အထက်ဗမာနိူင်ငံ စာရေးဆရာအသင်း၏ ရာသက်ပန် နာယကနှင့် ဂုဏ်ထူးဆောင် အသင်းသား၊ အမျိုးသားစာပေနှင့် စာပေဆုများရှင် အသက် ၈၃ နှစ်ရှိ သတင်းစာ ဆရာကြီး နတ်မောက်ထွန်းရှိန်သည် ယနေ့ ညနေ ၃ နာရီခွဲခန့်က မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ဆရာကြီးသည် ၂၀၁၁ ခုနှစ်က “ရတနာပုံ မန္တလေး နိပတ် ပန်းချီကျော်များနှင့် ဗုဒ္ဓဝင် ပညာပေး မြန်မာ့ နိပတ် ပန်းချီလက်ရာများ” စာအုပ်ဖြင့် လည်းကောင်း၊ ၂၀၀၁ ခုနှစ်က “ ဝင်းတွေနှင့် တည်ခဲ့သည့် မင်းနေပြည်” စာအုပ် ဖြင့်လည်းကောင်း အမျိုးသားစာပေဆုများ ရရှိခဲ့သည်။
ထို့ပြင် မန္တလေးခေတ် ပိဋကတ်စာအုပ်ဆိုင်များ စာအုပ်ဖြင့် ထွန်းဖောင်ဒေးရှင် စာပေဆုကိုလည်း ၂၀၁၄ ခုနှစ်က ရရှိခဲ့သည်။
ဆရာကြီး နတ်မောက်ထွန်းရှိန်ကို မကွေးတိုင်း နတ်မောက်မြို့နယ် ဘော်အိုင်ကျေးရွာတွင် အဖ ဦးကျော်ဟန်၊ အမိ ဒေါ်ညိုလေးတို့က ၁၉၃၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးထွန်းရှိန်ဖြစ်ပြီး မွေးချင်း ၈ ဦးအနက် တတိယမြောက်သား ဖြစ်သည်။
ရတနာပုံ သတင်းစာ၊ လုပ်သား သတင်းစာ အယ်ဒီတာ၊ ပန်တော်ဆက် မန္တလေး မဂ္ဂဇင်း စာတည်းမှူး၊ ဟံသာဝတီ သတင်းစာ၊ မန္တလေး ယဉ်ကျေးမှုဂျာနယ် စသည်တို့တွင် သတင်းစာ ဆရာဘဝဖြင့် ဖြတ်သန်းခဲ့ပြီး လက်ရှိတွင် မန္တလေး နေ့စဉ်သတင်းစာတိုက်၏ အယ်ဒီတာချုပ်လည်း ဖြစ်သည်ဟု သိရသည်။
သူသည် လုံးချင်းစာအုပ် ၉ အုပ်၊ ဆောင်းပါး အပုဒ်ရေ ၇၀၀ ကျော် ရေးသားခဲ့သည်။
လက်ရှိတွင် သတင်းစာဆရာကြီး နတ်မောက်ထွန်းရှိန်၏ ရုပ်ကလာပ်ကို လမ်း ၂၀ ၊ ၈၆ နှင့် ၈၇ လမ်းကြားရှိ နေအိမ်သို့ ပြန်လည် သယ်ဆောင်သွားပြီ ဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂ ရက်နေ့ နေ့လည် ၁ နာရီတွင် အေးရိပ်ငြိမ်သုသာန်တွင် သဂြိုလ်မည် ဖြစ်သည်။