ထိုင်းနိုင်ငံ တောင်ပိုင်း၊ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဆောင်ရွက်ရာတွင် ဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆုံး ဖြတ်ပေးစေလိုကြောင်း သေဒဏ်ချမှတ်ခံထားသည့် ကိုဇော်လင်းက တောင်းဆိုလိုက်သည်။
သေဒဏ်ကျခံနေရသည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့အား အောက်တိုဘာလ ၂၀ ရက်နေ့က ထောင်ဝင်စာသွား တွေ့စဉ် ထောင်ထဲ၌ ၎င်းတို့ နေထိုင်စားသောက်ရသည့် အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းစဉ် ကိုဇော်လင်းက ယင်းသို့ ပြောဆိုလိုက်သည်ဟု ထောင်ဝင်စာတွေ့ဆုံရာတွင် ပါဝင်သည့် ဦးကျော်သောင်းက ဧရာဝတီ ကို ပြောသည်။
ဦးကျော်သောင်းက “ဒီလူသတ်မှုမှာ သူတို့ ပါဝင်ပတ်သက်မှု မရှိတဲ့အတွက် ဥပဒေအရ ဆုံးဖြတ်ကြတဲ့အခါမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်ပေးစေချင်တယ်လို့ ဇော်လင်းက ပြောတယ်၊ ဥပဒေ အတိုင်း ဖြစ်စေဖို့အတွက်လည်းပဲ ဒေါ်အောင်ဆန်းစုက ကူညီ တိုက်တွန်းပေးပါလို့ ဇော်လင်းက ပြောပါတယ်” ဟု ဆိုသည်။
ထို့အတူ လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုမှုများ ရှိ၊ မရှိဆိုသည်ကို ဇော်လင်းက မေး မြန်းပြီး၊ အကယ်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရပါက ၎င်းတို့အမှုအား ဥပဒေဘောင်အတွင်းမှ မှန်ကန်စွာ ဆုံး ဖြတ်ပေးမှု ရရှိရေးအတွက် အကူအညီပေးရန် တောင်းခံမည်ဟုလည်း ကိုဇော်လင်းက ပြောဆိုကြောင်း သိရသည်။
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ တင်ပြထားသည့် သက်သေ အထောက်အထားများအား တရားရုံက ပြန်လည် စစ်ဆေးနေဆဲ ဖြစ်ကြောင်း၊ ယခုနှစ်ကုန်တွင် တစုံတခု ထူးခြားလာနိုင်ပြီး၊ အမိန့်ချမှတ်နိုင်ဖွယ်ရှိကြောင်း အမှုအား လိုက်ပါ ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
ရှေ့နေ ဦးအောင်မျိုးသန့်က “အမှုနဲ့ ပတ်သက်ပြီးတော့ တရားရုံးက ပြန်လှန်သုံးသပ်နေဆဲ ဖြစ်လို့ ဘယ်အချိန်မှာ အပြီး သတ်ဆုံးဖြတ်မယ် ဆိုတာကို တိတိကျကျ မသိရသေးပါဘူး၊ ဒါပေမယ့် ဒီနှစ်ကုန်ပိုင်း၊ ဒါမှမဟုတ် ၂၀၁၇ နှစ်ဆန်းပိုင်း လောက်မှာတော့ အမိန့်ချမှတ်နိုင်တယ်လို့ ယူဆရပါတယ်” ဟု ပြောသည်။
သေဒဏ်ကျခံနေရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ယနေ့ထောင်ဝင်စာ သွားတွေ့ရာတွင် မြန်မာသံရုံးမှ တာဝန်ရှိ သူများအပါအဝင်၊ အမှုအား လိုက်ပါကူညီပေးနေသူများ ပါဝင်ခဲ့ကြပြီး လိုအပ်ချက်များကို ကူညီပေးခဲ့ ကြောင်းလည်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြောသည်။
ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့၏ ကျန်းမာရေး အခြေအနေသည် ကောင်းမွန်ကြောင်း၊ ထောင်ထဲ၌လည်း ကောင်းမွန်စွာ နေထိုင်ရပြီး၊ အားလပ်သည့် အချိန်များ၌ စာဖတ်လို၍ ရသစာပေနှင့် ဘုရားစာအုပ်များ လိုချင်သည်ဟု ပြောဆိုကြကြောင်း သိရသည်။
ထို့အတူ နှစ်ဦးစလုံးက ၎င်းတို့ မိခင်များ၏ ကျန်းမာရေး အခြေအနေများကို မေးမြန်းကြကြောင်းလည်း ထောင်ဝင်စာ တွေ့ဆုံခဲ့ သူများက ပြောသည်။
ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့သည် လိပ်ကျွန်းလူသတ်မှု ကျူးလွန်သည်ဟု စွပ်စွဲမှုဖြင့် ဒေသဏ်ပေးခြင်း ခံထားရပြီး၊ ယခု အခါ ဘန်ကောက်ရှိ ဘန်ခဝင် အကျဉ်းထောင်၌ ရှိသည်။ ၎င်းတို့အား လူသတ်မှု၊ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က ပြစ်ဒဏ်များ ချမှတ်ခဲ့သည်။
ထိုင်းနိုင်ငံတောင်ပိုင်း၌ ဗြိတိသျှ နိုင်ငံသား နှစ်ဦးအသတ်ခံခဲ့ရသည့် လိပ်ကျွန်း လူသတ်မှုသည် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ဖြစ်ပွားခဲ့သည်။