မြန်မာနိုင်ငံသည် လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ နေထိုင်သည့် နိုင်ငံ တနိုင်ငံ ဖြစ်သည်။ ထို့အတူ လူမျိုးမတူ၊ ဘာ သာ မတူသူများကြား၌ ဖြစ်ပွားခဲ့သော ပဋိပက္ခများစွာလည်း ရှိခဲ့သည်။
မတူ ကွဲပြားသူများကြား အမုန်းတရား ပွားများမှုရှိနေကာ ပဋိပက္ခများ ဖြစ်ပွားခဲ့ကြခြင်းကြောင့် ထိခိုက် နစ်နာ ဆုံးရှုံးမှုများလည်း ရှိနေသည်။ နောက်ဆက်တွဲ အကျိုးဆက်များအဖြစ် မတူ ကွဲပြားသူများကြား ယုံကြည်မှု ပျက်ပြား ခြင်း၊ အတူယှဉ်တွဲ နေထိုင်ရန် ခက်ခဲခြင်း စသည်တို့ကို ယနေ့ထက်ထိ ခံစား နေကြရသည်။
ထို့သို့ မတူ ကွဲပြားသူများကြား သဟဇာတ ဖြစ်စေရန် မည်သို့ အတူယှဉ်တွဲ နေထိုင်မည်နည်း ဆိုသည်နှင့် ပတ်သက် ၍ သဘောထား အမြင်များကို နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များအား ဧရာဝတီ သတင်းထောက် လဲ့လဲ့က မေးမြန်း ထား ပါသည်။
စာရေးဆရာ ညီပုလေး
ကျနော် ငယ်ငယ်တုန်းက အကိုတွေနေတဲ့ သာသနာပြုကျောင်းမှာ နေခဲ့ရတယ်။ အဲဒီကျောင်းက ယောကျာ်လေး ကျောင်း။ ဒါပေမယ့် လူမျိုး ပေါင်းစုံ၊ ဘာသာ ပေါင်းစုံ ရှိတယ်။ ရှမ်းပြည်နယ်က လာတဲ့ တိုင်းရင်းသားတွေလည်း ရှိ တယ်။ ကချင် ပြည်နယ်က လာတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ အဲဒါအပြင် ကျနော်တို့နဲ့ လိင်စိတ် မတူတဲ့ သူငယ်ချင်းတွေ လည်း ရှိတယ်။ တယောက်နဲ့ တယောက် ဘယ်လောက်ပဲ စနောက် ကြပါစေ အခင်အမင် မပျက် အခုထိ ဆက်ဆံ ရေး ကောင်းတုန်းပဲ။
တူညီတာက သူတို့လည်း သူတို့ဘာသာ သူတို့ လွတ်လွတ်လပ်လပ် ကိုးကွယ်ပေမယ့် စကားပြောတဲ့ အခါ ဗမာလို ပြော တယ်။ ကျနော်တို့ တိုင်းရင်းသားတွေ၊ ဘာသာခြားတွေနဲ့လည်း ချစ်ချစ်ခင်ခင် နေခဲ့ကြတယ်။
ကျောင်းမှာ နေခဲ့တဲ့ သူငယ်ချင်းတွေက မြန်မာပြည် အနှံ့အပြား ရောက်သွားတဲ့ အခါ ဘယ်လောက်ပဲ ဝေးဝေး သူတို့ရဲ့ ဘာသာရေး ပွဲတွေ လုပ်တဲ့အခါ ပြန်လာတတ်ကြတယ်။ တယောက်နဲ့ တယောက် အနစ်နာခံကြစို့ ဆိုလည်း အတူတူ အနစ်နာခံတယ်။ ၈၈ အရေးအခင်းမှာလည်း ကျနော်တို့ အတူတူ ပါခဲ့ကြတယ်။
