သေဒဏ်နှင့် နှစ် ၂၀ ချခံထားရာမှ လွတ်မြောက်လာတဲ့ ဗိုလ်မှူး (ငြိမ်း) ဝင်းနိုင်ကျော်နှင့် တွေ့ဆုံခြင်း

ထွန်းထွန်း
ဗိုလ်မှူး (ငြိမ်း) ဝင်းနိုင်ကျော် / ငြိမ်းဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်အကြီးအကဲတွေရဲ့  လျှို့ဝှက်ခရီးစဉ်မှတ်တမ်းတွေ၊ တပ်မတော်ထိပ်တန်း လျှို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ သေဒဏ်နဲ့ ထောင်ဒဏ်နှစ် ၂၀ ချခံခဲ့ရတဲ့ ဗိုလ်မှူး(ငြိမ်း) ဝင်းနိုင်ကျော်ဟာ သမ္မတဦးဝင်းမြင့်ရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ဧပြီ ၁၇ ရက်နေ့က သာယာဝတီ အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

သူဟာ ဗိုလ်ချုပ်ကြီး တင်ဦး (လေယာဉ်ပျက်ကျ ကွယ်လွန်) ရဲ့  အနီးကပ် တာဝန်တွေ ထမ်းဆောင်ခဲ့ သလို ကာကွယ်ရေး ဝန်ကြီးရုံးမှာလည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၉  ခုနှစ် ဇူလိုင်လမှာ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ-၃ နဲ့ သေဒဏ်၊ အီလက်ထရောနစ် ဥပဒေ ၃၃(ခ)နဲ့ ၁၅ နှစ်၊ လျှို့ဝှက်အက်ဥပဒေ ၆(၃)နဲ့ ၂ နှစ်၊ နိုင်ငံခြားငွေဥပဒေပုဒ်မ ၂၄(၁)နဲ့ ၃ နှစ် ထောင်ဒဏ်များ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သူအဖမ်းခံခဲ့ရတဲ့ အခြေအနေတွေ၊ ထောင်တွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ၊ လွတ်မြောက်လာတဲ့ အပေါ် သဘောထား အမြင်တွေ၊ ရှေ့ဆက် ဆောင်ရွက်မယ့် အခြေ အနေတွေ နဲ့ ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထွန်းထွန်းနဲ့ ငြိမ်းဇော် တို့က သီးသန့် တွေ့ဆုံ မေးမြန်း ထားပါတယ်။

မေး ။     ။ အခုလို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ ။     ။ ကျနော့်အနေနဲ့ ပြောပြလို့မတတ်အောင် ဝမ်းသာတာပေါ့ဗျာ၊ ကျနော့် မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ ပြန်တွေ့ဆုံရတဲ့ အခါကျတော့ ထောင်မကျခင်က ကိုယ်စိတ်သန်ရာတွေကိုပဲ လုပ်ခဲ့ပြီး ကိုယ့်ဘေးနားကသူတွေကို ပစ်ပယ်ထားသလို ဖြစ်ခဲ့တာတွေကို ထောင်ထဲမှာ ပြန်စဉ်းစားမိတယ်၊ ကျနော် သဘောပေါက်ခဲ့တဲ့ သင်ခန်းစာက ကိုယ့်ဘေးနားကရှိတဲ့ သူတွေကို နွေးထွေးဖို့ပါပဲ။

မေး ။    ။ အခုလို ပြန်လွတ်ဖို့ကို ကြိုပြီးသိခဲ့ရတာမျိုး ရှိခဲ့လား။

ဖြေ ။    ။ ကြိုတော့မသိခဲ့ရပါဘူး၊ လွတ်မယ့်မနက်ကျမှပဲ လာခေါ်တော့မှ ကမန်းကတမ်းပဲ ပစ္စည်းတွေသိမ်းပြီးတော့ လိုက်လာခဲ့ရတာပါပဲ။ ကျနော့်ကို ၂၀၀၉  ခုနှစ် ဇူလိုင်လ ၂၉  ရက်နေ့မှာ အမိန့်ချတယ်၊ အခု ဧပြီ ၁၇ ရက်နေ့မှာ ပြန်လွတ်တယ်ဆိုတော့ စုစုပေါင်း ၈ နှစ် ၃ လနဲ့ ၁၁ ရက်လောက် ကြာသွားတာပေါ့။

မေး ။    ။ အရပ်သားအစိုးရအနေနဲ့ ပြောင်းလဲလာတာနှစ်ဆက်ရှိပြီပေါ့။ ဘာကြောင့် NLD အစိုးရလက်ထက်မှာမှ လွတ်လာတယ်လို့ ဗိုလ်မှူး ထင်မိလဲ။

ဖြေ ။    ။ ဒါကို ကျနော်အများကြီးတော့ မတွေးထားပါဘူး၊ လျှပ်တပြက်တွေးမိတာလေးက အရင်အစိုးရတွေလည်း သူ့တို့ရဲ့  အခြေအနေနဲ့ အချိန်အခါအရ အစီအစဉ်တော့ ရှိပါလိမ့်မယ်၊ ဒီအစိုးရကတော့ သူတို့ရဲ့ ဦးစားပေး လုပ်ငန်းစဉ် အခြေအနေအရ ဆောင်ရွက်တာလို့ပဲ မြင်ပါတယ်။

မေး ။    ။ အဖမ်းခံရစဉ်က စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

ဖြေ ။    ။ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် အောက်ခြေမှာ တိုက်ရိုက် အလုပ်လုပ်တဲ့သူရှိတယ်၊ တဆင့်ခံသူတွေရှိတယ်၊ ဆုံးဖြတ်ချက်ချတဲ့ ထိပ်ဆုံးကလူတွေရှိတယ်၊ အဲ့တော့ သတင်းအချက် အလက်တခုက ဖြောင့်ဖြောင့် တန်းတန်း စီးဆင်းသွားရင် မှန်မှန်ကန်ကန်ပဲ ဖြစ်နေမှာပဲ၊ ကျနော့ ကိစ္စမှာတော့ သတင်းအချက် အလက်တွေက မှန်မှန်ကန်ကန် စီးဆင်းမသွားဘူးလို့ ယူဆစရာရှိတယ်။

