တရုတ် နည်းပညာ ကုမ္ပဏီများ ဖြစ်သော ZTE နှင့် HUAWEI ၏ ဖုန်းလိုင်း ချိတ်ဆက်မှုများ အသစ်ပြန်လည် တပ်ဆင်နေသောကြောင့် ယခုလကုန်ပိုင်း အထိ မိုဘိုင်းဖုန်း ဆက်သွယ်ရေးလိုင်းများ နှေးနေဦးမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ဧရာဝတီသို့ ပြောသည်။
“အခုက Network နှစ်ခု ဖြစ်နေတော့ လိုင်းချိတ်တဲ့ အခါမှာ အခက်အခဲလေး ရှိတယ်။ အခု မြန်မာပြည် အောက်ပိုင်းကို ZTE Network အစား HUAWEI နဲ့ အစားထိုးဖို့ လုပ်နေတယ်။ အဲဒီကာလမှာ ဖုန်းလိုင်း ပြဿနာ ရှိနိုင်တယ်”ဟု ဦးမျိုးဆွေက ဆိုသည်။
မြန်မာပြည် အထက်ပိုင်းတွင် ZTE Netwok နှင့် မြန်မာပြည် အောက်ပိုင်းတွင် HUAEWI Netwok တို့ကို အသုံးပြုသွားမည် ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းလိုင်း ဆက်သွယ်မှုနှင့် ပတ်သက်ပြီး အဆင်မပြေမှုများ ရှိပါက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ဖုန်းနံပါတ် ၁၈၇၆ သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရသည်။
ဖုန်းသုံးစွဲသူများ၏ တုံ့ပြန်မှုပေါ်တွင် မူတည်ပြီး ဖုန်းလိုင်း တပ်ဆင်မှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်း အချက်အလက်များကို နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြော ဆိုသည်။
“ဒီတလလုံး မိုဘိုင်းဖုန်း လိုင်းတွေက စက်တွေလဲနေတယ်ဆိုပြီး ပြောလိုက် မကြားလိုက်၊ ကျသွားလိုက်နဲ့။ ဒီလို အားနည်းချက် အတွက်လည်း ဘာမှ အလျော်အစား မရှိဘူး”ဟု ရန်ကုန်မြို့လယ်တွင် နေထိုင်သူ တဦးက ပြောသည်။
ယခုလပိုင်း အတွင်း မိုဘိုင်းဖုန်း ဆက်သွယ်မှုလိုင်းများ နှေးခြင်း၊ ဆက်သွယ်မှု ဧရိယာပြင်ပ ရောက်ရှိနေခြင်း၊ ဖုန်း မက်ဆေ့ချ်များ အဝင်အထွက် ခက်ခဲနေခြင်းများ ရင်ဆိုင်နေရသည်ဟု ရန်ကုန်မြို့အတွင်းရှိ မိုဘိုင်းဖုန်း သုံးစွဲသူများက ဧရာဝတီသို့ ပြောသည်။
ဖုန်း ဖွင့်ထားသော်လည်း တဖက်မှ ဖုန်းခေါ်ဆိုသည့် အခါ ဆက်သွယ်မှု ဧရိယာ ပြင်ပ ရောက်နေသည်ဟု ပြောဆိုခြင်း၊ ဖုန်းခေါ်ဆို ရာတွင် တိုက်ရိုက် လိုင်းမဝင်ဘဲ စက္ကန့် ၄၀ ခန့်အထိ ခေါ်ဆိုရပြီး နောက်ပိုင်းတွင် ဖုန်းလိုင်း ကျသွားခြင်း၊ ထပ်ခါ တလဲလဲ ခေါ်ဆိုရခြင်းများကြောင့် မိုဘိုင်းဖုန်း သုံးစွဲမှုကို စိတ်ပျက်မိကြောင်း မြောက်ဒဂုံ မြို့နယ်တွင် နေထိုင်သူ ကိုဘိုဘိုက ပြောပြသည်။