ရွှေဝါရောင် တော်လှန်ရေးမှာလည်း အစ္စလမ်ကို ကိုယ်စားပြုတဲ့ သူငယ်ချင်းတွေ၊ ဟိန္ဒူကို ကိုယ်စားပြုတဲ့ သူငယ်ချင်း တွေ၊ ခရစ်ယာန်တွေနဲ့ တချို့တိုင်းရင်းသား တွေစတဲ့ သူငယ်ချင်းတွေနဲ့ ကျနော်တို့ လက်တွဲ မဖြုတ်ခဲ့ဘူး။ နာဂစ် လှူကြ စို့ ဆိုရင် (မွတ်စလင်) အစ္စလာမ်တွေက ပိုပြီး ရှေ့ရောက်ပါသေးတယ်။ သူတို့ အလှူငွေထဲမှာ ကျနော်တို့ ဝိုင်း ပါခဲ့ကြတယ်။ အဲဒီလိုပဲ လက်သန်းကို မင်စွန်းခဲ့ကြတာလည်း အတူတူပါပဲ။
အဲဒီလိုပဲ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ ဘဝမှာ လက်တွဲခဲ့ရတာတွေ တိုင်းပြည် မုန်တိုင်းဒဏ် ခံရတဲ့အခါ လက် တွဲခဲ့ကြတာ ဗမာတွေချည်း မဟုတ်ခဲ့ဘူး။ ကျနော်တို့ ဘာသာပေါင်းစုံနဲ့ လက်တွဲလို့ ရခဲ့တယ်။
နောက် ကျနော်တု့ိက နှစ် ၇၀ ကျော် ဆွေမျိုးချင်း ညီအစ်ကိုချင်း သတ်ဖြတ်တဲ့ ပြည်တွင်းစစ်ကလည်း ကြုံရသေး တယ်။ အာဏာရှင် စနစ် အောက်မှာလည်း နားပိတ် မျက်စိပိတ် လွတ်လွတ်လပ်လပ် ရေးခွင့်မရ လူ့အခွင့်အရေးတွေ ဆုံးရှုံး၊ ကိုယ့်ကိုယ်ကိုယ် ဘာမှန်းမသိတဲ့ ဘဝမှာ နှစ်ပေါင်း ၅၀ ကျော် ဖြတ်သန်း ရသေးတာ။
ပြီးတော့ တရုတ်က မဟာပိုးလမ်းမ အသစ်ကို ဖောက်ဖို့ ကြိုးစားနေသေးတာ။ အဲဒီတော့ ကျနော်တို့ လူမျိုးတွေ ကျော ကော့နေအောင် မခံရအောင် ဘာလုပ်ကြမတုန်း။ အဲဒါ ဝိုင်းစဉ်းစားကြစေချင်တာ၊ ဆွေးနွေးကြစေချင်တာ။
တချို့ကလည်း ကိုယ့်ဘာသာမှ အစွန်းထွက်တဲ့ ပုဂ္ဂိုလ်တွေ ရှိတယ်။ အမုန်းစကားတွေ ဖြန့်တာ ရှိတယ်။ ဒါက အမုန်း စကားပဲလို့ နားလည်ထားရင် ပြဿနာ မရှိဘူး။ ဒါဟာ သက်သက်မဲ့ ခြေထိုးတာ၊ ဒါ လက်မည်းကြီး၊ ဒါက အစိမ်းကြီး လို့ ခွဲခြားပြီး မြင်နိုင်စွမ်းရှိရင် ပြဿနာ မရှိဘူး။ အဲဒီလို ခွဲခြားပြီး မြင်နိုင်စွမ်း ရှိအောင်လို့လည်း စာနယ်ဇင်း သမားတွေ က ရေးပြီး တင်ပြလို့ရမယ့် အချိန်မှာ ရေးပြီး တင်ပြပြီး အလင်းဖွင့်ပေးရမယ်။ မီးမောင်း ထိုးပြရမယ်။ နည်းမျိုးစုံကနေ မဖြစ်သင့်တာ မဖြစ်ရအောင် ပြောရမယ့် ဝတ္တရား ရှိတယ်။ ရေးသင့် သားသင့် ပြောပြသင့်တယ်။
ပြောမယ်ဆိုရင် မအ ကြနဲ့ စာဖတ်ကြမယ်။ နှလုံးသား တံခါး ဖွင့်ထားကြမယ်။ ကျနော်တို့ မန္တလေးမြို့က လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေခဲ့ကြတယ်။
