ခေတ်မီဆန်းသစ်သော စက်ကိရိယာများ တပ်ဆင်ထားသော အားကစားခန်းမနှင့် အပန်းဖြေ Spa တခုတို့လည်းရှိသည်။
ယင်းအပြင် အလုပ်ဖြင့် ခရီးသွားလာရသူများအတွက် မိမိအိမ်ရာတစ်ခုကဲ့သို့ privacy ရှိရှိနေထိုင်လိုသူများအတွက် သီးသန့် Executive Club Lounge လည်းရှိကြောင်း ဟိုတယ် ထုတ်ပြန်ချက်တွင်တွေ့ရသည်။