ကျနော် နိုင်ငံခြားမှာလုပ်တဲ့ ပဋိပက္ခနဲ့ လူမှုစီးပွားဝန်ဆောင်မှု လုပ်ငန်းတွေက တရားဝင်ပဲလုပ်ခဲ့တာ၊ ကျနော် နေရာစုံ သွားရတယ်၊ အင်တာနက်သုံးတယ်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားအဖွဲ့တွေနဲ့ သွားလာလုပ်ရတာပေါ့။ အဲ့အချိန်မှာ တခုခုကို အကြောင်းပြုပြီး အထင်အမြင်လွဲမှားမှုဖြစ်နိုင်တယ်၊ နောက်တခုက ကျနော်ပြန်မလာခင်အချိန်မှာ ကျနော်နဲ့ ပတ်သက်တဲ့ တခုခုကို သတင်းအမှားရပြီးတော့ ခေတ်စကားနဲ့ပြောရရင် ကြိုတင်ကြံထားပြီးမှ တခုခုကို ပုံစံချထားတယ်လို့ တွေးမိတယ်၊ ဟုတ်မဟုတ်တော့ ကျနော်မသိဘူးပေါ့။

ဖြစ်တာတွေကလည်း တိုက်ဆိုင်နေတာကိုး။ ဥပမာ- ခင်ဗျားနိုင်ငံခြားသွားမယ်ဆိုရင် ပြန်လာရင် နိုင်ငံခြားငွေ ပါလာမယ်ဆိုတာ သိတယ်၊ ဒါကို အမှုတခုခုလုပ်ချင်ရင် နိုင်ငံခြားငွေ စစ်ဆေးတဲ့နေရာ မရောက်ခင် ဖမ်းလိုက်ရော၊ နိုင်ငံခြားငွေ ဥပဒေမှာ မည်သူမှ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားငွေ မသယ်လာရဘူးဆိုတာပါတယ်။ သို့သော် ၁၂. ၆. ၁၉၆၀ ရက်စွဲနဲ့ စီမံ/ဘဏ္ဍာကနေ ထုတ်ထားတဲ့ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်းညွန်ကြားချက် တခုမှာ မည်သူမဆို နိုင်ငံခြားငွေကို ကြေညာပြီးတော့ တလအထိ ကိုင်ဆောင်ခွင့် ရှိတယ်။

အမှုဖြစ်တော့ ကျနော့်ရဲ့ နိုင်ငံခြားငွေအ ကောင့်စာရင်းကို တင်ပြခဲ့တယ်။ အဲ့ဒီအကောင့်က ကျနော် ဝန်ထမ်းဘဝက နိုင်ငံခြားက ပြန်လာတဲ့အခါ  ပိုလာတဲ့နိုင်ငံခြားငွေတွေကို အကောက်ခွန်မှာ ကြေညာပြီးတော့ ဖွင့်ထားတာပါ။ အဲ့ဒီမတိုင်ခင်က ဘန်ကောက်မှာ သွားတယ်၊ ကျနော့်ရဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် လုပ်ငန်းရှင်တွေက အပ်လိုက်တဲ့ ပိုက်ဆံတွေပါတယ်။ အဲ့တော့ကျနော့်ကို အမှုထဲ ဆွဲသွင်းလို့ရအောင် နိုင်ငံခြားငွေဆိုတာကို လေဆိပ်အဝမှာတင်ပဲ ဖမ်းလိုက်တယ်။

ဘယ်နိုင်ငံလေဆိပ်မှာမှ အဲ့လို အကောက်ခွန် (Custom) မရောက်ခင် ကြိုမဖမ်းဘူး၊ ကျနော်က အဲ့လိုအဖမ်းခံခဲ့ရတာ။ သို့သော် နိုင်ငံခြားကိစ္စက အဓိကမဟုတ်ဘူး၊ ကျနော်သုံးတဲ့ လက်တော့ပ်ထဲမှာ နိုင်ငံတော်လျှို့ဝှက်ချက်တွေ၊ မှတ်တမ်းတွေ ပါတယ်ဆိုပြီး ရှာကြတယ်၊ ဒါပေမယ့်မရှိဘူး။ သူတို့က ကျနော့်ဆီက ရတဲ့ဒေါ်လာတွေကို ကိုင်သွားပြီးတော့ အဲ့နေ ၂၄ နာရီမပြည့်ခင်မှာ နိုင်ငံခြားငွေ အမှုနဲ့ ရမန်ယူလိုက်ပြီး ထပ်စစ်ကြတာပေါ့။

အဲ့ဒီနောက် သက်သေတင်ပြမှုတွေကို ပြန်တိုက်စစ်တဲ့အခါ တရားရုံးမှာတင်ပြတဲ့အထဲ ကျနော့်ကွန်ပျူတာက သက်သေမပါဘဲ၊ တိုင်ကြားစာမှာပါတယ်၊ ဥပဒေမှာ ပစ္စည်းဆိုတာက တိုင်ကြားချက်ပြစ်မှုမြောက်စေတဲ့ ပစ္စည်းဆိုရင် တရားရုံးတော်ကို တင်ပြရမှာက သာမန် ဥပဒေနားမလည်တဲ့သူတောင် သိပါတယ်။ ဖမ်းတဲ့သူက သက်သေပါရမယ်၊

ကျနော့်ကို ချလိုက်တဲ့အထဲ စုစုပေါင်း ၄ မှုရှိတယ်။ အဲ့ဒီမှာ နိုင်ငံတော်အကြီးအကဲတွေရဲ့  သတင်းတွေ၊ နိုင်ငံခြားဆက်သွယ်မှု မှတ်တမ်း သတင်းကို အခြေခံတဲ့အမှုက ၃ မှု၊ အရေးပေါ်စီမံမှုပုဒ်မ ၃၊ အီလက်ထရောနစ် ဆက်သွယ်ရေးပုဒ်မ ၃၃(ခ)၊ လျှို့ဝှက်ချက် ၆ (၃) အဲ့သုံးမှုမှာ အဓိကသက်သေခံဖြစ်တဲ့ ကွန်ပျူတာနဲ့ တိုင်ကြားလွှာမှာပါတဲ့ သက်သေနဲ့တကွ စစ်ပါတယ် ဆိုတဲ့ သက်သေတွေ တယောက်မှ မောင်ဖြူမောင်နီ မတင်နိုင်ဘူး။

