ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကျန်းမာရေး ဆိုးရွားနေပြီး နောက်ဆုံးအနေဖြင့် ရွှေတိဂုံဘုရားဖူးရန် ဆန္ဒရှိနေ ကြောင်း ဧရာဝတီသတင်းဌာနမှ သတင်းရေးသားခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော၏ သမီးဖြစ်သူ ဒေါက်တာလှကျော်ဇောအား သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက သမ္မတဦးသိန်းစိန်မှ ပြန်လာခွင့်ပြုကြောင်း ဆက်သွယ် အကြောင်းကြားလာခဲ့သည်။ ဗိုလ်မှူးချုပ်ကျော်ဇော၏ နောက်ဆုံး ကျန်းမာရေး အခြေအနေ၊ ပြည်တော်ပြန် ခရီး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဆက်ဆံရေးတို့နှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ရန်ပိုင်က ဒေါက်တာလှကျော်ဇောကို ဆက်သွယ်မေးမြန်းထားသည်။ ဒေါက်တာလှကျော်ဇောသည် ယခုအခါ တရုတ်နိုင်ငံကူမင်းမြို့တွင် ဖခင်ဖြစ်သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို အနီးကပ် နေထိုင် ပြုစုနေသူဖြစ်သည်။
မေး။ ။ အစိုးရက ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပြန်လာခွင့်ပြုလိုက်ပြီလို့ သိရတယ်။ အဲဒီခွင့်ပြုချက်ကို ဘယ်သူက ဆရာမတို့ ဆီကို အကြောင်းကြားလာပါသလဲ။
ဖြေ။ ။ ဟုတ်ပါတယ်။ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ကိုယ်တိုင်ဖုံးဆက်အကြောင်းကြားတာပါ။ သူပြောတာကတော့ ရဲဘော် သုံးကျိပ်ဝင် တယောက်အနေနဲ့ အဘ ဗိုလ်ကျော်ဇောကို သမ္မတကြီးက ဗမာပြည်ပြန်လာဖို့ ခွင့်ပြုပါတယ်၊ သူတို့ အနေနဲ့ ဘာတွေလုပ်ဆောင်ပေးရမလဲ၊ အဘ ကျန်းမာရေး နဲ့ ပတ်သက်လို့ လုပ်ဆောင်စရာရှိတာတွေ ရှိရင်လည်း ပြောပါ လုပ်ပေးမယ်လို့ ဆိုပါတယ်။ ပြောတဲ့ပုံစံက ကောင်းကောင်းမွန်မွန်ပါပဲ၊ တကယ်ကို ရင်းရင်းနှီး ခင်ခင်မင်မင်၊ အရင်တုန်းက မိတ်ဟောင်း ဆွေဟောင်းတွေ ပြောသလိုပါပဲ။ ဖေဖေကို ပြန်ခေါ်တာကိုလည်း ကျေးဇူးတင်ပါတယ်။
မေး။ ။ အစိုးရက ပြန်ခွင့်ပြုလိုက်ပြီဆိုတော့ ဗိုလ်မှူးချုပ် ကျော်ဇောမိသားစု အနေနဲ့ ပြန်ဖို့ ဘယ်လို သဘောရပါသလဲ။
ဖြေ။ ။ အစိုးရက ရဲဘော်သုံးကျိပ်ဝင်တယောက် အနေနဲ့ ဖိတ်ပေမယ့် နိုင်ငံရေးကဏ္ဍအရ ဖေဖေက ဗမာပြည် ကွန်မြူနစ်ပါ တီရဲ့ ခေါင်းဆောင်ဟောင်းတယောက်ပါ။ ဒါကြောင့် ကျမတို့မှာ တိုင်ပင်စရာတွေ အများကြီး ရှိပါသေးတယ်။ ပါတီနဲ့လည်း တိုင် ပင်ရပါဦးမယ်။ နောက် ကျန်းမာရေး အပိုင်းမှာလည်း ဖေဖေ့ အခြေအနေက တည်ငြိမ်ရုံလေးပဲ ရှိပါသေးတယ်၊ နလံထူအောင် လုပ် ရအုံးမှာပါ။ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူး။ ဖေဖေ ကျန်းမာရေးကောင်းရင် ဆက်ဆွေးနွေးတာပေါ့လို့ ဝန်ကြီး ဦးအောင် မင်း ကိုလည်း ပြောလိုက်ပါတယ်။
