တန်ခူးလတွင် နိုင်ငံအဝှမ်းလုံး ဆင်နွဲလေ့ရှိသော မြန်မာ့ရိုးရာအတာသြင်္ကန် ရေသဘင်ပွဲတော်များ အနက် မန္တလေးသြင်္ကန် သည် တမူထူးခြားပြီး ယဉ်ကျေးမှုသြင်္ကန်အနေဖြင့် အစဉ်အလာရှိခဲ့သည်။ မြန်မာ့ရိုးရာသြင်္ကန်ဟု ပြောဆိုမှုများရှိလာလျှင် မန္တလေးသြင်္ကန်ကိုပဲ ညွှန်းဆိုကြသည်။
မန္တလေးသြင်္ကန်၏ အထင်ကရ မှတ်တိုင်များမှာ စစ်ကြီးမတိုင်မီက ၁၃၀၀ပြည့်သြင်္ကန်၊ စစ်ကြီးပြီး တော့ ၁၉၄၇ မန်းတောင် ရိပ်ခို သြင်္ကန်၊ ၁၉၅၀ ငြိမ်းချမ်းရေး သြင်္ကန်၊ ၁၉၅၁ ပြည်ထောင်စုသြင်္ကန်၊ ၁၉၇၀ကျော်ကာလ ရုပ်ရှင်မင်းသား ကြီးဝင်းဦး နှင့် အလှပြကားများ၊ အလှပြမဏ္ဍပ်များ ရာချီရှိခဲ့သည့် မန်းဟန်နှင့် နန်းဆန်ခဲ့သော သြင်္ကန်တို့သည် သမိုင်းဝင် သြင်္ကန် များဖြစ်ခဲ့သည်။
ဤကဲ့သို့ ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းခဲ့သည့် မန္တလေးသြင်္ကန်၏ ပုံရိပ်များ ယခုအခါ ပျောက်ကွယ်လုဖြစ်နေ ခြင်းကို ယဉ်ကျေးမှုနှင့် သက်ဆိုင်သည့် စာပေများကို ဦးစားပေးရေးသားသော မန္တလေးမြို့ခံစာရေးဆရာ ဆူးငှက်အား ဧရာဝတီ(မြန်မာပိုင်း) သတင်းထောက် ဒီလှိုင်းဝင်းက တွေ့ဆုံ၍ ယခင်အချိန်သြင်္ကန်နှင့် ယခုလက်ရှိသြင်္ကန် အကြောင်း များကို မေးမြန်းခဲ့ပါသည်။
မေး ။ ။ မန္တလေးသြင်္ကန်ဆိုတာ သမိုင်းအစဉ်အလာကြီးမားခဲ့တယ်လို့သိရပါတယ်၊ အဲဒီအခြေအနေ လေးတွေကို သိပါရ စေ ဆရာ။
ဖြေ ။ ။ မန္တလေးသြင်္ကန်ဆိုတာက ယဉ်ကျေးမှုသြင်္ကန်အနေနဲ့အစဉ်အလာရှိခဲ့တယ်၊ မြန်မာ့ရိုးရာ သြင်္ကန်လို့ ပြောလိုက် ရင် မန္တလေးသြင်္ကန်ကိုပဲ ညွှန်းဆိုကြတာ များပါတယ်၊ တလျှောက်လုံးလည်း မန္တလေးသြင်္ကန်ကယဉ်ကျေးမှုအစဉ်အလာ တွေကို ထိန်းခဲ့တယ်၊ အဲဒီလို အစဉ်အလာတွေ ကြီးမားစွာရှိခဲ့တဲ့ မန္တလေးသြင်္ကန်ပါ။