သူတို့တင်တာက ကျနော့ကို နောက်တဖွဲ့ပြောင်းစစ်တဲ့ နေရာမှာရှိတဲ့ ရယက တွေနဲ့ တခြားအင်တာနက်က ထုတ်ထားတဲ့ စာရွက်တွေနဲ့တရားရုံးမှာတင်တယ်။ တရားသူကြီးတွေက အီလက်ထရောနစ်ပညာ ဘာမှမသိဘူး။ တရားသူကြီးတွေရဲ့ မျက်စိကို စာရွက်ပုံကြီးနဲ့ လှည့်လိုက်တယ်။ စာရွက်တွေက ဘယ်ကရလဲတော့မသိဘူး၊ ကျနော့်ကွန်ပျူတာကို တရားရုံးမှာ မတင်ဘဲနဲ့ ကျနော့အမှုကို ချလိုက်တာ။ စုစုပေါင်း သေဒဏ်နဲ့ နှစ် ၂၀ ချလိုက်တာ။

မေး ။     ။ စွပ်စွဲမှုတွေ၊ ပြစ်ဒဏ်ချခံရတာတွေနဲ့ ပတ်သက်လို့ တဦး၊ တဖွဲ့အပေါ် ခံစားချက်တွေ ရှိနေလား။

ဖြေ ။     ။ အဲ့ဒါမျိုးတွေမရှိပါဘူး။ လူဟာ ကိုယ်ပြုတဲ့ကံ ကိုယ်ထံပြန်လာတယ်ဆိုတာက တကယ်မယုံမရှိနဲ့ဗျ။ အရင်ဘဝတုန်းက သူများအပေါ် ဒီလိုလုပ်ခဲ့တဲ့ နေရာမှာလည်း ကျနော်ပါဝင်ပတ်သက်ခဲ့တဲ့ သဘောရှိတယ်။ ကျနော်အဲ့ဒါကို အတိအကျ လက်ခံတယ်။ ဖြစ်ခဲ့တာတွေအတွက် ဘယ်သူ့အပေါ်မှာမှ တာဝန်ရှိတာမဟုတ်ဘူး။ ကျနော့်အပေါ်မှာပဲ တာဝန်ရှိတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်အပေါ်မှာမှ အာဃာတမရှိပါဘူး။ ဘာမှပြန်လုပ်ဖို့မရှိဘူး။ သို့သော် ဥပဒေအတွင်းကနေ ကျနော် ဆုံးရှုံးခဲ့တာလေးတွေကို ပြန်ရခွင့်ရှိရင်တော့ ကျနော်ရချင်တယ်။ ကျနော်က ပြန်ရှင်းရမှာလေ။

ကျနော်တို့ ပြစ်ဒဏ်ကို စာနာ၊ နားလည်းပေးခဲ့ကြတဲ့ လူတွေ၊ မီဒီယာတွေ၊ ပြည်သူတွေ၊ ကာတွန်း ရေးသူတွေကို ကျနော်က ကျေးဇူးတင်တယ်။

မေး ။    ။ အဖမ်းမခံရခင် ဗိုလ်မှူးအနေနဲ့ ဘာတွေလုပ်နေခဲ့တာလဲ။

ဖြေ ။    ။ ကျနော်က တိုင်းရင်းသားသွေး ရောနှောသူတယောက်ပါ၊ ရန်ကုန်မှာမွေးပြီးတော့ ရေကြည်မှာ ကြီးပြင်းတယ်၊ နောက်ပြီး တိုင်းရင်းသားဒေသတွေမှာလဲ နေခဲ့ဖူးတယ်၊ ကျနော် ၁၀ တန်းအောင်ပြီးတော့ ပုသိမ်ကောလိပ်မှာ တက်နေတုန်း စစ်တက္ကသိုလ်က ခေါ်တဲ့အခါကျတော့ ကျနော်လျှောက်လိုက်တယ်၊ စစ်တက္ကသိုလ်မှာ တက်တဲ့ ၄ နှစ်မှာလည်း ဒေသ အသီးသီးကို ရောက်ခဲ့တယ်။ ကျနော် တိုင်းရင်းသားဒေသတွေနဲ့ တပ်မတော် ဗဟိုရုံးချုပ်မှာပါ တာဝန်ထမ်းဆောင်ခဲ့တယ်။

ဒီအတွေ့အကြုံတွေအရ ကျနော်တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်ချင်လာတဲ့ အတွက် ပဋိပက္ခနဲ့ လူမှုစီးပွား ဝန်ဆောင်မှု လုပ်ငန်းကို ကျနော် UMFCCI မှာဝင်ပြီးတော့ တရားဝင်လုပ်ခဲ့တယ်၊ ၂၀၀၆ ခုနှစ်ကပြီး တစိုက်မတ်မတ် လုပ်ခဲ့တာမှာ လုပ်ဆောင်ချက်တွေကို ကြည့်ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ သင်တန်းလေးတွေ တက်ခွင့်ရခဲ့တယ်၊ အထူးသဖြင့် ပဋိပက္ခ ဖြေရှင်းရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေပေါ့၊