အဆိုတော် မွန်းအောင်
လူတိုင်း အသက်ရှုတယ်။ လူတိုင်းက အတူတူပါပဲ။ နောက်ပြီးတော့ ပုံသဏ္ဌာန်ပေါ့။ ပိန်ခြင်း၊ ဝခြင်း၊ ဖြူခြင်း၊ မည်းခြင်း က လည်း အရေးမကြီးဘူး။ လူတိုင်းမှာ နှလုံးသား ရှိတယ်။ နောက်ပြီး ဘယ်သူ တော်တယ်။ ဘယ်သူက ညံ့တယ်။ ဘယ်သူ က ဘယ်သူ့ကိုမှ ဆုံးဖြတ်စရာ မလိုပါဘူး။ လူတိုင်းမှာ ဉာဏ်ရည် ရှိတယ်။ ဒါကမွေးကတည်းက ပါလာတာ။
နောက်ပြီးတော့ ဘာသာတွေ ကွဲပေမယ့်လည်း ဒါကလည်း သူယုံကြည်ရာ ကိုယ်ယုံကြည်ရာ လွတ်လပ်စွာ ကိုးကွယ် ပိုင်ခွင့် ရှိတယ် ဆိုတာ ကျနော်တို့ လူတိုင်းရဲ့ အခြေခံ လူ့အခွင့်အရေးပဲ။ အဲဒါတွေကို ကျနော်တို့ အချင်းချင်း အပြန် အလှန် လေး စားကြပြီးတော့ ကျနော်တို့ တူညီသော မေတ္တာ ဆိုတာ ကျနော် ယုံကြည်တာက တယောက်နဲ့ တယောက် မေတ္တာထားကြ မယ် ဆိုရင် နားလည်မှု ပေးနိုင်မယ်။
တယောက်နဲ့ တယောက် စိတ်ရှည် သည်းခံနိုင်မယ် ဆိုတာ လူ့အဖွဲ့အစည်းမှာ တည်ဆောက်နိုင်မယ် ဆိုရင် အသား အရောင်၊ ဘာသာ လူမျိုး စဉ်းစားစရာ မလိုဘူး ဆိုရင် လူ့ အဖွဲ့အစည်းက နေချင်စရာ အဖွဲ့အစည်းလေးပေါ့။ လူ့ သက် တမ်းက တိုတိုလေးပါ။
လူတိုင်း ဘဝ တခုစီမှာ ရှိတဲ့ သူတွေ ဘယ်လို နေကြမလဲပေါ့။ ရန်ဖြစ်ပြီး နေကြမလား။ ငြိမ်းငြိမ်း ချမ်းချမ်းနေကြ မလား။ သင့်မြတ်အောင် နေကြမလား။ အဖြေရှာပြီး နေမလား။ နောက်ပြီး တို့တတွေ ဒီမျိူးဆက် အသစ်ပေါ့။ ဒီမျိုးဆက်ပြီး နောက်မျိုးဆက်တွေရော ဒီလိုပဲ နေကြမလား။
တို့တတွေ စစ်ဖြစ်ပြီး ရန်ဖြစ်ပြီး ချန်ထားခဲ့တဲ့ အမွေကို လူငယ်တွေက ဆက်ခံရမှာလား။ ရန်ဖြစ်တာက မပြီးသွားဘူး။ တဆက်စပ်တည်း ပြည်တွင်း စစ်ဆိုရင် မျိုးဆက်တွေ အများကြီး ရှိနေပြီ။ ဒါတွေကို ရပ်ပစ် စေချင်ပြီ။
ပထမဆုံး တဦးချင်း တည်ဆောက်တာက ဘယ်သူနဲ့မှ ညှိနှိုင်းစရာ မလိုဘူး။ ဘယ်သူမှ ဖြောင့်ချက် ပေးစရာ မလိုဘူး။ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ငြိမ်းချမ်းမှု ရှိအောင် တည်ငြိမ်မှု ရှိအောင် ကြိုးစားတယ်။ ပြီးရင် သူငယ်ချင်းနဲ့ မိသားစုနဲ့ နောက် ပတ်ဝန်းကျင်နဲ့ ငြိမ်းချမ်းအောင် နေမယ်။ ကမ္ဘာကြီးမှာ မတူတဲ့ ဘာသာတွေ လူမျိုးတွေ စုပေါင်းပြီး နေထိုင်တဲ့ တိုင်းပြည် တွေ ရှိကြပါတယ်။