နောက် မန္တလေးသြင်္ကန် အထိမ်းအမှတ် က ဂီတသြင်္ကန်၊ အကသြင်္ကန်ပါ၊ ရေပက်တာ အဓိကမဟုတ် ဘူး၊ ရေပက်တာက လည်း ပက်ရိုးပက်စဉ် ယဉ်ယဉ်ကျေးကျေးနဲ့ ဖလားလေးနဲ့ ပက်ခဲ့ကြတာ၊ အဓိက က ညပိုင်းဖျော်ဖြေမှုတွေပဲ၊ အလှပြယာဉ် တွေ၊ ဧည့်ခံယိမ်း အကအဖွဲ့တွေ၊ သံချပ်အ ဖွဲ့တွေနဲ့ အသစ် အသစ်တွေကိုပဲ အနုပညာရသမြောက်စွာ ဖန်တီးဖျော်ဖြေ တင်ဆက်မှု တွေက မန္တလေးသြင်္ကန်ရဲ့ တကယ့် အနှစ်သာရတွေပဲ ဖြစ်တယ်။
မေး ။ ။ မန္တလေးသြင်္ကန်ရဲ့သြင်္ကန်ပုံရိပ်တွေ ပျောက်ဆုံးလာတာ ဘယ်အချိန်လောက်က စခဲ့တာလဲ ဆရာ။ ဘယ်လို တွေ ပြောင်းလဲသွားတာလဲ။
ခြေ ။ ။ အဲဒီလိုအစဉ်အလာတွေရှိခဲ့တဲ့ မန္တလေးသြင်္ကန်က ၁၉၈၀ကျော်ကာလမှ တဖြည်းဖြည်းနဲ့ တိမ်ကော ပပျောက် လာတယ်၊ အလှပြယာဉ်ကြီးတွေ မရှိတော့ဘူး၊ အလှပြမဏ္ဍပ်ကြီးတွေ မရှိတော့ ဘူး၊ စိစစ်ရေးရဲ့အကျပ်အတည်းတွေ နှိပ်ကွပ်မှုတွေ ကြောင့် သံချပ်အသင်းတွေ မရှိတော့ဘူး။
ဒီလို ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းမှာ မန္တလေးသြင်္ကန်ဆိုတာ ကျုံးကြီးခြေကန် ပြီးတော့ ရေပက် ကြတာ အဓိကဖြစ်လာ တယ်၊ အဲဒီလိုရေပက်ဖို့ ကြော်ငြာ စပွန်ဆာတွေ တောင်းကြမယ်၊ နာမည်ကြီး အဆိုတော်တွေရဲ့ ခေတ်ပေါ်သီချင်းတွေကိုပဲ ရေပက်ရင်းနဲ့ အော်ကြဟစ်ကြ ဆိုကြကကြ ခုန်တာမျိုး တွေ ဖြစ်ကုန်တယ်၊ ပြောချင်တာက သြင်္ကန်ကို နာမည်ခံပြီး လုပ်စား လာကြတဲ့ စီးပွားရေးသြင်္ကန် ဖြစ်သွားတယ်။
အလှပြမဏ္ဍပ်၊ အလှပြယာဉ် တွေဆိုတာက အနုပညာပေါင်းစုံ စုစည်းထားမှုတွေ အများကြီးပါဝင်နေ တယ်၊ ပန်းချီအနုပညာ ပါတယ်၊ စပ်ပန်းချီလို့ခေါ်တဲ့ ရုပ်လုံးအနုပညာတွေပါတယ်၊ တေးသီချင်းစပ်ဆို တဲ့ကဗျာလင်္ကာအနုပညာတွေပါတယ်၊ တီး လုံး တီးကွက် လို့ခေါ်တဲ့ ဂီတအနုပညာပါတယ်၊ သီဆိုမ ှုအတတ်ပညာတွေပါတယ်၊ ကပြမှု အတတ်ပညာပါတယ်၊ ဒီလို အနုပညာ တွေ ပေါင်းစည်းမှုက သြင်္ကန်ရဲ့အမှတ်လက္ခဏာတွေဖြစ်တယ်။
မေး ။ ။ လက်ရှိကာလမှာ မန္တလေးသြင်္ကန်ကို အကောင်းဆုံးဖြစ်အောင် မန္တလေးမြို့တော်စည်ပင် သာယာရေးကော်မတီ အနေနဲ့ စီစဉ်ဆောင်ရွက်နေတာတွေ ရှိပါတယ်၊ အဲဒီအပေါ်ဆရာ့ရဲ့အမြင် သဘောထားလေး သိပါရစေ။