ကမ္ဘောဒီယားမှာ ပဋိပက္ခကို ဘယ်လိုပြောင်းလဲ အသုံးချမလဲဆိုတဲ့ သင်တန်းတက်နေတုန်း ပြန်လာတဲ့အချိန်မှာ အဖမ်းခံရတာ။ ကျနော်တို့ လုပ်ခဲ့ကိုင်ခဲ့တာတွေက တိုင်းရင်းသားဒေသတွေမှာဆိုတော့ ၁၉၈၉ ကတည်းက ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသား ဒေသတွေကို သွားတဲ့အခါ အဆက်အသွယ် လုပ်ရတာပေါ့။ အဲ့လိုဆက်သွယ်ဖို့ဆိုတော့ အဲ့ဒါတွေနဲ့ဆိုင်တဲ့ ဟာလေးတွေ မိခင်ဌာနသွားယူမိတာကနေ ဆက်စပ်ပြီးတော့ အခြားကိစ္စတွေမှာ အထင်လွဲသွားပြီး အခုလိုအမှုဖြစ်သွားတာပေါ့။ နောက်ဆုံး ကျနော်လုပ်ခဲ့တာက ကရင်ပြည်နယ် လှိုင်းဘွဲ့မှာပါ၊ အဲ့ဒီကလူတွေကတော့ ကျနော်ဘယ်ရောက်လို့ ဘယ်ပျောက် နေပြီလဲဆိုပြီး မျှော်နေကြမှာပေါ့ဗျာ။

မေး ။    ။ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်တွေအနား တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးအနေနဲ့ တိုင်းရင်းသားဒေသတွေကို သွားရောက်တဲ့အခါမှာ ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ ။    ။ ကျနော်ကိုယ်တိုင်က တိုင်းရင်းသားဖြစ်တော့ သူတို့ရဲ့စိတ်ထဲမှာက ပွင့်ပွင့်လင်းလင်းပြောရရင် ဖြောင့်မတ်ပြီးတော့ ရိုးသားကြတယ်၊ မှန်ကန်တယ် မမှန်ကန်ဘူးဆိုတာကိုတော့ ကျနော်မပြောဘူး။ အမှန်တရားဆိုတာကတော့ ကြည့်တဲ့သူရဲ့  ရှုထောင့်က ပိုသေချာပါတယ်၊ သူတို့က ယုံကြည့်တဲ့ဟာတခုကို တစိုက်မတ်မတ်နဲ့ ပြီးအောင်ယုံကြည်ပြီးတော့ လုပ်ချင်တယ်။ အဲ့ဒီတော့ တိုင်းရင်းသား ဒေသဘက်က ဖြစ်ဖြစ်၊ နိုင်ငံတော်ဘက်ကဖြစ်ဖြစ်၊ လက်နက်ကိုင်တွေဘက်ကပဲဖြစ်ဖြစ် အဓိကကျတဲ့ ဆုံးဖြတ်ချက်ချတဲ့ ခေါင်းဆောင်တွေက သတင်းအချက်အလက် အမှန်ရဖို့လိုတယ်၊ အဲ့လိုမှန်ကန်တဲ့ သတင်းအချက် အလက်တွေရဖို့ လုပ်ဆောင်ပေးရတဲ့ လုပ်ငန်းစဉ်ထဲမှာ ပါဝင်နေသူတွေကလည်း အခြေအနေတွေကို သေသေချာချာ နားလည် သဘောပေါက်ဖို့ လိုပါတယ်။

မေး ။    ။ ဗိုလ်မှူးအနေနဲ့ တပ်မတော်မှာ ဘယ်လောက်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သေးလဲ။

ဖြေ ။    ။ တပ်မတော်မှာ ကျနော် ၂၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်။ ရှေ့တန်းနယ်မြေစိုးမိုးရေးတွေ၊ နောက်တန်း ဌာနချုပ်တွေမှာ ကြာခဲ့တယ်၊ အကြီးအကဲတွေရဲ့ ရုံးတွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာန ရုံးချုပ်မှာလည်း တာဝန်ထမ်းခဲ့တယ်၊ ၂၀၀၁ ခုနှစ်ကျတော့ ကျနော်အငြိမ်းစားယူလိုက်တယ်၊ အဲ့နောက်ပိုင်း လူမှုစီးပွားအလုပ်တွေ စလုပ်လာတာပေါ့။

မေး ။     ။ ဘယ်လိုအကြောင်းတွေကြောင့် တပ်မတော်ကနေ အငြိမ်းစားယူဖြစ်ခဲ့တာလဲ။

ဖြေ ။     ။ အဲ့ဒါကဒီလိုရှိတယ်ဗျ၊ အဲ့အချိန်တပ်မတော်မှာ အကြီးအကဲတွေရဲ့ ရုံးမှာ တာဝန်ထမ်းဆောင်တဲ့အခါ ကျနော်တို့နဲ့ ပတ်သက်တဲ့ ပြည်တွင်း၊ ပြည်ပရေးရာတွေရဲ့  အထူးအချက်အလက်တွေတင်ပြဖို့ အထူးသီးသန့်တွေ ပါစင်နယ်တွေလိုတယ်၊ ကျနော်က နယ်ဘက်အ စိုးရတာဝန်တွေ ထမ်းဆောင်နေရတဲ့ အခါကျတော့ လူကြီးတွေဆီ ခွင့်တောင်းပြီး စီမံခန့်ခွဲမှု ဘာသာရပ်တွေ၊ ဥပဒေပိုင်းတွေ၊ အသုံးချစ ိတ်ပညာတွေအစ စုစုပေါင်း ဒီပလိုမာ ၇ ခုလောက်တက်ခဲ့တယ်။ ၂၀၀၁ ခုနှစ်ရှေ့ပိုင်းမှာ ကျနော်နဲ့အတူ အလုပ်လုပ်တဲ့ အကြီးအကဲတဦး ကွယ်လွန်သွားတဲ့ အခါကျတော့ အဲ့နောက်ပိုင် ၈ လ လောက်အကြာမှာ အငြိမ်းစားယူလိုက်တယ်၊ ဘာလို့လဲဆိုတော့ ကျနော်တက်ထားတဲ့ ပညာတွေကို ဆက်ပြီးအ သုံးချချင်သေးတယ်။ အဲ့ဒါကြောင့် ကျနော် နယ်စပ်ဝန်ကြီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တာ။

မေး ။     ။ အငြိမ်းစားမယူခင် ဗိုလ်ချုပ်ကြီး တင်ဦးရဲ့  ကိုယ်ရေးအရာရှိအဖြစ် တာဝန်ထမ်းခဲ့တယ်လို့ သိရတဲ့အတွက် အဲ့ဒီကာလမှာ မှတ်မှတ်ရရ ရှိနေတာလေးတခုခုများ ရှိမလား။