သူ့စည်း ကိုယ့်စည်းလေးနဲ့ အပြန်အလှန် လေးစား နေထိုင်ရင် လူ့ဘဝက နေပျော်တဲ့ ဘဝပေါ့။ တချိန်လုံး ရန်ဖြစ်နေ မယ်။ စစ်ဖြစ်နေမယ် ဆိုရင် ဒီဘဝကြီးက မနေပျော်ဘူးပေါ့။ လူ့ အဖွဲ့အစည်းက တယောက်တည်း တည်ဆောက်လို့ မရဘူး။ တည်ဆောက်ရတာ ဖြစ်တဲ့ အတွက် လူတိုင်းမှာ အသိလေးတွေ ရှိတယ် ဆိုရင် ငြိမ်းချမ်းတဲ့ အဖွဲ့အစည်းလေး ဖြစ်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။
ဦးအောင်မြင့်
ပလောင် (တအန်း) အမျိုးသား ပါတီ နာယက
ပဋိပက္ခတွေ ဖြစ်တာနဲ့ ပတ်သက်ပြီး ကျနော်ကတော့ ဘယ် လက်နက်ကိုင်မှ မကြိုက်ဘူး။ နောက် လက်နက်ကိုင်ပြီ ဆိုက တည်းက သူတို့မှာ လုပ်ပိုင်ခွင့်တွေ သေနတ် ပြောင်းဝမှာ ရှိတယ် ဆိုတဲ့ အတွေးက ခေါင်းထဲ ရောက်သွားတယ်။ လက်နက် ကိုင် ရှိတယ် ဆိုတဲ့ အတွေးက မကောင်းဘူး။ ဒါပေမယ့် တိုင်းရင်းသား
လူမျိုးစုတွေရဲ့ အနေအထား အရ တန်းတူ အခွင့် အရေး တောင်းနေရ သရွေ့တော့ လက်နက်ကိုင် မရှိလို့လည်း မဖြစ်ပြန်ဘူး။
လက်နက်ကိုင် အဖွဲ့အစည်း ဆိုတာကလည်း ပြည်သူတွေထဲက ပေါက်ဖွားလာတဲ့ လူတွေပဲလေ။ သူတို့ ကိုယ်တိုင်က လည်း သူတို့ ဘာကြောင့် လက်နက်ကိုင် ရတယ် ဆိုတဲ့ ဦးတည်ချက် မလွဲဖို့ လိုတယ်။ ကိုယ့်လူမျိုးကို ကာကွယ်ဖို့ ဦးတည် ချက် ရှိရင်လည်း တခြားလူမျိုးတွေကို မနှိပ်စက်ဖို့ အဲ့ဒါတွေ စောင့်ထိန်းရမယ်။
အမှန်တော့ ကျနော် သိရသလောက်တော့ လွှတ်တော်ကိုယ်စားလှယ်နဲ့ အများကြီးဆိုင်တယ်။ သူက မြို့တိုင်း ရွာတိုင်း ကို စကားဝိုင်း လုပ်ပေးရမှာ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ လမ်းစဉ်လေးတွေ ချပြရမယ်။ နောက် ပဋိပက္ခ မဖြစ်အောင် ဟောပြော ရမယ်။
ပြည်သူတွေ ကိုယ်တိုင်ကလည်း အခက်အခဲ တခုကို အခက်အခဲလို့ မမြင်ဘဲနဲ့ စားပွဲဝိုင်းမှာ ပူးပေါင်း အဖြေရှာတဲ့ ပုံစံ မျိုး လေးတွေလည်း လိုတယ်။ အခု သိရသလောက်ကတော့ တဖက်သတ် ဖြစ်တယ်။ ပုဂ္ဂိုလ်စွဲ လူမျိုးစွဲတွေ များနေလို့ သာ ဒီပဋိပက္ခက ရေရှည်ဖြစ်နေတာ ဒါ ကျနော့် အမြင်ပါ။
