ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ဆေးရုံတွင် ကွယ်လွန်သွားသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ဒု စစ်ဦးစီးမှူး ဦးအိုက်စံ၏ ဈာပနကို ပန်ခမ်းမြို့တွင် စစ်ရေးပြ အခမ်းအနားဖြင့် ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
ဦးအိုက်စံသည် UWSA ဗဟိုကော်မတီဝင် တဦးလည်း ဖြစ်သည်။
၎င်းသည် အဆုတ်ကင်ဆာ ရောဂါဖြင့် သြဂုတ်လ ၂၅ ရက်က ချင်းမိုင်မြို့ရှိ ဆေးရုံတွင် ကွယ်လွန်သွားခြင်း ဖြစ် ကြောင်း၊ ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။
UWSA တပ်ဖွဲ့ဝင်တဦးက “ဒီမနက် ဗုဒ္ဓဘာသာ ဓလေ့ထုံးစံအရ ပရိတ်ရွတ်တာတွေ လုပ်ပြီး စစ်ရေးပြ အခမ်းအနားနဲ့ ဈာပန ကျင်းပတယ်”ဟု ပြောသည်။
ဦးအိုက်စံ၏ ရုပ်အလောင်းကို ၎င်း၏ ဇာတိ ဝင်းကောင် ကျေးရွာကို ပြန်သယ်ဆောင်ပြီး ဂူသွင်းသဂြိုဟ်မည်ဟုလည်း သိရ သည်။
ရုပ်အလောင်း ထည့်ထားသည့် ခေါင်းတလားကို ထမ်းသွားသည့် လမ်းတလျှောက်တွင် ၎င်းကို ရိုသေလေးစား ကြသူ များ က ဝမ်းလျားမှောက်ပြီး ခေါင်းတလားကို ကိုယ်ခန္ဒာပေါ်မှ ဖြတ်စေပြီး အရိုအသေ ပေးကြသည်ဟု ဆိုသည်။
ဦးအိုက်စံသည် ၁၉၇၃ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) အတွင်း စတင်ဝင်ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်က ဗကပ တပ်ရင်းများ သံလွင်မြစ် အနောက်ဘက်ခြမ်း ရှမ်းပြည်နယ် အလယ်ပိုင်းသို့ ပထမဆုံး ထိုးဖောက် ဝင်ရောက်ရာ တွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။
ဗကပ တပ်ရင်း ၀၈၂ တွင် အရာရှိတဦးအဖြစ် တာဝန်ယူကာ ဗကပ တောင်ပိုင်း တပ်ပေါင်းစုများ ဖြစ်သည့် ရှမ်းပြည် လူမျိုးပေါင်းစုံ လွတ်မြောက်ရေး အဖွဲ့ (ရလလဖ)၊ ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်မတော် (ကလလတ) တို့နှင့် ပူးတွဲ လှုပ်ရှားခဲ့သည်ဟု ဆိုသည်။
၁၉၈၉ ခုနှစ်တွင် ဗကပမှ ဝတပ်ဖွဲ့များ ခွဲထွက်ပြီး UWSA ကို တည်ထောင်ရာ ဦးအိုက်စံသည် UWSA တပ်မ ၄၁၈ ၏ စစ်ဦးစီးမှူး ဖြစ်လာခဲ့ကြောင်း သိရသည်။
ဦးအိုက်စံနှင့် ရင်းနှီးသူများက ၎င်းသည် ဗမာစကား၊ ဗမာစာကို ကောင်းမွန်စွာ ပြောဆို ရေးသားတတ်ပြီး ပြည်တွင်း နိုင်ငံရေး အခြေအနေများကိုလည်း အဆက်မပြတ် စောင့်ကြည့်နေသူ ဖြစ်သည်ဟု ပြောသည်။
ဦးအိုက်စံသည် မိခင်ဘာသာစကား “ဝ” အပြင် ဗမာ၊ ရှမ်း၊ ပအို့ဝ် ဘာသာစကားများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူ ဖြစ်ကြောင်း သိရသည်။
ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) မှ နာယက ဦးစောညာမော်မဲက“သူနဲ့ ပတ်သတ်ပြီး မှတ်မိ နေတာက သူက အဖွဲ့အစည်းတွေကြားထဲမှာ ဆက်ဆံရေး အတော်ကောင်းတယ်။ အမြဲပြုံးနေတာ။ အပင်ပန်းလည်း တော်တော် ခံနိုင်တယ်။ တောင်ပိုင်းမှာ နေတုန်းက ကျနော်တို့ ရန်သူတွေကို အတူတိုက်ခဲ့ကြတာ။ ရှစ်လေးလုံး ပြီးလို့ အပစ် အခတ် ရပ်စဲရေး လုပ်တော့ သူ့ ပန်ဆန်းကို ပြန်သွားတာ”ဟု ပြောပြသည်။
UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းက ဦးအိုက်စံ၏ ဈာပန အခမ်းအနားကို အခြားမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ အရာရှိများ၊ ဦးအိုက်စံနှင့် ရင်းနှီးသည့် ရဲဘော်ရဲဘက် မိတ်ဆွေဟောင်းများ တက်ရောက်ကြ သည်ဟု ပြောသည်။
ဦးညီရမ်းက“ကျနော်တို့ စိတ်မကောင်းဘူး။ ကျနော်တို့ ဝမ်းနည်းရတယ်။ သူက ဗုဒ္ဓ ဘာသာဆိုတော့ အဖွဲ့အစည်းထဲ မှာ လည်း ဗုဒ္ဓဘာသာအရေးနဲ့ ပတ်သက်လာရင်လည်း တက်တက်ကြွကြွနဲ့ လုပ်ဆောင်တဲ့သူ တဦးပါ။ အခုလည်း ဗုဒ္ဓဘာသာ ယုံကြည် ကိုးကွယ်နေကြတဲ့ အသိုင်းအဝိုင်းတွေကလည်း စိတ်မကောင်း ဖြစ်နေကြတယ်”ဟု ပြောဆို သည်။
ဦးအိုက်စံသည် မကွယ်လွန်ခင် အချိန်ထိ UWSA ၏ ဗဟိုကော်မတီဝင်တဦး အဖြစ် တာဝန်ယူထားပြီး မြောက်ပိုင်း မဟာ မိတ်အဖွဲ့များ ဖြစ်သည့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် မြောက်ပိုင်း အခြေစိုက် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၄) တို့နှင့် မဟာမိတ် ဆက်ဆံရေး ကဏ္ဍတွင်လည်း တာဝန်ယူထားသူ ဖြစ်ကြောင်း သိရသည်။