ဖြေ ။     ။ ကျနော်က ကိုယ်ရေးအရာရှိတော့ မဟုတ်ဘူး၊ ကိုယ်ရေးအရာရှိဆိုတာက ပါစင်နယ်အဆင့်၊ သို့သော် ကျနော်လုပ်ရတဲ့ အလုပ်တွေမှာ ကိုယ်ရေးအရာရှိ လုပ်ငန်းတွေလည်းပါတယ်။ ကျနော်က ဦးစီးအရာရှိ ဒုတိယတန်းပေါ့။ G 2 ပေါ့ဗျာ၊ အတိုကောက်ခေါ်တာ။ ကျနော်တို့ နိုင်ငံတော်အကြီးအကဲ အားလုံးဟာ စိတ်ရင်းကောင်းပြီးသားပါ။ သူတို့မှာ ခွဲခြားစိတ်လည်း မရှိဘူး။ သို့သော် သူတို့အပေါ်တင်ပြတဲ့သူဟာ အချက်အလက်အားလုံးကို ခိုင်လုံမှန်ကန်စွာ တင်ပြဖို့လိုတယ်၊ ကျနော်ပြောတာက ကျနော့်ရဲ့ ဘဝနဲ့ ရင်းပြီး သိလိုက်ရတာပါ။ ဗိုလ်ချုပ်ကြီးတင်ဦးကို ကျနော်က မှန်မှန်ကန်ကန် သိနေတဲ့ အချက် အလက်တွေကို တင်ပြတဲ့ အခါမှာ သူကလည်း ချက်ချင်း အရေးယူဆောင်ရွက်တယ်။

တင်ပြရမယ့် လုပ်ငန်းတွေမှာ ကျနော့်ကို တာဝန်ပေးထားတဲ့ လုပ်ငန်းတွေရှိတယ်၊ တာဝန်မပေးထားတဲ့ လုပ်ငန်းတွေရှိတယ်။ ပေးထားသည်ဖြစ်စေ၊ မပေးထားသည်ဖြစ်စေ၊ သူ့ကို နေ့တဒူဝ ထူးခြားတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတွေကို တင်ပြတယ်၊ အဲ့တုန်းက ဗမာပြည်မှာ ဘာဖြစ်နေလဲဆိုတာ သူကလုံးဝ သိနေတယ်၊ ဒါတွေကို အမှန်တိုင်းပြောရရင် ဝါသနာပါလို့တော့ မဟုတ်ဘူး၊ သူကတာဝန်ပေးတာကို လေ့လာရင်းနဲ့  သတင်းအချက်အလက်တွေက ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သဘောပေါက်လာတာ။ မှတ်သားစရာနဲ့ သတိရစရာဆိုရင် အဲ့ထဲက ဗမာပြည်တပြည်လုံးမှာရှိတဲ့ ကုန်ဈေးနှုန်းတွေကို စာရင်းကောက်ထားတာ၊ ကုန်ဈေးနှုန်း အတက်အကျတွေကို သိပြီးရင် ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို သူတို့က ဆုံးဖြတ်ချက်ချရမှာ။ ဒါကို အသိပေးဖို့တာဝန်ကတော့ ကျနော်တို့တာဝန်။ အဲ့တုန်းက အခွန်လွတ်ဈေးတွေ၊ ကုန်ဈေးနှုန်းကျဆင်းရေး ကော်မတီပေါ်လာတာ ခင်ဗျားတို့လည်း ကြားမှာပါ။

မေး ။     ။ ထောင်ထဲမှာရော ဘယ်လိုတွေ ကြုံတွေ့ခဲ့ရသေးလဲ။

ဖြေ ။     ။ ကျနော်က အပြင်မှာ ဘာကောင်ကြီးပဲ ဖြစ်နေနေ ထောင်ထဲရောက်ရင်တော့ အကျဉ်းသားတယောက်ရဲ့  တာဝန်တွေ၊ စည်းကမ်းတွေ ရှိတယ်။ အကျဉ်းထောင် ဥပဒေတွေရှိတယ်။ ဥပဒေ ညွန်ကြားချက်၊ အမိန့်ဆိုတာတွေလည်း ရှိသေးတယ်၊ ကျနော် လေ့လာမိသလောက် သိရတာတော့ ကျနော်တို့ လျော့ရက်တွေ ပြည့်ပြည့်ဝဝရဖို့ လိုအပ်ချက်ရှိတယ်၊ အခုတော့ အစိုးရက အကျဉ်းသားတွေ စားရေးသောက်ရေးအတွက် မြှင့်ပေးထားလို့ အရင်တုန်းက တပတ်ကို အသားနှစ်ခါပဲစားရတယ်၊ အခု ၄ ခါစားရတယ်၊ ဆေးကုသမှုပိုင်းလဲ လိုအပ်ချက်တွေရှိနေသေးတယ်၊ ဘာလို့ဆို အကျဉ်းသားတွေ နေတာက သက်သက်၊ ဆေးအဖွဲ့တွေနေတဲ့ အဆောင်က သက်သက်ဖြစ်နေတယ်၊ အခုခုဖြစ်ပြီးဆိုရင် အရေးပေါ်အော်မှ သူတို့က လာတာ၊ အဲ့လိုလာဖို့အတွက် ကြားမှာ အဆင့်ဆင့်တင်ပြနေတာက ကြာနေတယ်၊ အဲ့လိုကြားအချိန် ကျယ်လာရင် အရေးပေါ်ဖြစ်နေတဲ့ အကျဉ်းသားအတွက် စိုးရိမ်ရတယ်။

