မြန်မာနိုင်ငံတွင် တီဘီ ရောဂါ ဖြစ်ပွားမှုသည် ယခင်နှစ်များထက် လျော့ကျသည့် အခြေအနေတွင် ရှိသည်ဟု ဆိုသော် လည်း ဆေးယဉ်ပါး တီဘီ ရောဂါ ဖြစ်ပွားမှုနှုန်း များနေကြောင်း သိရသည်။
ကျန်းမာရေး ဝန်ကြီး ဌာနကလည်း တီဘီ ရောဂါ ဖြစ်ပွားနှုန်းကို သိရှိနိုင်ရန် အတွက် တီဘီရောဂါ စစ်တမ်း တရပ် ပြုလုပ်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်သူ လူထု အတွင်း ကွင်းဆင်းပြီး တီဘီရောဂါ စမ်းသပ် ရှာဖွေခြင်းများကိုလည်း ပြုလုပ်လျက် ရှိသည်။ သို့ဖြစ်ရာ တီဘီ ရောဂါ ကူးစက် ပြန့်ပွားမှုနှင့် ထိန်းချုပ်နိုင်မှု အခြေအနေ အရပ်ရပ်ကို သိရှိနိုင်ရန် တီဘီ ရောဂါ အထူးကု ဆရာဝန် ကြီး အမျိုးသား တီဘီ ရောဂါ တိုက်ဖျက်ရေး စီမံကိန်း ဗဟို (ရန်ကုန်) ဒေါက်တာ ဇော်မြင့်နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ မြန်မာနိုင်ငံမှာ တီဘီ ရောဂါ ဖြစ်ပွားမှု လက်ရှိ အခြေအနေက ဘယ်လို ရှိလဲရှင့်။
ဖြေ။ ။ မြန်မာနိုင်ငံက တီဘီ ရောဂါက တီဘီ HIV အဖြစ် အများဆုံး၊ ဆေးယဉ်ပါး တီဘီ အဖြစ် အများ ဆုံး နိုင်ငံပေါင်း ၃၀ မှာ တနိုင်ငံ အပါအဝင် ဖြစ်နေတယ်။ ရန်ကုန်တိုင်း အနေနဲ့ကတော့ တီဘီရောဂါ ဝန်ထုပ်ဝန်ပိုးက လည်း တော်တော်ကြီးပါတယ်။ ရိုးရိုး တီဘီလို့ ခေါ်တဲ့ တီဘီနဲ့ ပတ်သက်ရင်တော့ တနိုင်ငံလုံးရဲ့ ၄ ပုံ ၁ ပုံ နီးပါး ရှိတယ်။ တီဘီ HIV မှာ ဆိုရင် တနိုင်ငံလုံးရဲ့ ၃ ပုံ ၁ ပုံရှိတယ်။ ဆေးယဉ်ပါး တီဘီမှာ ဆိုရင် တနိုင်ငံလုံးရဲ့ တဝက်သော လူနာ တွေဟာ ရန်ကုန်မြို့မှာ ကုသ နေရတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ တီဘီရောဂါနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်းကို အောင်မြင် အောင် ကိုင်တွယ်ဖို့ လိုတယ်။
မေး။ ။ ကူးစက် ပြန့်ပွာမှု နှုန်းလည်း များနေတယ် လို့ သိရတယ်။ ဟုတ်လားရှင့်။
ဖြေ။ ။ ကူးစက် ပြန့်ပွားမှုကတော့ လေ့လာမှု တခုကို ၅ နှစ် ၁ ခါ လုပ်တယ်။ အရင်ကထက် စာရင် ကူးစက် ပြန့်ပွားမှု တွေက ကျဆင်းလာတယ်။ အရင်ကထက်တော့ ရောဂါ ဖြစ်ပွားနှုန်းတွေက ကျဆင်းလာတယ် သို့သော်လည်းပဲ ဒါတွေ ကိုတော့ ရန်ကုန်တိုင်းမှာ ပိုပြီးတော့ ကျဆင်းအောင် လုပ်ဖို့လိုမယ်။