ဖြေ ။ ။ လက်ရှိ အစိုးရသစ် လက်ထက်မှာ အားလုံး ဝိုင်းဝန်းပြီးတော့ မန္တလေးသြင်္ကန်ကို ပြန်လည် ပုံဖော်လာကြတယ်၊ ပထမအဆင့် အနေနဲ့ လမ်းလျှောက်သြင်္ကန် ဆိုပြီးတော့ အရင်တုန်းက ပုံစံမျိုး ယဉ်ယဉ်ကျေးကျေး ရေပက်ကြတာ မျိုးတွေ နဲ့ အရွယ်သုံးပါးမရွေး အေးအေးဆေးဆေးနဲ့ သြင်္ကန်အရသာအပြည့်အဝခံစားလို့ရနိုင်အောင် လုပ်ပေးလာတယ်။
ဒီအစဉ်အလာက အလွန်ကောင်းတယ်လို့ ပြောချင်တယ်၊ သို့သော်လည်းပဲ မန္တလေးသြင်္ကန်က ရေပက် တာ အဓိကမဟုတ် ဘူး၊ မြန်မာ့ရိုးရာ အစားအသောက် စားတာ အဓိကမဟုတ်ဘူး၊ မန္တလေးမှာ သီတင်းကျွတ်လဆန်းမှာစတဲ့ ဘုရားသုံးဆူ ပွဲကနေ တပေါင်းလမှာ ကျင်းပတဲ့ ဝါခင်းကုန်း ပန်းမွေ့ရာ ခင်း ပွဲတော်အဆုံး၊ ဓမ္မာရုံ ဘုရားပွဲတော်တွေနဲ့ ပွဲလမ်းသဘင် တွေက ၁၂ရာသီလုံး အပြည့်ရှိတယ်၊ မြန်မာ့ရိုးရာ အစားအစာတွေဆိုတာ မစားချင်မှအဆုံး၊ ရိုးရာ ဓလေ့ထုံးတမ်းတွေ ဆိုတာလည်း တလျှောက်လုံး ရှိနေသေးတယ်။
ဒါကြောင့် သြင်္ကန်မှာ မြန်မာ့ရိုးရာ အစားအသောက်ကို ပြန်ဖော်စရာလည်း မလိုဘူး၊ မြန်မာ့ရိုးရာ ၁၂ ပွဲဈေးကြီးလည်း ပြန်ဖော်စရာမလိုဘူး၊ အဓိက ဘာလဲဆိုတော့ တချိန်က ခေတ်စားခဲ့တဲ့ အနုပညာ၊ မန္တလေးအနုပညာ၊ မန္တလေးဂီတ၊ အလှပြ ယာဉ်ကြီးတွေ၊ အလှပြမဏ္ဍပ်ကြီးတွေ တကယ့်ရိုးရာ ဖော် ဆောင်တဲ့ တေးသီချင်းတွေ၊ အဆိုတွေ၊ အကတွေ ဒါတွေကို ပြန်ဖော်ထုတ်ရမှာဖြစ်တယ်၊ အခုအချိန်ထိ တော့ အဲဒီအပေါ်မရောက်သေးဘူး။
မေး ။ ။ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကျုံးဘေးမှာ လမ်းလျှောက်သြင်္ကန်တို့၊ တောသြင်္ကန်တို့ ဆိုပြီး လုပ်ဆောင်လာတာရှိပါတယ်၊ အောင်မြင်မှုတွေလည်း ရရှိနေပါတယ်၊ အဲဒီ အပေါ်ဆရာ့ရဲ့အမြင်သဘောထားလေး သိပါရစေ။
ဖြေ ။ ။ မနှစ်ကစပြီး တောသြင်္ကန်ဆိုတာလည်း ထည့်သွင်းလာတယ်၊ လမ်းလျှောက်သြင်္ကန် လုပ် တယ်၊ သိပ်ကောင်း သွားတယ်၊ ကျုံးဘေး မြို့ရိုး ၄၈ရပ် ပြသာဒ်တွေနဲ့ ကျုံးထဲက ရေတွေကို ဖြုန်း တီးရာ မရောက်ဘဲနဲ့ အားလုံး လွတ်လွတ် လပ်လပ် ပျော်ပျော်ရွှင်ရွှင် ယဉ်ယဉ် ကျေးကျေး ကစားနိုင် တယ်၊ တကယ်ကိုကောင်းပါတယ်၊ သို့သော် သြင်္ကန်မှာ လမ်း လျှောက်ပြီး တော့ ကောက်ညှင်းပေါင်းနဲ့ အကြော်စားရုံလောက်က တကယ့်မန္တလေးသြင်္ကန်ရဲ့အနှစ်သာရမဟုတ်ဘူး။