ကျနော်က ပြစ်ဒဏ် ၄ ခုနဲ့ကျတယ်၊ ကျနော်နေခဲ့ရတဲ့ သက်တမ်းအတွင်းမှာ အကျဉ်းသားအားလုံးနဲ့ဆိုင်တဲ့ ပြစ်ဒဏ်သက်သာခွင့် ၃ ကြိမ်ပေးတယ်၊ ၂၀၁၄ တကြိမ်ပဲရတယ်၊ ၂၀၁၁ နဲ့ ၂၀၁၂ မှာ မရခဲ့ဘူး၊ သူတို့ရဲ့အကြောင်းပြချက်က ကျနော်သည် အရေးပေါ်-၃ ပြစ်ဒဏ်ကို ခံစားနေရတဲ့အတွက် သမ္မတရုံးရဲ့ ဖော်ပြချက်ထဲမှာ ပါတဲ့စကားရပ်နဲ့ အကျုံးမဝင်ဘူးဆိုပြီး လုပ်လိုက်တာ။

အဲ့ဒါသည် မှားတယ် မှန်တယ်ဆိုတာ ပြန်စစ်မယ့် အဖွဲ့မရှိခဲ့ဘူး။ ဒါကတော့ အခုလက်ထက်မဟုတ်ပါဘူး၊ အရင်အစိုးရ လက်ထက်မှာ ဖြစ်ခဲ့တာပါ။ ၂၀၁၀ တုန်းက ကျနော်နဲ့အတူ နှစ် ၂၀ ကျခဲ့တဲ့သူတွေ ပြန်လွတ်သွားတာကြာပြီ၊ ကျနော် တယောက်ပဲ ကျန်ခဲ့တာ။ ကျနော် ထောင်ဥပဒေအရ တန်းတူညီမျှရမယ့် အခွင့်အရေးတွေမရခဲ့တဲ့အတွက် လူ့အခွင့်အရေး ဆုံးရှုံးတယ်။ အဲ့ဒါတွေကို လူ့အခွင့်အရေး ကော်မရှင်က လာစစ်တဲ့အခါမှာ ကျနော်တင်ပြလိုက်တယ်။ သူတို့ကလည်း အရေးယူဆောင်ရွက်တယ်၊ အခုကျနော် လွတ်လာတယ်ဆိုတာ အဲ့ဒါလေး ပြန်ပြီးအသက်ဝင်လာတာလဲပါတယ်။

အကျဉ်းသားတယောက်ရဲ့  အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရရှိဖို့က ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ ထိထိရောက်ရောက် လုပ်ဖို့လိုတယ်။ ဆက်စပ်ပြီး ပြောရရင် ကျနော်နဲ့ အဖြစ်ချင်းတူတဲ့သူတွေလည်း ထောင်ထဲမှာရှိတယ်။ အခုမူးယစ်ဆေးမှုနဲ့ လွတ်လာတဲ့သူတွေ အများကြီးပါတယ်။ အဲ့အထဲမှာ ဆေးခြောက်နည်းနည်းလေးမိလို့ ထောင်တသက်ကျခံနေရတဲ့ အဖွားကြီး တယောက် ပါတယ်။ သူတို့လိုလူတွေ ကျန်သေးတယ်အထဲမှာ၊ အဲ့လို ပြစ်မှုနဲ့ပြစ်ဒဏ် မျှတမှုမရှိဘဲ ကျနေတာတွေ ရှိသေးတယ်။ တာဝန်ရှိသူတွေက ပြန်ပြီးသုံးသပ်ကြစေချင်တယ်။ အခြေခံတဦးချင်းစီရဲ့ အခွင့်အရေးကို တန်ဖိုးထားမှ အစုအဖွဲ့နဲ့ တန်ဖိုးထားမှုတွေ မြှင့်တက်လာမှာ။ စံနှုန်းတွေလည်း မြှင့်လာမယ်လို့ ယူဆတယ်။

မေး ။    ။ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်သေးတာ တွေ့ခဲ့လားဗျ။

ဖြေ ။     ။ မကျန်တော့ပါဘူး။ ကျနော်တို့နေခဲ့တဲ့ ထောင်မှာတော့ မရှိတော့ပါဘူး။

မေး ။     ။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့တွေကတော့ ထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတယ်၊ အမှုရင်ဆိုင်နေရတဲ့သူတွေ ရှိနေသေးတယ် ဆိုကြတယ်၊ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ ။    ။ နိုင်ငံရေးအကျဉ်းသားဆိုတာကို တဖက်နဲ့တဖက် သဘောထားကွဲလွဲနေကြတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် လေးတွေ ရှိတယ်။ အဓိကအနေနဲ့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ မပြောတော့ဘဲနဲ့ ယုံကြည်ချက်ကြောင့်လို့ပြောမယ်၊ ယုံကြည်ချက်ကြောင့်လို့ ဆိုရင် ဒုစရိုက်မှု မဟုတ်ဘူး၊ ဒါနဲ့ ဆက်စပ်လို့ အခုအပြင်ကလူတွေမှာ အမြင်တခုရှိတယ်။ ကျနော်တို့ အကျဉ်းသားတွေ အားလုံးက လူဆိုး၊ သူခိုးတွေကြီးပဲ မဟုတ်ဘူး၊ အခြေအနေကြောင့် မတော်မတရား ကျခံခဲ့ရသူတွေရှိတယ်။ အဓိက ကတော့ နိုင်ငံရေးစနစ်၊ စီးပွားရေးစနစ်တွေကြောင့် ကျနော်တို့က သားကောင်းတွေဖြစ်ခဲ့ရတာ။

လူတယောက်ဟာ သူ့အတွက်၊ မိသားစုအတွက် လုပ်ရင်းက ကျခဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါတွေကို အထင်မမှားစေချင်ဘူး။ ဆိုး၊ ခိုးတွေလည်း ရှိတယ်။ မလွတ်သင့်တဲ့သူကိုမလွတ်နဲ့၊ လွတ်သင့်တဲ့သူတွေကိုတော့ လွတ်ပေါ့။ အခု ယုံကြည်ချက်ကြောင့် အမှုရင်ဆိုင်နေရသူတွေ ကိုလည်း ဥပဒေအရ ဖြေလျော့ပေးလို့ရတာတွေကို ဖြေလျော့ဖို့လုပ်ပေးရမယ်။ လွတ်သင့်တဲ့သူတွေကို အကုန်လုံး လွတ်စေချင်တယ်။ နိုင်ငံရေးအကျဉ်းသား၊ ယုံကြည်ချက် အကျဉ်းသားတွေကိုဆို ပိုလွတ်စေချင်တယ်။