မေး။ ။ ဆေးယဉ်ပါး တီဘီ က ရန်ကုန်မှာကို တဝက်လောက် ကုနေရတယ် ဆိုတော့ ဆေးယဉ်ပါး ဖြစ်ပွားနှုန်း များနေ တာလား။
ဖြေ။ ။ ရန်ကုန်တိုင်းက ကျန်တဲ့ တိုင်းနဲ့ ပြည်နယ်ထက်စာရင်တော့ ဆေးယဉ်ပါးတီဘီ ပိုမို ဖြစ်ပွားနေတာပေါ့။
မေး။ ။ ဒါက ဘယ်လို အကြောင်းတွေကြောင့်လဲ။
ဖြေ။ ။ ဆေးယဉ်ပါး တီဘီသည် နံပါတ် ၁ ဆေးတွေကို ပြီးဆုံးအောင်မကုတဲ့ သူတွေကနေမှ စတင် ဖြစ်ပွားတာ။ နံပါတ် ၂ အရည်အသွေး မပြည့်မီတဲ့ ဆေးတွေကို သောက်သုံးရင် ဖြစ်တယ်။ ဆေးကုလိုက် ပျက်လိုက် ဆိုရင် ဖြစ်တယ်။ ဆရာ ဝန်တွေ ကုသတဲ့ ဆေးဝါးတွေကို မမှန်မကန် ဆေးတွဲမိရင်လည်း ဖြစ်တယ်။ ဒါကဆရာဝန်တွေဘက်က အပိုင်းပေါ့။
လူနာတွေဘက်က အပိုင်းကတော့ ဆေးတွေကို မှန်မှန်မသောက်ဘူး။ သောက်လိုက် မသောက်လိုက် လုပ်မယ်ဆိုရင် ဆေးယဉ်ပါး ဖြစ်မယ်။ ဒါမှမဟုတ် နဂိုတည်းကိုက ဆေးယဉ်ပါး တီဘီသမား ကနေ ကူးစက်ခံရတယ် ဆိုရင် ကူးစက် ခံရတဲ့ သူက ဆေးယဉ်ပါး တီဘီလည်း ဖြစ်ပါတယ်။
နောက်တခုက ရန်ကုန်ကလည်း ကျန်တဲ့ တိုင်းနှင့် ပြည်နယ် ထက်စာရင် ပိုပြီးတော့ လူဦးရေက ကြပ်ကြပ်တည်းတည်း ပိုဖြစ်တယ်။ ကားပေါ်တွေမှာပဲကြည့် လူတွေက ကြပ်သိပ်နေတာ အဲဒီမှာ ဆေးယဉ်ပါး တီဘီ ရောဂါရှင် ပါလာမယ် ဆိုရင် ကူးစက်ဖို့ ပိုလွယ်တယ်လေ။ တနှစ်တနှစ်ကို ဆေးယဉ်ပါး တီဘီလူနာ ၃၆၀၀ လောက် ဖြစ်တဲ့ထဲမှာ ရန်ကုန်က ၁၃၀၀ နီးပါး လောက် ဖြစ်တယ် ဆိုတော့ တဝက်နီးပါးလောက် ဆေးယဉ်ပါး တီဘီကို ရှာဖွေ တွေ့ရှိနေတယ်။
ရန်ကုန်မှာလည်း ဆေးယဉ်ပါး တီဘီ ပိုဖြစ်တဲ့ အတွက်မို့ မြန်မြန် ပိုရှာတယ်။ အခုက အရင်ကထက် စာရင် ပိုများများ ရှာ လာတယ်။ တီဘီရောဂါ ဖြစ်တဲ့ သူတိုင်းကို ဆေးယဉ်ပါး တီဘီ စစ်ပေးတယ်။ ကျန်နဲ့ တိုင်းနှင့် ပြည်နယ် ထက် ပိုစစ်တယ်။ ပိုစစ်တော့ ပိုကုဖြစ်တယ် နောက်အတွက် ပိုကောင်းလာတာပေါ့။
မေး။ ။ ကွင်းဆင်း ရှာဖွေတယ် ဆိုတာက ဘယ်လို ပုံစံမျိုးနဲ့ ရှာဖွေတာလဲ။