အခုဟာက ဦးတည်ပြီး ထွက်လာတဲ့လမ်းကြောင်းတွေက သိပ်ကို ကောင်းလွန်းပါတယ်၊ သို့သော် ဘာလဲဆိုတော့ ရိုးရာ အစားအသောက်နဲ့ တောသြင်္ကန် ဆိုတာက တမျိုးဖြစ်သွားတယ်၊ သြင်္ကန်နဲ့ ဘယ်လိုမှ မအပ်စပ်သလိုဘဲ၊ ပြောရမယ်ဆိုရင် ညပိုင်းဘုရားပွဲ ဈေးပုံစံပဲ။
အဲဒီတော့ ဘာပဲပြောပြော မန္တလေးသြင်္ကန် ဆိုတာ တလျှောက်လုံး မြန်မာ့ရိုးရာသြင်္ကန်ရဲ့ အမှတ်လက္ခဏာ အဖြစ် ထင်ရှားခဲ့တာကို ဒီနေ့ ပြန်လည် ဖော်ထုတ်တဲ့ နေရာမှာ လမ်းကြောင်းမှန်စွာနဲ့ မန္တလေးသြင်္ကန် ရဲ့အဆီအနှစ်၊ မြို့ရဲ့ အမှတ်အသား၊ မြို့ရဲ့ အထိမ်းအမှတ် အမျိုးသား အမွေအနှစ် တခုအနေနဲ့ ထိန်းသိမ်းနိုင်တဲ့ ဖော်ထုတ်နိုင်မယ်ဆိုရင် ပိုပြီးကောင်းပါ တယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ လက်ရှိမန္တလေးသြင်္ကန်က ဘယ်လိုအရာတွေက လမ်းကြောင်းမှန်ကိုမရောက်သေး တာလဲဆရာ။
ဖြေ ။ ။ မန္တလေးသြင်္ကန်က အစဉ်အလာတွေ ကြီးမားစွာ ရှိခဲ့တဲ့ မန္တလေးသြင်္ကန်ပါ၊ မန္တလေး သြင်္ကန် အထိမ်းအမှတ်က ဂီတသြင်္ကန်၊ အကသြင်္ကန်ပါ၊ ဒါတွေကို ပြန်ရောက်စေချင်တာပါ၊ မရောက်သေးဘူးဆိုတာက စိတ်မဝင်စားကြတာလား၊ ရောက်ရကောင်းမှန်မသိတာလားတော့ မပြောတတ်ဘူး။
ကျနော်တို့ ဖြစ်စေချင်တာက အလှပြမဏ္ဍပ်ကြီးတွေ ပြန်ပေါ်လာအောင်၊ အလှပြယာဉ်ကြီးတွေ ပြန်ပေါ်လာအောင်၊ နောက် သီချင်းတွေ၊ သီချင်းတွေ ဆိုတာက အမျိုးသား အမွေအနှစ် ဖြစ်တယ်၊ ဂီတဆိုတာ အမျိုးသား အမွေအနှစ်ဖြစ်တယ်၊ ဥပမာ ရွှေမန်းတောင် ရိပ်ခို သီချင်းဆိုရင် ၁၉၄၇ခုနှစ်က ဆရာငြိမ်း ရေးစပ်ခဲ့တယ်။
အခုဆိုရင် သြင်္ကန်ရဲ့အထိမ်းအမှတ် နိုင်ငံတော် သီချင်းဖြစ်သွားတာ အမျိုးသား အမွေအနှစ်ပဲ၊ ဒီတပုဒ် ထဲတင် မဟုတ်ဘူး၊ သြင်္ကန်သီချင်း မှန်သမျှ မန္တလေးသြင်္ကန်က အများဆုံး ပေါ်ထွက်ခဲ့တာ ၉၉ရာခိုင် နှုန်းလောက်ရှိတယ်၊ ဒါတွေက အမျိုးသားအမွေအနှစ်တွေဖြစ်တယ်။
ဒီတော့ ဒီလို သြင်္ကန်မဏ္ဍပ်တွေ၊ သြင်္ကန်အလှပြယာဉ်တွေ မရှိတော့တာနဲ့ အမျိုးသား အမွေအနှစ်က ကန်းသွားပြီ မရှိတော့ဘူး၊ အဲဒါမျိုးတွေကို ဦးစားပေး ပြန်လည်ဖော်ထုတ်ကြရမှာ ဖြစ်တယ်။
မေး ။ ။ လက်ရှိမန္တလေးသြင်္ကန်ကို အရင်လို ပြန်ဖြစ်အောင် လုပ်မယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ ဆရာ။
ဖြေ ။ ။ ဒါတွေကို ပြန်လည် ဖော်ထုတ်မယ်ဆိုရင် သက်ဆိုင်ရာအစိုးရတွေက မြို့မိမြို့ဖတွေနဲ့ ရပ်ကွက်တွေအလိုက် အလှပြမဏ္ဍပ်တွေ၊ အလှပြယာဉ်ကြီးတွေပေါ်လာအောင် အားပေးရမယ်၊ ဒါတွေက မခဲယဉ်းတဲ့ကိစ္စတွေပဲ ဖြစ်တယ်။
အခုအချိန်ထိကို မန္တလေးမှာ ဆိုတတ်၊တီးတတ်၊ ကတတ်၊ ရေးတတ်တဲ့သူတွေ အများကြီးကျန်နေ သေးတယ်၊ သူတို့ကနေ အသစ် အသစ် တွေကို ရေးကြ၊ ဆိုကြ၊ ကကြ ပြန်လုပ်လာနိုင်မယ်ဆိုရင် အမျိုးသားအမွေအနှစ်ပြန်ဖြစ်လာမှာ၊ ဒါမှသာ လက်ဆင့်ကမ်း အမွေကို ထိန်းနိုင်မှာ ဖြစ်တယ်။
ဌာနဆိုင်ရာတွေ အနေနဲ့လည်း သက်ဆိုင်ရာ ဌာနအလိုက် အလှပြမဏ္ဍပ်တွေ ပြန်လုပ်လာ နိုင်အောင် လည်း ကြိုးစားပေး သင့်တယ်၊ အရင်ကဆိုရင် မန္တလေး ဆေးတက္ကသိုလ် ကနေ ရိုးရာ ယဉ်ကျေးမှု မဏ္ဍပ်ကို အချိန်အတော ်ကြာအောင်ထိကို လုပ်ခဲ့တယ်၊ နောက်ပိုင်း အားပေးမယ့်သူ မရှိတော့လို့သာ ပျက်ခဲ့ရတာ။
ဒီလို အချိန်အခါမျိုးမှာသာ သက်ဆိုင်ရာ ကနေ ပြန်လည် အားပေးမယ်ဆိုရင် တချိန်ကရှိခဲ့တဲ့ မန္တလေးတက္ကသိုလ်က အလှပြယာဉ်၊ သစ်တောကနေ ကျွန်းရွှေဝါဆိုတဲ့ အလှပြယာဉ်၊ မြောက်ပြင်က နုယဉ် အလှပြယာဉ်၊ ယမင်းသူဇာလို အလှပြ မဏ္ဍပ်မျိုးတွေ ပြန်လည် ပေါ်ထွက် လာကြဦးမှာပါ၊ အဓိက အားပေးဖို့၊ ခွင့်ပြုပေးဖို့နဲ့ ပံ့ပိုးကူညီမှုတွေ လုပ်ပေးဖို့ပဲ လိုတာပါ။
မေး ။ ။ ဒီနှစ်မှာဆိုရင် နှစ်ပေါင်းမြောက်များစွာ ကွယ်ပျောက်နေတဲ့ ရပ်ကွက်ယိမ်းတွေကို ပြန်လည် ဖော်ထုတ်တဲ့အနေနဲ့ ရပ်ကွက်ယိမ်း အဖွဲ့ ပြိုင်ပွဲကိုလည်း ထည့်သွင်းထားပါတယ်၊ ယိမ်းပြိုင်ပွဲအပေါ် မှာရော ဘာများပြောချင်ပါသလဲဆရာ။