မေး ။    ။ ပြစ်ဒဏ်ချခံလိုက်ရတာက ဗိုလ်မှူးရဲ့ ဘဝကို ဘယ်လောက်အထိ အပြောင်းအလဲတွေ ဖြစ်စေခဲ့သလဲ။

ဖြေ ။    ။ အမှုဖြစ်တဲ့အခါမှာ ကျနော်လူမှုရေးအရ အများကြီး ထိခိုက်သွားတယ်၊ ကျနော် မိတ်ဆွေတွေလဲ ထိခိုက်သွားတယ်၊ ကျနော် ကြက်ခြေနီအသင်း၊ YMBA ၊ UMFCCI မှာလည်းပါဝင်ခဲ့တယ်၊ အဲ့ဒီနေရာမှာ ဆက်စပ်တဲ့မိတ်ဆွေအားလုံးက ကျနော်သည် သူတို့အတွက် မသိတဲ့လူတယောက်ဖြစ်သွားတယ်။ ဒါက အပြင်ဘက်ထိခိုက်တာပေါ့၊ အတွင်းမှာက ကျနော့်အဖေ၊ အသက် ၈၆ နှစ်ရှိပြီ၊ အငြိမ်းစားဘဝနဲ့ နေနေတာ ကျနော့်စိတ်နဲ့ပဲ ကွယ်လွန်သွားတယ်။ အဲ့ဒါက အစားထိုးမရတဲ့ ဆုံးရှုံးမှုပဲ။ နောက်ပြီး ကျနော့်ဆီက သိမ်းသွားတဲ့ ဒေါ်လာ ၈ ထောင်ကျော်၊ ကျနော့်ကိုယ်ပိုင် ငွေစာရင်းကရော လုပ်ငန်း ပိုက်ဆံတွေလည်း ပါတယ်။ အခုဒါကို ကျနော်ရှင်းပေးရမယ့် တာဝန်ရှိတယ်။ ဒါတွေကို ကျနော်ပြန်တောင်းဆိုခွင့်ရှိမလား၊ ခွင့်ပြုချက် ကြေညာခွင့် မရခင် ဖမ်းပြီးသိမ်းသွားတာ ဘယ်သူ့မှာ တာဝန်ရှိတာလဲ။ ပြန်ရသည်ဖြစ်စေ မရသည်ဖြစ်စေ ကျနော်ရှင်းရန် တာဝန်ရှိနေတယ်။ နောက်ပြီး တိုင်းရင်းသား ဒေသတွေမှာ ကျနော်သွားပြီး တည်ဆောက်ခဲ့တဲ့ယုံကြည်မှုတွေ၊ လုပ်ဖို့စီစဉ်ထားတဲ့ ကတိတွေ အကုန်ပျက်ကွက်ခဲ့ရတယ်။ ယုံကြည်မှုတွေ ပျက်သွားတယ်၊ ငြိမ်းချမ်းဖို့ဆိုရင် ယုံကြည်မှုလိုတယ်၊ အဲ့ဒါကြိုးစားနေတဲ့အချိန်မှာ ပျက်သွားတာပေါ့။

မေး ။     ။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တပ်မတော်ဘက်က ပြုပြင်ပြောင်းလဲမှု လုပ်နေပါတယ်ဆိုတာကို ဘယ်လိုမြင်သလဲ။

ဖြေ ။     ။ လက်ရှိအခြေအနေကတော့ မပြောတတ်ဘူး၊ ကျနော်က အငြိမ်းစား၊ ကျနော်တာဝန်ထမ်းဆောင်ခဲ့ တုုန်းက တနေ့မှာ အိပ်ချိန်က ၂ နာရီ ၃ နာရီလောက်ပဲရှိမယ်၊ ဘာလို့လဲဆိုတော့ အကြီးအကဲတွေအားလုံးကလည်း အဲ့အချိန်မှာ တက်တက် ကြွကြွပဲ လုပ်ခဲ့ကြတယ်။ ကျနော်တို့ကတော့ ရိုးရိုးသားသားနဲ့ပဲ ဆောင်ရွက်ခဲ့ကြတာပါ။ ကုန်ဈေးနှုန်းကျဆင်းရေး၊ တရားဥပဒေ စိုးမိုးရေး စတာတွေပေါ့။ တချို့လုပ်ငန်းတွေမှာတော့ ပြည်သူလူထုကလည်း ပါဖို့လိုတယ်။ ပြည်သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုက လိုအပ်ချက်တွေရှိနေရင် တချို့နေရာတွေမှာ ဘယ်လိုပဲ လုပ်လုပ် တဖက်နဲ့တဖက် အထင်အမြင် လွဲစရာလေးတွေ ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်တယ်။