မေး။ ။ ဆရာမတို့ ပြန်မယ်ဆိုရင် တခြားသူတွေလို အလည်အပတ်ပဲလား၊ အပြီးပြန်ဖို့ စိတ်ကူးထားလား။
ဖြေ။ ။ ကျမတို့ ပြန်ချင်တယ်ဆိုတာ ဟိုးတုန်းကတည်းက တလျှောက်လုံး ဆိုခဲ့တာပဲလေ။ ဒါပေမယ့် ကျမတို့ ယုံကြည်ချက်တွေ ခံယူချက်တွေ နိုင်ငံရေးတွေကို စွန့်ပစ်ပြီး ပြန်မှာ မဟုတ်ပါဘူး။ ပြန်မယ်ဆိုရင်လည်း အပြီးပြန်မယ်။ အပြီးသတ် ဘယ်လိုအချိန်မှာ ပြန်မလဲဆိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ တကယ်ပဲ ဘယ်နိုင်ငံရောက်နေနေ ဘယ်အယူဝါဒမဆို ပါတီစုံပေါ့ အယူအဆ အမျိုးမျိုးနဲ့ တကယ့်ကို စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံကြီး တည်ထောင်ပြီး ဒီတိုင်းပြည်ကြီးကို ဖွံဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းဖို့ စည်းလုံးညီညွတ်တဲ့ နိုင်ငံကြီး တည်ဆောက်ဖို့ အားလုံးပြန်လာပြီး ညီညီညွတ်ညွတ် အင်တိုက်အားတိုက်လုပ်ဆောင်တဲ့ နိုင်ငံမျိုးကို ကျမတို့ ပြန်ချင်တာ၊ ပြန်ရင်လည်း အပြီးအပိုင် ပြန်ချင်တာ။
မေး။ ။ ဒီ အစိုးရဖိတ်ခေါ်မှုနဲ့ ပတ်သက်ပြီး ဆရာမတို့ကို ဗမာပြည်ကွန်မြူနစ်ပါတီက ဘယ်လိုသဘောထားပေးပါသလဲ။
ဖြေ။ ။ ပါတီက ကျမတို့ကို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ကျမတို့က ပါတီဝင်တွေဖြစ်တယ်။ ဖေဖေလည်း
ခေါင်းဆောင်ဟောင်းတယောက် ဆိုပေမယ့် သူ့ကိုယ်သူ ပါတီဝင်တယောက်လို သဘောထားပါတယ်။ ဒါကြောင့် ဘာကိစ္စပဲလုပ်လုပ် ကျမတို့ ပါတီစည်းကမ်းအတိုင်း ပါတီကို တင်ပြပါတယ်။ ဒါကြောင့် ပါတီက လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပြုတယ်၊ အဲဒီဆုံးဖြတ်ချက်ကိုလည်း ပါတီက လေးစားလိုက်နာပါမယ်လို့ ပြောပြီးသားပါ။ ဒါကြောင့် လွတ်လွတ်လပ်လပ် ကျမတို့ဘာသာ ကျမတို့ ဆုံးဖြတ်မှာပါ။
မေး။ ။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက ဗိုလ်မှူးချုပ်ကျော်ဇောလို အိပ်ရာပေါ်လဲနေတဲ့ လူမမာ တယောက်ကို ပြန်လာဖို့ ခွင့်ပြုတာဟာ အစိုးရရဲ့ နိုင်ငံရေး အမြတ်ထုတ်မှုတခုလို့ ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ဆိုထားတယ်။ အဲဒီ သဘောထား အပေါ်မှာ ဘယ်လို မှတ်ချက် ပေးချင်ပါသလဲ။
