ရခိုင်ပြည်နယ်၌ လယ်မြေ အဓမ္မသိမ်းယူမှုကို စစ်တပ်က အများဆုံး လုပ်ထားကြောင်း၊ သိမ်းထားသည့် လယ်မြေများကိုလည်း သိမ်းယူသည့် စစ်တပ်အတွက် အသုံးမပြုဘဲ စီးပွားရေး ဦးပိုင်လီမီတက် အမည်ပေါက်၊ စစ်ဗိုလ်ချုပ် ဆွေမျိုးများ၏ အမည်ပေါက်ဖြင့် လုပ်ဆောင်ထားသည်ကို တွေ့ရကြောင်း စုံးစမ်းရေး ကော်မရှင်အဖွဲ့ထံမှ သိရသည်။
“စစ်တပ်ပိုင်မြေဆိုပြီး အဓမ္မ သိမ်းထားတာတွေ မြို့နယ်အများစုမှာ တွေ့ရတယ်။ ဒါပေမယ့် စစ်တပ်က အသုံးပြုနေတာ မတွေ့ရဘဲ ဦးပိုင် အမည်ဖောက်ပေးထားတာ၊ စီးပွားရေးသမားတွေကို ငှားစားထားတွေကို တွေ့ရတယ်” ဟု လယ်ယာမြေ သိမ်းယူမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ဧရာဝတီသို့ ပြောသည်။
အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ပြီး စစ်တပ် လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်မှူးကြီး စိုးရွှေ ဦးဆောင်သော လယ်ယာမြေ သိမ်းယူမှု စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း လှည့်လည် စစ်ဆေးနေရာ ကျောက်ဖြူ၊ သံတွဲ၊ ဂွ၊ အမ်း၊ မင်းပြား၊ တောင်ကုတ် စသည့် မြို့နယ်များတွင် စစ်ဆေးလျက်ရှိသည်။
ရခိုင်ပြည်နယ်အတွင်းရှိ အစိုးရ စစ်တပ်က အဓမ္မသိမ်းယူထားသည့် လယ်ယာမြေဆိုင်ရာ အမှုများကို စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးပြီးနောက် မူလပိုင်ရှင် လယ်သမားများ ပြန်လည်ရရှိရေး ဆောင်ရွက်သွားမည်ဟု သိရသည်။
ကျောက်ဖြူမြို့နယ် အတွင်းရှိ လယ်မြေအများစုကို ထိုဒေသ၌ အခြေစိုက်ထားသည့် ဓညဝတီ ရေတပ်စခန်းဌာနချုပ် လက်အောက်ခံ တပ်ရင်းများနှင့် ခြေမြန်တပ်ရင်း ၅၄၂၊ ထောက်လှမ်းရေးတပ်တို့က သိမ်းဆည်းထားကြောင်း ဦးဘရှိန်က ပြောသည်။
စစ်တပ်မှ သိမ်းယူထားသည့် လယ်မြေများသည် ဘိုးဘွားစဉ်ဆက် ဓားမဦးချ လုပ်ကိုင်စားသောက်လာသည့် လယ်မြေများ ဖြစ်ကြောင်း၊ တချို့သော လယ်ယာမြေကွက်များမှာ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သော်လည်း အမည်ပေါက် လုပ်ဆောင်ထားမှု မရှိကြောင်း ကျောက်ဖြူမြို့နယ် ဂုံးချိန်ရွာခံ လယ်သမားတဦးက ပြောသည်။
၎င်းက “ဘိုးစဉ်ဘောင်ဆက် ဒီလိုပဲ လုပ်စားလာကြတော့ အမည်ပေါက်လုပ်ထားရမှန်း ကျနော်တို့ နားမလည်ပါဘူး။ အခုတော့ ကျနော်တို့ လယ်တွေကို စစ်တပ်နာမည်၊ ဦးပိုင်နာမည်၊ စစ်ဗိုလ်ချုပ် သားသမီးတွေ၊ ဇနီး စတဲ့ နာမည်တွေနဲ့ချည်းပဲ” ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်၌ တည်ဆောက်နေသော ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဂက်စ်ပိုက်လိုင်း ဖြတ်သန်းရာ လမ်းကြောင်းတလျှောက်ရှိ လယ်မြေများ၊ နွားစားကျက်မြေများကို ထိုဒေသရှိ စစ်တပ်များနှင့် ရခိုင်ပြည်နယ် စစ်တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်များ၏ မိသားစုပိုင်များအဖြစ် လုပ်ဆောင်၍ စီမံကိန်း ကုမ္ပဏီများကို ကျပ်သိန်းပေါင်းများစွာဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း ဒေသခံများက ပြောသည်။