မေး ။     ။ တပ်မတော်နဲ့ အစိုးရကြား ရင်ကြားစေ့ရေးကိုရော ဘယ်လိုထင်သလဲခင်ဗျ။

ဖြေ ။    ။ ကျနော် ထောင်ထဲမှာရှိနေတုုန်းက စာစောင်ဖတ်ခွင့်၊ တီဗီကြည့်ခွင့်ရှိတယ်၊ နောက်ကွယ်က အကြောင်းအရာတွေ ဘာမှမသိရပေမယ့် အားလုံးက ပြုံးပြုံးရွှင်ရွှင် ၊ ကြည်ကြည်လင်လင်၊ တပ်မတော်နဲ့ အစိုးရကြားမှာလဲ ခင်မင်ယုံကြည်စွာနဲ့ လက်တွဲပြီး ဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်တယ်။ ယုံကြည်တယ်၊ နိုင်ငံနဲ့လူမျိုးကောင်းဖို့အတွက် ကျနော်တို့က အသက်ကို စွန့်လွှတ်ထားတာ။ ဒါပေမယ့် ဒီအထဲမှာ မတထောင်သားတွေ ပါလာတယ်၊ အဲ့မှာ တယောက် နှစ်ယောက်က အပြစ်ရှိရင် အပြစ်ရှိသလို အရေးယူရမယ်။ ကျနော် အပြစ်ရှိတယ်လို့ ယူဆလို့ ကျနော့်ကို အပြစ်ပေးခဲ့တာပဲ။ အပြစ်ရှိတယ်လို့ ယူဆရင်တော့ ခိုင်လုံတဲ့အ ကြောင်းပြချက် အချက်အလက်နဲ့ပဲ ဆုံးဖြတ်ချက်ချစေချင်တယ်။ ခြုံပြောရရင်တော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့  စုစည်းအင်အားနဲ့လုပ်ရမယ်ဆိုတာကို အားလုံးက သဘောပေါက်ပြီးတော့ ယုံယုံကြည်ကြည်နဲ့ လက်တွဲ ဆောင်ရွက်ကြမယ်လို့တော့ ထင်တယ်။

မေး ။      ။ NLD အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာရော ဘာများပြောချင်သေးလဲ။

ဖြေ ။      ။ ကျနော်ကတော့ ဘယ်အဖွဲ့အစည်းမှာမှ မပါဘူး၊ တပ်မတော် အငြိမ်းစား တယောက်ဖြစ်တဲ့ အတွက်တော့ တပ်မတော် အငြိမ်းစားပဲ။ သို့သော် ပြည်သူလူထု တယောက်ဖြစ်တဲ့အတွက် ကျနော့်စိတ်ထဲမှာ အထူးကိစ္စရပ်တွေမှာ ဆက်စပ်တဲ့ ကိစ္စရပ်တွေကိုပါ ကြည့်ရမယ်။ ပဋိပက္ခဖြေရှင်းရာမှာ ပဓာနလိုအပ်ချက်က သဘောထား၊ အပြုအမှု၊ ဆက်စပ် ပတ်သက်မှု အဲ့သုံးချက်အပေါ် သွားမူတည်တယ်၊ နောက်တခုက ပါဝင်တဲ့သူတွေ အများကြီးရှိမယ်။ အဲ့လိုပါဝင်တဲ့သူတွေထဲမှာ အဆင့်တွေကျနော်တို့ခွဲရမယ်။ ထိပ်ကလူ၊ အလယ်အလတ်ကလူ၊ အောက်ဆုံးကလူ။ သူ့နေရာနဲ့သူ၊ သူတာဝန်နဲ့သူ၊ အလုပ်တခုက တပြေတည်းသွားတာမဟုတ်ဘူး၊ ဘယ်လိုအဖွဲ့ အစည်းပဲဖြစ်ဖြစ် ဒါအပေါ် အခြေခံပြီးသွားတဲ့နေရာမှာ ဆုံးဖြတ်ချက် ချမယ့်သူတွေက မှန်ကန်သတင်း အချက်အလက် ရဖို့အရေးကြီးတယ်။

နိုင်ငံတော် သမ္မတကြီးနဲ့ နိုင်ငံတော် အတိုင်ပင်ခံတို့ ဦးဆောင်တဲ့ လက်ရှိအစိုးရမှာ မူဝါဒတွေနဲ့ ဦးစားပေးပန်းတိုင်တွေနဲ့ ကဏ္ဍတွေရှိတယ်။ ကျနော့်အနေနဲ့ကတော့ ချထားတဲ့ လမ်းစဉ်တွေ၊ ပန်းတိုင်တွေအားလုံးဟာ တခုပြီးတခု လုပ်တာထက် တတ်နိုင်သမျှ ပြိုင်တူလုပ်ရမှာတွေ ရှိကောင်းရှိနိုင်မလားဆိုတာ စဉ်းစားစေချင်တယ်။ အချက်တွေအားလုံးကတော့ အရေးကြီးတယ်။ အဲ့ထဲကမှ ဘယ်ဟာကိုအရင်လုပ်မယ်၊ ဘယ်အချက်တွေကို တွဲလုပ်ရမယ်ဆိုတာကို သေချာစဉ်း စားစေချင်ပါတယ်။

မေး ။     ။ ရှေ့ဆက်ပြီး ဘာတွေလုပ်ဖို့ စဉ်းစားထားသေးလဲ။

ဖြေ ။    ။ လောလောဆယ်တော့ ကျနော်က ပဋိပက္ခဖြေရှင်းရေးနဲ့ ပတ်သက်တဲ့ မဟာဘွဲ့သင်တန်းတက်နေတာ က တက္ကသိုလ်ကို ပြန်ပြီးဆက်သွယ်ရဦးမယ်၊ သင်တန်းက ကျန်သေးလားပေါ့။ ပထမတနှစ်ပဲ တက်ရသေးတော့ တနှစ် ကျန်သေးတယ်။ အဲ့သင်တန်း တက်ခွင့် ရဦးမယ်ဆိုရင်တော့ ဆက်တက်ဦးမယ်။ မရဘူးဆိုရင်တော့ ကိုယ့်မိသားစုကိစ္စလေးတွေ၊ နိုင်ငံအတွက် ကိုယ်ကျရာနေရာလေးတွေကနေ လုပ်ဖြစ်မှာပါ။ နိုင်ငံရေးနဲ့ပတ်သက်တာကတော့ အခြေအနေအရပ်ရပ်ကို သေချာလေ့လာရဦးမှာ။ ကျနော်က ကျနော်ကျွမ်းကျင်တာကိုပဲ လုပ်မှပိုအဆင်ပြေမှာလေ။ နောက်တခုက အထဲမှာ လုပ်ဖြစ်ခဲ့တဲ့ တရားအလုပ်တွေ ဆက်လုပ်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်က မိရိုးဖလာ ဗုဒ္ဓဘာသာပဲဖြစ်ခဲ့တာ။ ထောင်ထဲ ရောက်တော့မှ ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်သွားတာ။ ကျနော်အဓိက ဆက်လုပ်မှာတွေမှာ ဗုဒ္ဓ၊ ဓမ္မအလုပ်တွေပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading