မြန်မာရိုးရာအစားအစာတွေကို စားသောက်ရတာ နည်းနည်းရိုးလာတဲ့ စားသုံးသူတွေအတွက် တိုင်းရင်းသား အစားအစာတွေကို တစ်နေရာထဲမှာ ရရှိနိုင်မယ့် ဆိုင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကချင်၊ ကရင်၊ မွန်၊ ရှမ်း အစားအစာများ ရရှိနိုင်ပြီး တိုင်းရင်းသား စားဖိုမှူးများကိုယ်တိုင် ချက်ပြုတ်တာဖြစ်ပါတယ်။
ရန်ကုန်မြို့ကျောင်းကုန်းလမ်းထဲမှာရှိတဲ့ “ရွှေကြာနီ” တိုင်းရင်းသားစားသောက်ဆိုင်လေးပါ။ ဆိုင်ထဲဝင်လိုက်တာနဲ့ တိတ်ဆိတ်ပြီး မြန်မာဆန်တဲ့ အပြင်အဆင်နဲ့ သန့်ရှင်းသပ်ရပ်တဲ့ ချစ်စဖွယ်ဆိုင်ခန်းလေးကို တွေ့မြင်ရမှာပါ။ သူငယ်ချင်းတွေနဲ့ အတူစားချင်လို့ပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စဆွေးနွေးချင်လို့ပဲဖြစ်ဖြစ်၊ ကိုယ်တစ်ယောက်တည်း အေးအေးဆေးဆေး စားသောက်လိုတာပဲဖြစ်ဖြစ် အဆင်ပြေမယ့်ဆိုင်လေးပါပဲ။ ဆိုင်က နှစ်ထပ်ဖြစ်ပြီး ဆိုင်ခန်းနံရံတွေမှာ မြန်မာမှုပန်းချီကားတွေကို ချိတ်ဆွဲထားပါတယ်။ နိုင်ငံခြားသား စားသုံးသူတွေ လာရောက်စားသုံးတဲ့အခါ တိုင်းရင်းသားပေါင်းစုံ ဖွင့်ထားတဲ့ဆိုင်ဖြစ်ပေမယ့် သူတို့က မြန်မာပဲသိတာမို့ မြန်မာ့ယဉ်ကျေးမှုပေါ်လွင်အောင် စီစဉ်ထားတာပါ။
“ကျနော်ကိုယ်တိုင်လည်း မွန်တိုင်းရင်းသားတစ်ယောက်ပါ။ ကျနော်ရန်ကုန်ရောက်တော့ တိုင်းရင်းသား အစုံတွေ့ရတယ်။ ဒါပေမယ့် တိုင်းရင်းသားအစားအစာအစုံ မစားဖူးသေးတော့ စားကြည့်ချင်တယ်ပေါ့နော်။ တခြားတိုင်းရင်းသားတွေလည်း အဲ့လိုစားကြည့်ချင်မှာပဲဆိုတဲ့ စိတ်ကူးနဲ့ ကျနော်ဖွင့်ဖြစ်ခဲ့တာပါ” လို့ ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုညိုမင်းခန့် က ပြောပြပါတယ်။
စာဖိုမှူးပေါင်း ၅ ယောက်ကနေ ၇ ယောက်ထိရှိတယ်လို့ သိရပါတယ်။ ဟင်းပွဲတိုင်းမှာ ကြာရွက်တွေနဲ့ ကြာပွင့်ဖတ်တွေကို အသုံးပြုပြီး အလှဆင်ထားတာမို့လို့ အမြင်တစ်မျိုးလေး ဆန်းပါတယ်။ ကြာပန်းက အမြဲတမ်းမရနိုင်တဲ့အတွက် ရနိုင်မယ့်နေရာ ၂ ခု ၃ ခုကို ဆက်သွယ်ထားရတယ်လို့ တာဝန်ရှိသူက ရှင်းပြပါတယ်။
တိုင်းရင်းသားရိုးရာ အစားအစာအစုံရရှိပြီး မွန်ပုဇွန်ကျွဲကောသီးသုပ်၊ မြန်မာကြာဖက်ထမင်း၊ အမိုး ဆားနယ်ထမင်းသုပ်၊ မွန်တံငါသည်ဟင်းတို့ကို မှာယူမြည်းစမ်းကြည့်ခဲ့ပါတယ်။ မှာယူထားတဲ့ အစား အသောက်တွေကို စောင့်ရတာ သိပ်မကြာလှပါဘူး။ မွန်ပုဇွန်ကျွဲကောသီးသုပ်က ကျွဲကောသီးပါပေမယ့် အချဉ်မစူးပဲ စားလို့ကောင်းပါတယ်။ အမိုးဆားနယ်ထမင်းသုပ်ကတော့ အနည်းငယ် ငန်ပြီးစပ်ပေမယ့် အရသာရှိပါတယ်။ မွန်တံငါသည်ဟင်းကိုတော့ အရသာအတွေ့ဆုံးပါပဲ။ အသီးအရွက် ငါးနဲ့ ပုဇွန်တွေ ပါဝင်ပြီး ဟင်းရည်က ချိုချဉ်အရသာလေးနဲ့ စပ်ရှိန်းရှိန်းလေးပါ။
စနေ၊ တနင်္ဂနွေမှာ စားသုံးသူ ပိုများပြီး ကြားရက်မှာတော့ အနည်းငယ် လူရှင်းပါတယ်။ ဆိုင်ကို ပိတ်ရက်မရှိ ဖွင့်မှာဖြစ်ပြီး မနက် ၁၀နာရီ ကနေ ည ၁၀နာရီထိ ဖွင့်တယ်လို့ သိရပါတယ်။ ဈေးနှုန်းတွေအနေနဲ့ ၂၀၀၀ ကနေ ၁၂၀၀၀ ထိပဲ ရှိတာမို့ ဈေးလည်း သိပ်မကြီးပဲ အရသာရှိတဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေကို တနေရာ ထဲမှာ စားသုံးနိုင်မှာ ဖြစ်ပါတယ်။
ဆိုင်ခွဲထပ်ဖွင့်ဖို့နဲ့ menu အသစ်တွေ ထပ်လုပ်ဖို့ အစီအစဉ်တွေရှိုပြီး အခုက ချင်းစားဖိုမှူးမရှိသေးလို့ ချင်းအစားအစာတော့ မရရှိသေးဘူး၊ ဒါပေမယ့် ချင်းစားဖိုမှူးက မကြာခင်ရောက်မယ်လို့ သိရပါတယ်။
နောက်ထပ်ရရှိနိုင်တာကတော့ မွန်သင်္ကြန်ထမင်းပဲဖြစ်ပါတယ်။ သူက စနေ၊ တနင်္ဂနွေမှ ရရှိမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ ၂၀၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ထူးထူးခြားခြား အစားအစာ စားသောက်ချင်တဲ့စားသုံးသူတွေအတွက် အဆင်ပြေစေမယ့် ဆိုင်လေးပါ။ လမ်းက နည်းနည်းကျဉ်းတာမို့ ကားနဲ့ သွားရောက်စားသုံးမယ့်သူတွေအတွက် ကားပါကင်အခက်အခဲတော့ ရှိနိုင်ပါတယ်။
လိပ်စာက အမှတ် (၃၂)၊ ကျောင်းကုန်းလမ်း၊ စမ်းချောင်း (ဂွဈေးအနီး) ရန်ကုန် ဖြစ်ပါတယ်။
(ဓာတ်ပုံ – မျိုးမင်းစိုး/ဧရာဝတီ)