ကျနော်တို့ ဆိုရင် ပုဂ္ဂိုလ်စွဲ မရှိတော့ ရှမ်းဆိုရင်လည်း ဆွေးနွေးလို့ ရတယ်။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ကျနော်တို့ ကတော့ စားပွဲဝိုင်း ရောက်ရင် ညီတူညီမျှပဲ။ ပဋိပက္ခ ဖြေလျှော့တဲ့ နေရာမှာ တဖက်တည်း ရပ်လို့ မရဘူး။ ကိုယ့်ဘက် ကိုယ်ရပ်လို့ မရဘူး။ ဘာကြောင့်ဆိုတာ အဖြေရှာရမယ်။ နည်းနည်းနဲ့ တဆင့်ချင်း သွားမှ ဖြေလျှော့လို့ ရမယ်။
မနွယ်နီထွန်း
အိုမ်တမောဝ် လူမှုကူညီရေး အသင်း
ပြည်သူတွေဘက်က ပြောရရင် ဘယ်ဘက်ကမှ မငြိမ်းချမ်းတာကို မလိုလားဘူး။ စစ်ဖြစ်ရင် တိုက်ပွဲတွေ ရှောင်ရတယ်။ နေ့စေ့၊ လစေ့ မွေးမယ့် မိခင်တွေ၊ အိုးပစ် အိမ်ပစ် သွားရမယ့် သူတွေ အတွက် စိတ်မကောင်း ဖြစ်ရတယ်။
ရှမ်းဖြစ်စေ၊ ပလောင်ဖြစ်စေ ဒုက္ခရောက်နေရင် ကိုယ်တတ်နိုင် သလောက် ကူညီရမှာပဲ။ ကျမတို့ မျက်စိထဲမှာတော့ သူက ဘာလူမျိုး ဆိုတာ မရှိဘူး။ ကူညီသင့် သလောက် ကူညီရမှာပဲ။ ငြိမ်းချမ်းတာပဲ လိုလားတယ်။ စစ်ဖြစ်မှာကို ဘယ်သူမှ မကြိုက်ပါဘူး။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ မိန့်ခွန်း အတိုင်းပါပဲ။ သဘာဝဘေး အန္တရာယ် ကျရောက်ရင်၊ ပြည်သူတွေ ဘေး ဒုက္ခ ကြုံရင် အစီရင်ခံစာ တင်ဖို့ မလိုဘူး။ ကိုယ့် အစီအစဉ်နဲ့ကိုယ် ကူညီပေးပါ။ နောက်မှ အစီရင်ခံစာ တင်ပါလို့ မှာကြား ထားတဲ့ အတိုင်းပါပဲ။
တပ်မတော်နဲ့ တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာတောင် ရွာသူ ရွာသားတွေကို ကိုယ့်ရဲ့ ဝေစုထဲကနေ ကုသပေးတဲ့ အစဉ် အလာ ရှိပါတယ်။ အခုလည်း စနစ်တကျ စုဖွဲ့ပြီး တိုက်ပွဲ ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ လာလုပ် ပေး တာပါ။ ဆေးရုံတက်ပြီး ကုသဖို့ လိုတယ်ဆိုရင် စာရင်းတောင်းပြီး လားရှိုး၊ ပြင်ဦးလွင် ဆေးရုံတို့ကို ပို့ပေးပါတယ်။
ဒေါ်ရွယ်ဆန်း
မန်ဆံ ကျေးရွာ
KBC Camp ခေါင်းဆောင် (တိုက်ပွဲရှောင်)