ဖြေ။ ။ အရင်တုန်းက တီဘီ ရောဂါသမားတွေက ချောင်း ၂ ပတ်ဆိုးတာတွေ အထက် ဖြစ်လာတော့ ဆေးရုံ ဆေးခန်း တွေကို ရောက်လာတော့မှ တီဘီ ရှာတွေ့တော့ နောက်ကျတယ်။ အခုက ပြည်သူထဲကို ဆင်းပြီးတော့ စောစောစီးစီး တွေ့အောင် ရှာလိုက်တော့ တွေ့တာနဲ့ ကုလိုက်မယ် ဆိုရင် ရောဂါ အပျောက်မြန်မယ် သူများတွေကိုလည်း ကူးစက်မှု နှုန်း ကျသွားမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Access to Health Fund ဆိုတာ ရှိတယ်။
ကျနော်တို့ NTP (အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေးဌာန)ကရော ရှာမယ်။ ပါတနာတွေ ဖြစ်တဲ့ PSI တို့ MMA တို့လို လက်တွဲဖော်တွေ ကလည်း ပေါင်းရှာပြီး တော့ များများနဲ့ မြန်မြန်ရှာပြီး မြန်မြန်ပျောက်အောင် ကုပေးမယ် ဆိုတဲ့ အစီ အစဉ်နဲ့ လုပ်တာပါ။
မေး။ ။ အဲဒီ အစီအစဉ်က စတာ ဘယ်လောက် ကြာပြီလဲ။
ဖြေ။ ။ နဂိုကတည်းက Mobile team နဲ့ ထွက်နေတာတော့ ကြာပြီ။ ၂၀၁၁ ကတည်းက စနေတာ။ အရင်တုန်းကတော့ ကျနော်တို့ NTP တခုကပဲ ရှာတယ်။ ဒါပေမယ့် အခုက ကျနော်တို့ အပြင် ပါတနာအဖွဲ့တွေကပါ ဝိုင်းရှာပြီးတော့ ကုပေး မယ် ဆိုတဲ့ အစီအစဉ်နဲ့ လုပ်တာ ဖြစ်တယ်။ နဂိုကထက် စာရင် အင်အားဖြည့်ပြီးတော့ ဒီလုပ်ငန်းကို ဆောင်ရွက်တာပါ။
မေး။ ။ အရင် ဆင်းရှာခဲ့တုန်းက ရောဂါရှိသူတွေကို တကယ် တွေ့ခဲ့လား။ အကျိုးသက်ရောက်မှုတွေရော ရှိခဲ့လား။
ဖြေ။ ။ တခါဆင်းရင် ၅ ရက်လောက် ရှာတယ်။ တီဘီ ရောဂါဖြစ်တဲ့သူ အနည်းဆုံး ၁၅ ယောက် အယောက် ၂၀ တော့ တွေ့တယ်။ ဒါတွေက ဆင်းသာ မရှာဘူး ဆိုရင် ရောဂါ ဖြစ်အောင် စောင့်နေဦးမှာပေါ့။ တချို့ကျတော့လည်း ကျနော်တို့ ရောဂါရှာတွေ့နေပြီ ရောဂါ လက္ခဏာက မပြသေးဘူး။ အဲဒီလိုလူမျိုးတွေကို စောစောစီးစီးတွေ့ရင် သူတို့အတွက်လည်း ပိုကောင်းတယ် ၊ ပြည်သူလူထု အတွက်လည်း ပိုကောင်းတယ်။ တချို့ကျတော့လည်း တီဘီရောဂါ ဖြစ်နေတာကို မသိဘူး။ ကျနော်တို့ အမျိုးသား တီဘီရော တိုက်ဖျက်ရေးက ၁ ပတ်ကို ၂ ဖွဲ့ထွက်တယ်။ တခြားအဖွဲ့တွေကလည်း ၄ ဖွဲ့ ဆိုတော့ စုစုပေါင်း ၆ ဖွဲ့ ထွက်မယ်။
မေး။ ။ ရန်ကုန်မှာမှ ဘယ်မြို့နယ်က အဖြစ် အများဆုံး ဖြစ်မလဲ။
ဖြေ။ ။ လူဦးရေ ထူထပ်တဲ့မြို့နယ်တွေ ဥပမာ လှိုင်သာယာတို့ ရွှေပြည်သာတို့ မင်္ဂလာဒုံတို့ အင်းစိန်တို့ တောင်ဒဂုံတို့ ဒီနေရာတွေကတော့ အဖြစ်များတဲ့ မြို့နယ်တွေပေါ့။ ရိုးရိုး တီဘီရော ဆေးယဉ်ပါး တီဘီရော အဲဒီနေရာတွေက ကျန်တဲ့ မြို့နယ် ထက်စာရင် အဖြစ်များတယ်။
မေး။ ။ အခု ဖြစ်ပွားမှုနှုန်းက ဘယ်လောက် ရှိမလဲ။
ဖြေ။ ။ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ (WHO) ကနေ ခန့်မှန်းထားတာကတော့ လူဦးရေ တသိန်းမှာ ၃၅၈ ဦးလောက် ဖြစ်တယ် လို့ ခန့်မှန်းထားတာ ။ ကျနော်တို့Prevalence Survey ကတော့ အခုမှ အဆုံးသတ်နေတုန်းပါ။ ဒါပေမယ့် ဖြစ်ပွားမှု လျော့နည်း လာတယ်လို့ ခန့်မှန်းခြေတော့ မှန်းလို့ရတယ်။ အတိအကျကတော့ ဧပြီလလာက်မှာ ကြေညာပါမယ်။
မေး။ ။ မြန်မာနိုင်ငံမှာ တီဘီရောဂါက အမြစ်ပြတ် ပျောက်ကင်းဖို့ ဖြစ်လာနိုင်သလား။
ဖြေ။ ။ ၂၀၃၅ ကျရင်တော့ လူဦးရေ တသိန်းမှာ ၁၀ ယောက်နှုန်းအောက် ဖြစ်မယ်လို့ မှန်းထားကြတယ်။ ကမ္ဘာမှာလည်း ထိုနည်းတူစွာပဲပေါ့။ အဲဒီရည်မှန်းချက်တွေ ဖြစ်အောင် အကောင်အထည်ဖော်ဖို့ အတွက် နည်းလမ်းပေါင်း များစွာ လုပ်ရ တာပေါ့။ အဓိက ပြောချင်တာကတော့ စောစောစီးစီး ရောဂါရှာဖွေ စောစောစီးစီး ကုသ။ အဲဒီလိုနည်းလမ်းတွေ ဖော်ထုတ် လာမယ်ဆိုရင်တော့ တီဘီရောဂါက တဖြည်းဖြည်းနဲ့ ပိုမိုကျလာမှာပါ။
နည်းလမ်းတွေကလည်း မြန်မြန်သိမယ့် နည်းလမ်းတွေ လိုတယ်။ မြန်မြန်ကုလို့ ပျောက်တဲ့ နည်းလမ်းတွေ လိုတယ်။ အခုတော့ အဲဒီလိုတွေဖြစ်အောင် သွားဖို့အတွက် တီဘီရောဂါလား၊ ဆေးယဉ်ပါး တီဘီလား၊ ပြင်းထန် ဆေးယဉ်ပါး တီ ဘီလား တပြိုင်တည်း သိအောင် လုပ်ဆောင်ပြီးတော့မှ ကုမယ် ဆိုရင်တော့ အရင်ကထက်တော့ နှုန်းကျလာမယ်လို့ ရည်ရွယ်ပါတယ်။
နောက်တခုက တီဘီ ရောဂါက ဘာနဲ့ ဆက်နွယ်လည်း ဆိုတော့ လူမှု စီးပွားရေး နိမ့်ကျမှုနဲ့ ဆက်နွယ်ပါတယ်။ လူမှု စီးပွား ရေး နိမ့်ကျလေလေ တီဘီရောဂါ ဖြစ်လေလေ ဆိုတာတော့ ဘယ်သူမှ ငြင်းလို့ မရဘူးပေါ့။ တီဘီရောဂါ ပျောက်ကင်းဖို့က ကျန်းမာရေး ဝန်ကြီးဌာန တခုတည်းက လုပ်လို့ မရဘူး။ Multi sectoral ပါမှသာလျှင် အောင်မြင်မှာ ဖြစ်တယ်။ ရောဂါတွေ ပျောက်ချင်လာပြီ ဆိုရင် ကျန်မာရေး ဌာန တခုထဲကို ပုံအောလို့ မရဘူး။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကလည်း အားဖြည့် ဆောင်ရွက်မှု ပါဖို့ လိုတယ်။
မေး။ ။ ဘယ်လို အခြေအနေမျိုး ရောက်မှ တီဘီရောဂါက ထိန်းချုပ်နိုင်မှာလဲ။
ဖြေ။ ။ တဖြည်းဖြည်းနဲ့တော့ WHO အဖွဲ့ဝင် နိုင်ငံတွေ တော်တေ်ာများများက နည်းဗျူဟာတွေ ချမှတ်ပြီးတော့ ဆောင် ရွက်နေပါတယ်။ ခုနလိုပဲ ၂၀၃၅ မှာ လူဦးရေ ၁သိန်းမှာ ၁၀ ယောက်နှုန်းအောက် တကယ့်ကို တိုးတက်တဲ့ နိုင်ငံတွေမှာလို နည်းပေါင်းစုံနဲ့ လုပ်လာပြီ ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်မှာပါ။
အဓိက ကတော့ စေစော ရောဂါရှာ စောစော ပျောက်အောင်ကု ပြီးဆုံးအောင်သောက် ရင်တော့ တဖြည်းဖြည်းနဲ့ ရောဂါ ဖြစ်ပွားမှုတွေက ကျဆင်းလာမှာ ဖြစ်ပါတယ်။ နောက် လူမှုစီးပွားရေး အခြေအနေလည်း ပိုပြီးတော့ မြင့်တက်လာမယ် ဆို ရင်တော့ လိုချင်တဲ့ Target ကို ရောက်မှာပေါ့။
မေး။ ။ တီဘီရောဂါ အဓိက ကူးစက်တဲ့ လမ်းကြောင်းကို ပြောပြပေးပါဦး။
ဖြေ။ ။ တီဘီရောဂါ ကတော့ လေက တဆင့် ကူးစက်တာပါ။ ချောင်းဆိုးမယ်၊ နှာချေမယ် ဆိုရင် လေထဲကိုပျံ့သွားမယ် အသက်ရူလိုက်တဲ့လူကို ကူးစက်သွားတာပေါ့။ ဒါကြောင့်မို့လို့လည်း တီဘီရောဂါက ထိန်းချုပ်ရတာ ခက်တဲ့ထဲမှာ ပါ တာပေါ့။
မေး။ ။ အသက် အရွယ်အရ ဆိုရင်ရော ဘယ်အရွယ်တွေမှာ အဖြစ်များလဲ။
ဖြေ။ ။ ၁၅ နှစ်ကနေပြီးတော့ ၅၄ နှစ်ကြားထဲမှာ တီဘီရောဂါက ပိုဖြစ်တယ်။ ယောက်ျားနဲ့ မိန်းမဆိုရင် ယောက်ျားတွေမှာ ပိုဖြစ်တယ်။
မေး။ ။ ရိုးရိုး တီဘီနဲ့ ဆေးယဉ်ပါးနဲ့ကြားမှာ ရောဂါ လက္ခဏာ ဘယ်လို ကွာခြားချက်ရှိလဲ။ အလွယ် သိနိုင်မလားရှင့်။