ဖြေ ။ ။ ဒီနှစ်မှာ ယိမ်းပြိုင်ပွဲတွေ ထည့်တာ ကောင်းပါတယ်၊ သို့သော် ပြိုင်ပွဲ ဆိုတာ မျိုးထက် တမြို့နယ်မှာ အလှပြ မဏ္ဍပ် အနည်းဆုံး ၂ခု၊ ၃ခု၊ အလှပြယာဉ် ၂စင်း၊ ၃စင်းဖြစ်အောင် အားပေးမယ် ဆိုရင် လုပ်ငန်းရှင်တွေကလည်း ဒီအတွက် တွန့်တို ကြမယ် မထင်ပါဘူး၊ အားလုံးဝိုင်းကြ ဝန်းကြမှာ ပါပဲ။
အဲဒီမဏ္ဍပ်တွေ အပေါ်မှာ ရိုးရာကို အခြေခံတဲ့ မဏ္ဍပ် အပြင်အဆင်တွေ၊ သီချင်းသစ်တွေ၊ ယိမ်းအက တွေ ပြန်လည်ဖော် ထုတ်လာနိုင်မယ်၊ ဒါတွေကို အရင်ပုံစံအတိုင်း ကော်မတီက လှည့်ပြီးတော့ ကြည့် ပြီး အမှတ်ပေးတာမျိုးဆို ပိုမကောင်းပေ ဘူးလား၊ ဘာကြောင့်လဲဆိုတော့ သြင်္ကန်အက ဆိုတာ ကလည်း အကဗေဒ တခုဖြစ်တယ်၊ အရပ်သူကနေ တက်ကကြ တာဖြစ်တယ်။
အရပ်သူက တက်ကကြတဲ့ အခါမှာ ပညာရှင်တွေလိုမဟုတ်ဘူး၊ သို့သော် မန္တလေးသူတွေဖြစ် နေတဲ့ အတွက် အနုပညာ ဓာတ်ခံက အားလုံးလိုလို ရှိပြီးသား ဖြစ်နေကြတယ်၊ ပညာရှင်တွေလို ခေါင်းခါး ခြေလက် အပြည့်အစုံမဟုတ်ပေမယ့် သြင်္ကန်အကကို အရပ်သူတွေက ကတတ်သလိုလေးနဲ့ အနုပညာမြောက်စွာ ကနိုင်တယ်။
အဲဒီလိုကကြတဲ့အခါမှာလည်း အလွန်အိန္ဒြေ ကြီးလှတဲ့ မန္တလေးသူတွေ စင်ပေါ် ရောက်သွားတဲ့ အခါမှာ ပျော်ရွှင်မှု ပီတိ အရ ကချင် ခုန်ချင်တယ်၊ သို့သော် ရှက်တယ်ဆိုတဲ့ စိတ်ကလေးနဲ့ ကချင် ခုန်ချင်တဲ့ စိတ်ပဋိပက္ခကြားမှာ ပေါ်လာတဲ့ အကမျိုး ဖြစ်တယ်၊ သိပ်လှတဲ့ အက ဖြစ်တယ်၊ ဒီအကမျိုး တွေကလည်း ဘာပဲပြောပြော အမျိုးသားအမွေအနှစ်ဖြစ်တယ်။
ဒါမျိုးတွေ ပြန်ပေါ်လာအောင် အားပေးရင် ပိုမကောင်းပေဘူးလား၊ အားပေးတယ်ဆိုတာ ပိုက်ဆံချပေး ခိုင်းတာမျိုး မဟုတ် ပါဘူး၊ မဏ္ဍပ်တွေ ဆောက်နိုင်အောင် လိုအပ်တဲ့ ခွင့်ပြုမိန့်တွေ ထုတ်ပေးမယ်၊ လိုအပ်တာတွေကို ပံ့ပိုးပေးမယ်၊ လုပ်ငန်းရှင် တွေနဲ့ စည်းရုံးပြီး ချိတ်ဆက်ပေးနိုင်မယ်ဆိုရင် အရင်လို အများကြီး မဟုတ်တောင် တမြို့နယ်မှာ အလှပြမဏ္ဍပ် တလုံး တော့ ကောင်းကောင်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