ရခိုင်ဒေသ၌ တိုင်းမှူး တာဝန်ယူခဲ့ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ဝင်းမြင့်၊ ဗိုလ်ချုပ် မောင်ဦး၊ ဗိုလ်ချုပ် သောင်းအေး၊ ဗိုလ်မှူးချုပ် သူရမောင်နီ၊ ပို့ဆောင်ရေး ဝန်ကြီးဟောင်း ဗိုလ်ချုပ် သိန်းဆွေ စသူတို့က သိမ်းယူ၍ ၎င်းတို့၏ မိသားစုဝင်များ အမည်ဖောက်ကြောင်း၊ ထိုလယ်မြေများသည် ရွှေဂက်စ် စီမံကိန်း ဧရိယာတွင် ပါဝင်သည့်အတွက် လျော်ကြေးငွေ ကျပ်သိန်းထောင်ချီ၍ ရရှိခဲ့ကြကြောင်း သိရသည်။
ကျောက်ဖြူ အခြေစိုက် ထောက်လှမ်းရေးတပ်တခုက သိမ်းထားသည့် စေတီယျကျေးရွာအနီးရှိ မြေကွက်နှင့် အုန်းခြံတချို့၏ ပိုင်ရှင်နာမည်တွင် ရခိုင်ပြည်နယ်၏ စစ်တိုင်းမှူး တာဝန်ထမ်းဆောင်ခဲ့သည့် ယခင် နအဖအစိုးရ အတွင်းရေးမှူး (၃) ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်၏ သမီး အမည်ပေါက်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဦးဘရှိန်က ပြောသည်။
၎င်းက “ထောက်လှမ်းရေးတပ် ၁၀ က သိမ်းထားတာကို ဗိုလ်ချုပ် ဝင်းမြင့် သမီး နန်းရတနာဝင်း နာမည်နဲ့လုပ်ထားတာ တွေ့တယ်၊ လယ်ဧက မများပေမယ့် မတရား သိမ်းယူထားတာ တွေ့ရတယ်။ အုန်းခင်း တချို့လည်း ပါဝင်နေတယ်။ ဒါတွေကို မူလပိုင်ရှင်ကို ပြန်ပေးသင့်တယ်။ ပြန်ပေးအောင်လည်း တိုက်တွန်းသွားမှာပါ” ဟု ဆိုသည်။
ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်တို့ရှိ စစ်တပ်က အဓမ္မ သိမ်းယူထားသော လယ်မြေများအား မူလပိုင်ရှင် လယ်သမားများကို ပြန်ပေးရန် မည်သို့လုပ်ဆောင်ပေးမည်ကို သိလိုကြောင်း လွှတ်တော်အစည်းအဝေး၌ မေးမြန်းခဲ့ဖူးရာ ထိုမြေများသည် စစ်တပ်အသုံးပြုရန် တရားဝင် သိမ်းယူထားသည့်အတွက် ပြန်လည်ပေးရန် မရှိဟု ထိုစဉ်က ကာကွယ်ရေးဝန်ကြီးက ဖြေဆိုခဲ့သည်ဟု ဦးဘရှိန်က ပြောသည်။
သံတွဲမြို့နယ်၊ ငပလီကမ်းခြေ အနီးရှိ ဒေသခံများ ပိုင်ဆိုင်သည့် အုန်းသီးခြံများကို စစ်တပ်က သိမ်းယူ၍ အနီးရှိ ဟိုတယ်အား ကျပ် သိန်း ၁၀၀ ဖြင့် ပြန်လည် အငှားချထားကြောင်း သိရပြီး၊ ဂွမြို့နယ်အတွင်း သိမ်းယူထားသည့် လယ်မြေများကို စစ်တပ်က သိမ်းယူ၍ စီးပွားဦးပိုင် အမည်လုပ်ဆောင်ထားကြောင်း၊ စစ်တပ်သိမ်းမြေ အများစုမှာ ဦးပိုင်ထံ လွှဲအပ်ပေးထားကြောင်း သိရသည်။
မြန်မာတနိုင်ငံလုံးတွင် စစ်တပ်နှင့် ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက သိမ်းယူထားသည့် လယ်မြေဧက သိန်းပေါင်း များစွာရှိကြောင်း၊ ထိုကိစ္စများကို စုံစမ်းစစ်ဆေးရန် ပြည်ထောင်စု လွှတ်တော်က တိုင်းနှင့် ပြည်နယ်အလိုက် ကော်မရှင်များ ဖွဲ့စည်းပေးထားကြောင်း၊ မိမိတို့ တာဝန်ယူထားရာ ဒေသများမှ စစ်ဆေးတွေရှိချက်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်ပြရမည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောသည်။
ယခင် စစ်အုပ်ချုပ်ရေးကာလ ဖြစ်၍ အမိန့်အာဏာကျင့်သုံး၍ အဓမ္မ သိမ်းယူခဲ့သော်လည်း ယခုအခါ လယ်သမားများထံ ပြန်လည် ပေးအပ်သင့်ကြောင်း၊ ထိုသို့ လုပ်ဆောင်ရန် အဓိက တာဝန်ရှိသူမှာ ပြည်ထောင်စု အစိုးရသာ ဖြစ်ကြောင်း ဦးဘရှိန်က ပြောသည်။
“ကျနော်တို့က စစ်ဆေးတွေ့ရှိမှုတွေကို ပြည်ထောင်စုလွှတ်တော် တင်ပြပြီး အတည်ပြုချက်ယူမယ်၊ ပြီးရင် အစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေကို ပေးပို့မယ်။ အစိုးရဌာနတွေက ဘယ်လောက် လိုက်နာ ဆောင်ရွက်ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ” ဟု ၎င်းက ဆိုသည်။