“ကျနော်တို့က ပိုက်ဆံ ပေးထားရဲ့သားနဲ့ ဝန်ဆောင်မှု ကောင်းကောင်း ပြန်မပေးဘူး။ ထိုက်တန်တဲ့ ဝန်ဆောင်မှု ပြန်မပေးတာဟာ ပိုက်ဆံတွေ အခိုးခံရသလိုပဲ”ဟု ကိုဘိုဘိုက ပြောသည်။
ရန်ကုန်မြို့ ဗိုလ်ကလေးဈေးလမ်းတွင် နေထိုင်သူ ဦးမြင့်ကျော်က “ကျနော်တို့ လစဉ် အသုံးစရိတ်ထဲက ရာခိုင်နှုန်း အတော်များများ ပေးလိုက်ရတာ တယ်လီဖုန်း ပြောခတွေပဲ။ တလကို ကျပ် ၁ သောင်း ကနေ ၂ သောင်း အထိ ကုန်ပြီး ဝန်ဆောင်မှုကျတော့ ညံ့ လိုက် တာ နှိုင်းစရာ မရှိလောက်အောင်ပဲ။ ဝင်ငွေနိမ့်တဲ့ တိုင်းပြည်မှာ ဖုန်းပြောခက ဖွံ့ဖြိုးပြီးနိုင်ငံတွေ နီးပါး ပေးနေရတာ အတော် ကို မတရားတဲ့ ကိစ္စပါ။ အခု ဂျပန် ကုမ္ပဏီနဲ့ ပေါင်းလုပ်မယ်။ ကော်ပိုရေးရှင်း ပြောင်းမယ်၊ အများပိုင်ပြောင်းမယ် ဆိုပြီး အမျိုးမျိုး ပြောနေတယ်။ တကယ်တော့ ပုဂ္ဂလိက ပေးလိုက်တဲ့ နည်းကလွဲပြီး တခြားဘာမှမရှိဘူး”ဟု ပြောဆိုသည်။
ယခုအခါ အစိုးရက ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း MEC ဖုန်း လိုင်းကတ်များကို အကန့်အသတ်မရှိ ဆက်တိုက် ချထားပေးမှုများကြောင့် ဖုန်းလိုင်း ကျပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုမှုများမှာ မမှန်ကြောင်း ဆက်သွယ်ရေး လုပ်ငန်းမှ ဦးမျိုးဆွေက ငြင်းဆို သည်။
“ကျနော်တို့ ဖုန်းလိုင်းတွေ ထပ်ချပေးတာနဲ့ အညီ ဖုန်းတိုင်တွေ ထပ်တိုးချဲ့ပါတယ်။ အခုနှစ်မှာ ဖိုင်းလိုင်း ၁.၄ သန်းကျော် ထပ်ချဲ့ထားပါတယ်။ အဲဒီ ထပ်ချဲ့တဲ့ အထဲက ပေးနေတာပါ ”ဟု ဦးမျိုးဆွေက ဆိုသည်။
တရုတ် နည်းပညာ ကုမ္ပဏီများ ဖြစ်သော ZTE နှင့် HUAWEI ၏ ဖုန်းလိုင်းများကို မြန်မာနိုင်ငံ အတွင်း ၂၀၀၃ ခုနှစ်ခန့်က စတင် တပ်ဆင် အသုံးပြုခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ဖုန်းလိုင်း ၄ သန်း စီမံချက်ဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက ပြောသည်။
မြန်မာနိုင်ငံတွင် ဖုန်းလိုင်းများ နှေးနေသကဲ့သို့ အင်တာနက် ဝန်ဆောင်မှု လိုင်းများမှာလည်း မြန်ဆန်မှု မရှိသေးဘဲ နှေးကွေးမြဲ ဖြစ် ကြောင်း အင်တာနက် အသုံးပြုသူများက ပြောဆိုလျက် ရှိသည်။