သြင်္ကန်ရဲ့အမှတ်အသားက အလှပြယာဉ်၊ ရပ်ကွက်တွေမှာ စုစည်းထားတဲ့ အမျိုးသမီးယိမ်းအက အဖွဲ့ ဧည့်ခံမဏ္ဍပ်တွေ ဖြစ်တယ်၊ ဒါတွေလိုနေတာ၊ အခုက ဒါတွေမရှိဘူးဖြစ်နေတာ၊ အလှပြယာဉ်ဆိုတာက လည်း မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲနေ့မှာ ငွေငန်းနဲ့ မြို့မတစင်းက ဖြတ်သွားတာနဲ့ ပြီးသွားတာမျိုး ဖြစ်နေတယ်။
တကယ်တမ်း မန္တလေးသြင်္ကန် ဆိုတာ အလှပြယာဉ် ကြီးတွေက ညလုံးပေါက် တမြို့လုံးမှာ ရှိတဲ့ အလှပြမဏ္ဍပ်တွေမှာ လှည့်ပြီး ဖျော်ဖြေကြတာမျိုးပါ၊ လက်ရှိမှာ ရှေးတုန်းကလို အလှပြမဏ္ဍပ်တွေ ရာချီ မရှိရင်တောင်မှ တမြိ့နယ်မှာ အလှပြ မဏ္ဍပ်တခုပဲ ရှိမယ်ဆိုရင်တောင် မန္တလေးသြင်္ကန်ရဲ့ပုံရိပ်ကို ပြန်ဖော်ထုတ်နိုင်သလိုပဲ။
ဒါတွေက နိုင်ငံခြားသားတွေ အပါ အဝင် ပရိတ်သတ်ကိုစွဲဆောင်တဲ့ အရာတွေလည်း ဖြစ်တယ်၊ အဲဒီအရာတွေကမှ အမျိုးသား အမွေအနှစ်တွေပါ။
အဲဒီအရာတွေကို ပြန်လည် ဖော်ထုတ်မယ် ဆိုရင် မြို့လူထု ပူးပေါင်း ပါဝင်နိုင်အောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်၊ အခု တခု အားနည်း နေတာက သြင်္ကန်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်မှုတွေက မြို့မိ မြို့ဖ မြို့ လူထုနဲ့ ပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်းနေပါတယ်၊ ပူးပေါင်းမှု မရှိဘူး၊ သူတို့ စီစဉ်ထားတဲ့ အပေါ်မှာပဲ မြို့လူထုက ပါဝင် ဆင်နွှဲရတာပဲရှိတယ်။
မေး ။ ။ သံချပ် ပြိုင်ပွဲနဲ့ ပတ်သက်ပြီး အရင်က အခြေအနေနဲ့ လက်ရှိ အခြေအနေ ကွာခြားချက်နဲ့ သံချပ်အပေါ်ထားတဲ့ ဆရာ့ အမြင်သဘောထားကို သိပါရစေ။
ဖြေ ။ ။ မန္တလေးရဲ့သံချပ်မူက ရန်ကုန် သံချပ်မူနဲ့ မတူဘူး၊ ရန်ကုန် သံချပ်မူက သရုပ်ပြဖျော်ဖြေ တင်ဆက်တာကို အဓိက ထားတယ်၊ မန္တလေး သံချပ်မူက စာသားနဲ့ ကဗျာ၊ လင်္ကာ၊ သီချင်းကို အဓိကထားတယ်။