ကျမတို့ အတွက်ဆိုရင် လုံခြုံမှုက ပိုပြီးတော့ အရေးကြီးတယ်။ လုံခြုံမှု ဆိုတာ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ အခုက ကလေး လည်း များတယ်ဆိုတော့ ကျောင်းပိတ်လာတဲ့ အချိန်ဆို ပိုပြီး ဆိုးလာတယ်။ ကျနော်တို့က ခြံဝန်းလည်း မရှိ သေးဘူး။ ကိုယ်က လုံခြုံမှုအတွက်ဆိုရင် ဘယ်နေရာဖြစ်ဖြစ် သွားလာ လှုပ်ရှားဖို့ အတွက်ရော လုံခြုံမှုက လိုအပ် တယ် လို့ ပြောရင် ဒါပေမယ့် အဲဒါက ဘယ်သူ လုပ်ပေးနိုင်လဲ ဆိုရင် ကိုယ့် ကိုယ်ကိုယ် ကာကွယ်ဖို့ကလည်း ပို အရေး ကြီးတယ်။ ဒါပေမယ့် အစိုးရပိုင်းကလည်း အရာရာမှာ ကာကွယ်ပေးတဲ့ဟာမျိုးတော့ ပိုပြီး ရှိစေချင်တယ်။
စစ်တပ်ဘက်က ဖြစ်ဖြစ် ကိုယ်ရဲ့ပြည်သူပြည်သားတွေကို ကိုယ်က ဘာပဲဖြစ်ဖြစ် စစ်ဆိုတာက ရှိတော့ ရှိသင့်တယ်။ ဒါပေမယ့် အခုကျတော့ သူတို့ စစ်တိုက်တဲ့နေရာမှာ ပြည်သူတွေကို ပစ်မှတ်အနေနဲ့ ထားပြီး လုပ်တာမျိုးတော့ ကျမတို့ အတွက် လုံးဝ ကြောက်ရတဲ့ အခြေအနေမှာ ရှိတယ်။
စစ်တပ်တွေကလည်း အပစ်အခတ်တွေ ရှိပြီဆိုရင် ရွာသားတွေကိုပဲ အပြစ်ပေးပြီး လုပ်တာမျိုး အမျိုးမျိုး နှိပ်စက်တာ မျိုး မရှိရင်တော့ ပိုကောင်းတယ်။ တကယ်လို့သာ နိုင်ငံတော်မှာ စစ်ဆိုတာ မရှိလို့လည်း မဖြစ်ဘူး။ ကာကွယ်ရေးက လည်း ရှိသေးတယ်။
အဲဒီလိုလည်း ကျမတို့က နားလည်တယ်။ ဒါပေမယ့် အခုဟာက နှစ်ဖက် တပ်တွေ ပဋိပက္ခဖြစ်ပြီ ဆိုရင် ပြည်သူတွေက ပစ်မှတ် အနေနဲ့ ခံစားနေရတာ အဲဒီလိုမျိုးကို အရမ်းကြောက်ပါတယ်။ ကိုယ်ရဲ့ နိုင်ငံကို ငြိမ်းချမ်းအောင် လုပ်ပေးနိုင် ရင်တော့ အကြီးအကဲတွေဆီမှာ တာဝန် ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ တိုင်းပြည်ကို ငြိမ်းချမ်းအောင်တော့ အမြန် လုပ် ပေးစေချင်ပါတယ်။
စိုင်းဟန်
ရှမ်းလူငယ် အဖွဲ့ ဥက္ကဋ္ဌ
ကျနော် ပြောချင်တာက လက်နက်ကိုင် အချင်းချင်းက တည့်ချင်ရင် ခဏပဲ။ အဲဒါကို ကျနော်တို့ ပြည်သူတွေက သွား ပြီးတော့ စစ်တပ် အချင်းချင်း တိုက်နေတာကို သွားယူ အဲဒီ ခံစားမှုကို ရင်ဘတ်ထဲမှာ မထားသင့်တာကို ကိန်းအောင်း ထားလို့ လူမျိုးရေး ပဋိပက္ခ ဖြစ်သွားခဲ့မယ် ဆိုရင် ခုနကလို တိုက်ပွဲဖြစ်ပြီး တော့ လက်မှတ်ထိုး သလိုမျိုး ပြန်ယူဖို့ မလွယ် လှဘူး။
ကျနော်တို့ ကတော့ အဲဒီလိုမျိုးတွေ မဖြစ်စေချင်ဘူး။ မဖြစ်အောင်လည်း ဘယ်လို တားဆီးမလဲ။ ပြီးတော့ ကျနော်တို့ အဖွဲ့ နှစ်ခုပေါင်းပြီး တအန်း (ပလောင်) ဘက်က အယောက် ၅၀၊ ရှမ်းဘက်က အယောက် ၅၀ ဖိတ်လိုက်တယ်။ ရှမ်း-တအန်း ပဋိပက္ခ ဖြေလျှော့ရေး ခေါင်းစဉ်နဲ့ လားရှိုး Golden hill ဟိုတယ်မှာ ဆွေးနွေးပွဲကို ၃ ရက် တိတိ လုပ်လိုက် တယ်။