ဖြေ။ ။ သူတို့လည်း နိုင်ငံရေးသမားတွေ ကိုယ်လည်း နိုင်ငံရေးသမားတွေပဲ၊ သူတို့က အမြတ်ထုတ်သလို ကိုယ်လည်းပြန် အမြတ်ထုတ်ရင် မြတ်မှာပေါ့။ အခု အစိုးရဖိတ်ခေါ်လို့ ပြည်တော်ပြန်တဲ့သူတွေ အများကြီးပဲ။ သူတို့ ယုံကြည်ချက်အတိုင်း တိုင်းပြည်တိုးတက်ရေးကို လုပ်နိုင်မယ်ဆိုရင်တော့ ပြည်တော်ပြန်တဲ့သူတွေ မြတ်တာပေါ့။ ဒါမှမဟုတ် ပြန်လာရုံသက်သက် အပေါ်ယံကြောခေါ်တာ ဆိုရင်တော့ အစိုးရက အမြတ်ထွက်တာပေါ့၊ ဒါဟာ နိုင်ငံရေးကစားကွက်တခုပါပဲ။ ဒါကို ကိုယ်ကကြည့်ပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပေါ့။ နိုင်ငံရေး သမားဆိုတာ ဒီလိုပဲကြည့်ရတယ်။ ပြဿနာ တခုပေါ်လာရင် ဘယ်လောက် အမြတ်ထွက်သလဲ၊ အရှုံးထွက်သလဲဆိုတာ ဒီလိုပဲ တွက်ချက် ကြည့်ရမှာပေါ့။
မေး။ ။ ဟိုတုန်းက ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ပင်စင်လစာနဲ့ ဝယ်ခဲ့တဲ့ စမ်းချောင်းက အိမ် အခုရှိပါသေးလား။ အစိုးရက သိမ်းထားတာလား။
ဖြေ။ ။ မသိမ်းပါဘူး၊ ရှိပါတယ်။ ဖေဖေ့ ညီအငယ်ဆုံး ကျမတို့ ဦးလေးမိသားစုက အိမ်စောင့်အဖြစ် နေနေပါတယ်။
မေး။ ။ ဗမာပြည် အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် တယောက်အနေနဲ့ ဒေါက်တာလှကျော်ဇောရဲ့ အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ အစိုးရအနေနဲ့ တိုင်းပြည်ကြီးကို တကယ်ပဲချစ်တယ်၊ တကယ် တည်ဆောက်ချင်တယ် ဆိုရင်တော့ အယူဝါဒ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေးပေါ့ ပြန်လာချင်တဲ့သူ ပြန်လာခွင့်ပြုရမယ်။ အခု ဖေဖေကို ပြန်ခေါ်တာတောင် ကျမတို့ မိသားစုဝင်တွေ အကုန်မခေါ်ဘူး။ ဖေဖေမှာ သားသမီး သုံးယောက်ရှိတယ်၊ မြေး ၇ယောက်ရှိတယ်။ အကုန်ပြန်မခေါ်ဘူး။ ဦးအောင်မင်းပြောတာက အဘ ဗိုလ်ကျော်ဇောကို အနီးကပ်ပြုစုဖို့ သမီးနှစ်ယောက်ကို လိုက်ပါ ခွင့်ပြုတယ်လို့ပဲ ပြောတာလေ။ ကျမမောင် ကိုအောင်ကျော်ဇောလည်း မပါဘူး။ အဲဒီလို အကန့်အသတ်တွေနဲ့ တော့ တိုင်းပြည်ကြီးကို အမျိုးသား စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေ အတွက်တော့ သိပ်မသင့်တော်ဘူး ထင်တယ်။
မေး။ ။ ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ နောက်ဆုံးကျန်းမာရေး အခြေအနေ ဘယ်လိုရှိလဲ။
ဖြေ။ ။ အဆုတ်ပြွန်ရောင်တာ သက်သာသွားပြီ။ အခု အစာပြွန်ကိုထုတ်ပြီး ပါးစပ်ကနေ တဖြည်းဖြည်းပြန်ကျွေးရမှာ၊ မတော်တဆ သီးပြီး တခုခုဖြစ်လိုက်ရင် အဆုတ်ပြန်ရောင်မှာလည်း ကြောက်ရသေးတယ်။ ကလေးတွေလို တဖြည်းဖြည်း ပြန်လုပ်ရမှာဆိုတော့ ဒီနေ့ကစပြီး ကျမမအားတော့ဘူး။ ဘယ်သူကိုမှလည်း အင်တာဗျုးမပေးနိုင်တော့ဘူး။ ဖေဖေကျန်းမာရေးကိုပဲ အလေးပေးရတော့မယ်။ ။
ဆက်စပ်ဖတ်ရှုရန်
- ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ရွှေတိဂုံဘုရား နောက်ဆုံးဖူးရန် ဆန္ဒရှိ
- ဗိုလ်မှူးချု့ပ်ဟောင်း ကျော်ဇော ရွှေတိဂုံဘုရားဖူးခွင့် ရပြီ