နောက် ပြိုင်တဲ့ ပုံစံကလည်း မန္တလေး သံချပ်က မိမိ ကိုယ်ပိုင် သံချပ်ယာဉ်ပေါ်ကနေ မတ်တပ်ရပ်ပြီး တော့ သံချပ်ထိုး တာကို အကဲဖြတ်ဒိုင်က သက်ဆိုင်ရာ ဆုပေး မဏ္ဍပ်ပေါ်ကနေ ထိုင်နားထောင်ပြီး တော့မှ အကဲဖြတ်တဲ့အစဉ်အလာ။
အခု အဲဒီလို မဟုတ်တော့ဘဲနဲ့ ကားနဲ့သွားပြီး မဏ္ဍပ်ပေါ်တက် သံချပ်ထိုးတယ် ဆိုတာ မန္တလေးအစဉ် အလာ မဟုတ်ဘူး၊ သံချပ် အသင်းတွေ တော်တော်များများက အခုလို မဏ္ဍပ်ကြီးပေါ်တက် သံချပ်ထိုး ရတာကို မကြိုက်ဘူး၊ ကိုယ်ပိုင်ယာဉ် ပေါ်ကနေပဲ သံချပ်ထိုးချင်ကြတာ။
ဘာလို့လဲ ဆိုတော့ သံချပ်ယာဉ်ပေါ်မှာ သံချပ်နဲ့ ပတ်သက်တဲ့ အပြင်အဆင်တွေ ကားရဲ့ပတ်လည်မှာ ပါတယ်၊ အခုတော့ မြို့တော်ဝန် မဏ္ဍပ်မှာပဲ ပြိုင် နေကြရတယ်၊ သံချပ်သမားတွေ အကြိုက်ဖြစ်ဖို့ ဆိုရင် အလှပြမဏ္ဍပ်တွေ အများကြီးရှိမှရ မယ်၊ ဒါမှသာ မန္တလေးသြင်္ကန်ရဲ့ အစဉ်အလာဆိုတာ ပြန်လည်ပေါ်ပေါက်လာမှာ ဖြစ်တယ်။
နောက်ပြီး မန္တလေး သံချပ်ဆိုတာ စာသားရဲ့အသံ အတိုင်အဖောက် အပေါ်မှာ အင်နဲ့အားနဲ့ လုပ်ကြတာ၊ မန္တလေး သံချပ် ရေး စပ်တာကိုက ရှေးက စပ်တဲ့ အစဉ်အလာ အတိုင်း အချိုးအစား အတိုင်း စပ်ပြီးတော့မှ တက်ပြီး ဆိုခဲ့ကြတာတွေ၊ ခြေထောက် ထိုးပြီးတော့ ကသလို သံချပ်ထိုးတာက မန္တလေးမှာ မရှိဘူး။
သို့သော် မူလ မန္တလေးရဲ့ကောင်းမြတ်တဲ့ အစဉ် အလာတွေ ပျောက်သွားတဲ့ အခါမှာ အရိုးကို အရွက်ဖုံးပြီးတော့ ရန်ကုန်က ပေါ်ပင်သံချပ်မျိုးတွေက မန္တလေးမှာ ပေါ်လာ တာဟာ သိပ်ကို ဝမ်းနည်းစရာကောင်းတယ်။
အဲဒီတော့ သံချပ် အစဉ်အလာ ဆိုတာကလည်း မန္တလေး သံချပ်နဲ့ ပတ်သက်ပြီးတော့ အစဉ်အဆက် လုပ်ခဲ့ကြတဲ့ ပညာ ရှင်တွေ ရှိတယ်၊ သံချပ် ဝိုင်းတော်သားတွေရှိတယ်၊ သူတို့ဖြစ်ချင်သော ဆန္ဒသည် မူလသံချပ်ထိုးတဲ့အတိုင်း သံချပ်ထိုးပြီး တော့ ပြိုင်ပွဲ ဝင်ချင်ကြတယ်၊ နောက်ပြီးတော့ အမှတ်ပေးတဲ့ အခါမှာလည်း စာသားအပေါ်မှာ အမှတ်ပေးတာမျိုးကိုပဲ လိုချင်ကြတယ်၊ သရုပ်ပြတဲ့အပေါ်မှာ အမှတ်အများကြီးပေးထားတာမျိုးက မန္တလေးသံချပ်က သရုပ်ပြက အဓိက မဟုတ်ပါဘူး။