ပထမ စတွေ့မယ်ဆိုတော့ ပြောကြတာပေါ့။ ဖြစ်ပါ့မလား။ ဆွေးနွေးနေတုန်း ရန်ထဖြစ်ကြရင် ဘယ်လိုလုပ်မလဲ ဆိုတာ မျိုး ဒါပေမယ့် စွန့်တော့ စွန်းစားရတယ်။ မလုပ်လို့ မဖြစ်တဲ့အခြေအနေဖြစ်လို့လေ။ အဲဒီတော့ ကျနော် စွန့်စားပြီး လုပ် တယ် အောင်မြင်သွားတယ်။
ဦးကိုကိုလေး
မန်နေးဂျင်း ဒါရိုက်တာ
Three Friends Construction
ကျနော်တို့ Three Friends Construction က ၁၉၉၃ ခုနှစ်ကတည်းက စတင် တည်ထောင်လာခဲ့တာ အခုဆိုရင် ၂၆ နှစ် ဝန်းကျင် ရှိခဲ့ပြီ။ Three Friends လို့
နာမည်ပေးထားတာက ကျနော်တို့ ကုမ္ပဏီရဲ့ ပူးတွဲ တည်ထောင်သူ သုံးယောက် က ကျနော် ဆိုရင် မြန်မာ၊ ဗုဒ္ဓဘာသာ၊ ရွှေဘိုသား၊ တယောက်က တရုတ်လူမျိုး၊ ကွတ်ခိုင်ဘက်က ခရစ်ယာန် ဘာသာ ကိုးကွယ်တယ်။ နောက်တယောက်က စစ်တွေဘက်က ကမန်၊ မွတ်စလင် ဖြစ်တယ်။
ကျနော်တို့ သုံးယောက် ကုမ္ပဏီ စကတည်းက စီးပွားရေးကို ၂၆ နှစ် တိုင်တိုင် အခုအချိန် အထိ အောင်အောင် မြင်မြင် နဲ့ ဆောင်ရွက်လာခဲ့တယ်။ အခု အချိန်အထိလည်း ကျနော်တို့က ဆောင်ရွက်နေဆဲ ဖြစ်တယ်။
ကျနော်တို့ စုစည်း ညီညွတ်တာက အဓိကက တူညီတဲ့ ရည်မှန်းချက်ပါပဲ။ နောက်တခု စာဖတ်တဲ့ အတွက်ကြောင့် ဖြစ် တယ်။ နောက်တခုက ကျနော်တို့ ဒီလို ညီညွတ်ပြီး နေနိုင်တာက တယောက်နဲ့ တယောက် ကျွမ်းကျင်ပုံခြင်း မတူတာ ကြောင့်လို့တော့ ကျနော် ထင်တယ်။ ကျနော်တို့တွေ တတ်မြောက်တဲ့ ပညာ တူနေရင်တော့ အဆင်မပြေနိုင်ဘူး။ အဲဒါ ကြောင့် ကျနော်တို့ရဲ့အလုပ် ကွဲပြားမှုကလည်း တသီးတသန့် ဖြစ်တယ်။
တိုင်းပြည် ငြိမ်းချမ်းရေး ရချင်တာပဲ ဖြစ်ဖြစ် တိုင်းပြည် စီးပွားရေး တိုးတက်ချင်တာပဲ ဖြစ်ဖြစ် ဘယ်အကြောင်း အရာမှာပဲ ဖြစ်ဖြစ် ကျနော်တို့က ဘုံရည်မှန်းချက်နဲ့ သွားတယ် ဆိုရင် ကျန်တဲ့ကိစ္စက အလိုလို ပျောက်သွားတယ်။ အဓိက ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးရမယ်။ တိုင်းပြည် တိုးတက်ရမယ် ဆိုရင် ဘုံရည်မှန်းချက်နဲ့ သွားဖို့ရှိပါတယ်။