ဖြေ။ ။ ရိုးရိုးတီဘီ၊ ဆေးယဉ်ပါးတီဘီ၊ ပြင်းထန် ဆေးယဉ်ပါးတီဘီ လည်း ဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ စကတည်းကိုက ရှာပြီးတော့ တခါတည်း ခွဲပြီး ကုပေးတယ်။ ရောဂါလက္ခဏာကလည်း တူတူပဲ ချောင်းဆိုးမယ်၊ ဖျားမယ်၊ ပိန်မယ် သိပ်ပြင်း ထန်ရင်တော့ သွေးတွေပါမယ်။ ညဘက်မှာ ချွေးတွေ ထွက်မယ် ရောဂါလက္ခဏာကို ကြည့်ပြီးတော့မှ ဆေးယဉ်ပါး တီဘီ လား ပြင်းထန် ဆေးယဉ်ပါး တီဘီလား ဆိုတာ ပြောဖို့တော့ ခက်တယ်။ ကျနော်တို့က ကိရိယာတွေနဲ့ စမ်းသပ်တော့မှသာ ခွဲခြားတယ်။ ဆေးယဉ်ပါးတီဘီသမားဆီက ကူးရင် ဆေးယဉ်ပါး တီဘီ ဖြစ်ဖို့ အလားအလာက ရာခိုင်နှုန်း ပိုများတယ်။
မေး။ ။ တီဘီ ရောဂါ အတွက်ရော ဆေးက အလုံအလောက် ရှိလား။
ဖြေ။ ။ တီဘီရောဂါဟာ သေချာကုသမယ်ဆိုရင် ပျောက်ကင်း ပါတယ်။ ဆေးယဉ်ပါး တီဘီရောဂါ ရှိမရှိ ရှာမယ်။ တိကျတဲ့ ကုထုံးတွေ တိကျတဲ့ နည်းလမ်းတွေကို သုံးပြီး ကုမယ် ဆိုရင်တော့ ကုသလို့ ပျောက်ကင်းပါတယ်။ ဆေးဝါးနဲ့ ပတ်သက်ရင် တော့ နိုင်ငံတော်က ပံ့ပိုးထားတဲ့ ဘတ်ဂျက်တွေ ရှိပါတယ်။ တီဘီသမား အတွက် လုံးဝ FOC ပဲ၊ ပိုက်ဆံ ပေးစရာ မလိုဘူး။ ဆေးက အလုံအလောက် ရှိပြီးသား လူတွေ ကုသ ခံယူဖို့သာ လိုတာ။ စောစောစီးစီး လာပြီးတော့ ကုသမှု ခံယူမယ် ဆိုရင် တော့ ပျောက်ကင်းဖို့ ပိုများတာပေါ့။ အချိန် ကြာလာလေလေ ပျောက်ကင်းဖို့ နည်းသွားလေလေ သေဆုံးနိုင်ခြေ များလေ ပဲ။
မေး။ ။ ဆရာ့ အတွေ့အကြုံအရဆို လူတွေ ဆေးလာ မသောက်ရတဲ့ အကြောင်းအရင်းက ဘာကြောင့်လဲ။
ဖြေ။ ။ တချို့တွေက ဆေးကုတယ် ၂ လလောက် နေရင် သက်သာလာတော့ တီဘီ ဆေးကို ပြည့်စုံအောင် မသောက် ချင်ဘူး။ ဆေးကို ဖြတ်လိုက်တယ်။ နောက်တခုက ဆေးသောက်တယ် ဆေးဒဏ်ကို မခံနိုင်တော့ ဗမာဆေးနဲ့ပဲ ကုမယ် ဒီအပြင် ဆေးနဲ့ပဲ ကုမယ် ဆိုပြီး ပြောင်းသွားတဲ့သူတွေ ရှိတယ်။ သက်သာ သွားရင် ပျောက်သွားတယ် ထင်ပြီးတော့ မသောက်ချင်ဘူး။
တချို့ ကျတော့ တီဘီဆေးသောက်လို့ အလုပ်မလုပ်နိုင်ရင် စီးပွားရေး ထိခိုက်မယ် မသောက်တော့ဘူး ဆိုပြီး စီးပွားရှာဖို့က အဓိက ရောဂါနောက်မှာထား ဆိုပြီးတော့ လူမှု စီးပွားရေးတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေကလည်း ဆေးမသောက်တဲ့ အကြောင်းအရင်းပါ။ ။