စာမဖတ်တဲ့ အခါကျတော့ နိမ့်ကျတဲ့ အတွေးအခေါ်လို့ ဆိုရမှာပေါ့။ ဒီလို အတွေးအခေါ် ရှိနေရင်တော့ တိုင်းပြည် အတွက် ဖွံ့ဖြိုး တိုးတက်ဖို့တော့ ခက်မှာပေါ့။ တိုင်းပြည် တိုးတက်ဖို့ စီးပွားရေး ကောင်းဖို့ဆို ဒီဟာကိုပဲ သွားဖို့ လို တာပါ။ ကျန်တာတွေ ထည့်စဉ်းစားဖို့ မလိုပါဘူး။
ဦးတင်လှိုင်ဝင်း
အထွေထွေ အတွင်းရေးမှူး
ကမန် အမျိုးသား တိုးတက်ရေး ပါတီ
ဒီရွာထဲမှာ ကျတော့ ကျနော်တို့က တိုင်းရင်းသား လူမျိုးစု တခုဖြစ်တယ်။ နေထိုင်မှု ပုံစံကလည်း ဘယ်သူက အစ္စလမ် ဘယ်သူက ဗုဒ္ဓဘာသာလဲကို ခွဲခြားလို့ မရဘူး။ ကျနော်တို့က အစ္စလမ်ပါလို့ ပြောမှ သူတို့က အစ္စလမ်လို့ သိတာ။ အခု ဒီထဲမှာ ကျောင်းဆရာလည်း ပါတယ်။ ဆရာဝန်လည်း ပါတယ်။ သူနာပြု ဆရာမတွေလည်း ပါတယ်။ ဒီထဲမှာ ရှိပါ တယ် ဆိုတော့ ဒီလူတွေ အားလုံးကလည်း အလုပ်ချိန်ကျရင် အလုပ်ဆင်းကြတယ်။ အလုပ်ကို သွားကြတယ်။ ပြန်လာ ကြ တယ်။
သြင်္ကန် အချိန်ကျရင် သြင်္ကန်ပွဲတော် လုပ်ပါတယ်။ ရခိုင် ရိုးရာ သြင်္ကန်ပါ။ လွတ်လပ်ရေးပွဲ။ လွတ်လပ်ရေးပွဲဆိုတာက တနိုင်ငံလုံးမှာ လုပ်ကြတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ့်ခြံထဲ ကိုယ့်ဝန်းထဲမှာ ကမန်တိုင်းရင်းသား လွတ်လပ်ရေး အခမ်းအနား ဆုပေးပွဲ ပြေးပွဲပြိုင်ပွဲ ဆိုင်းဘုတ်တင်ပြီး လုပ်တယ်။
အဓိက ကတော့ လူတိုင်းလူတိုင်းမှာ လွတ်လပ်မှု မျှတမှု တန်းတူညီမှုဆိုတာ လူတိုင်း တန်ဖိုးထားကြတာပဲ။ ဆိုတော့ ဒီနိုင်ငံမှာလည်းပဲ နိုင်ငံသားဖြစ်မှု ဥပဒေတွေ ရှိပါတယ်။ ဥပဒေနဲ့ ညီတယ် ဆိုရင် နိုင်ငံသား ဖြစ်တယ်။ နိုင်ငံသား ဖြစ်ပြီး သွားရင် ဘယ်အစိုးရပဲ လာလာ ခိုင်မာသေချာ ရေရာတဲ့ အနာဂတ် တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်ဖို့ အတွက် နိုင်ငံသား တဦးချင်းစီ အပေါ်မှာ အာမခံနိုင်တဲ့ အစိုးရမျိုး ဖြစ်ဖို့ လိုတယ်။
ရခိုင်ဒေသဟာ တရားဥပဒေစိုးမိုးမှုကို လိုချင်နေတာ။ အဓိက တရားဥပဒေ စိုးမိုးသွားရင် ရခိုင်ဒေသဟာ တည်တည် ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်သွားတာ။ အဓိက လုပ်ဆောင်ရမှာက တရားဥပဒေ စိုးမိုးမှု။ ။