မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) က သူတို့၏ ၁၆ ကြိမ်မြောက် ညီလာခံကို ၃ လ သို့မဟုတ် ၆ လအထိ ရွှေ့ဆိုင်းရန် နိုဝင်ဘာလ ၁၀ ရက်နေ့က ဆုံးဖြတ်ခဲ့ကြောင်း KNU အဖွဲ့အစည်းအတွင်းမှ သတင်းရင်းမြစ်များ၏ အဆိုအရ သိရသည်။
လာမည့် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပရန်ရှိသည့် ညီလာခံကို နောက်နှစ် မတ်လ သို့ရွှေ့ဆိုင်းဖွယ်ရာ ရှိသည်ဟု ဆိုသည်။
“ကျနော်တို့ ညီလာခံနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ တချို့ ခေါင်းဆောင်တွေက ရွှေ့ဆိုင်းချင်ပြီးတော့ တခြားသူတွေက ကျင်းပချင်ပါတယ်။ ပြဿနာ ကြီးကြီးမားမား ရှိမှာ မဟုတ်ပါဘူး။ ကျနော်တို့ ရွှေ့ဆိုင်းခဲ့တာလည်း အချိန် သိပ်ကြာမှာ မဟုတ်ပါဘူး။ မတ်လထဲမှာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်လာသည့် အမည် မဖော်လိုသူ တဦးက ပြောသည်။
လက်ရှိနိုင်ငံရေး အခြေအနေကြောင့် ညီလာခံကို ယခုအချိန်မှစ၍ ၃ လမှ ၆ လအတွင်း ရွှေ့ဆိုင်းလိမ့်မည်ဟု တခြားသော သတင်း ရင်းမြစ်တခုက ပြောသည်။
KNU က ညီလာခံကို ၄ နှစ်တကြိမ် ပုံမှန်ကျင်းပပြီး အဖွဲ့အစည်း၏ စီမံခန့်ခွဲရေးဆိုင်ရာများကို ဆွေးနွေးသုံးသပ်မှုများ ပြုလုပ်သကဲ့သို့ ခေါင်းဆောင်မည့် သူများကိုလည်း မဲပေးရွေးချယ်မှုများ ပြုလုပ်သည်။
ညီလာခံကို ရွှေ့ဆိုင်းလိုသည့် ခေါင်းဆောင်များက မြန်မာအစိုးရ၊ မြန်မာတပ်မတော်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ ကြားတွင် ဆောင်ရွက်နေဆဲ ဖြစ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဦးဆောင်ချင်သူများ ဖြစ်သည်ဟု သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။ လက်ရှိ ခေါင်းဆောင်များက ခေါင်းဆောင်သစ်များထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပိုမို အကျွမ်းတဝင် ရှိသည့်အတွက် ဆက်လက် လုပ်ဆောင်ရွက်လိုကြသည်ဟု သတင်းရင်းမြစ်များက ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း လက်ရှိ ဖြစ်ပေါ်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဝေဖန်နေသည့် ခေါင်းဆောင်သစ်များ ရွေးချယ်ခံရပြီး အာဏာရလာမည်ကို ညီလာခံကို ရွှေ့ဆိုင်းလိုကြသည့် ခေါင်းဆောင်များက စိုးရိမ်နေကြသည်ဟု သတင်းရင်းမြစ်များက ပြော ကြသည်။ အကယ်၍ သူတို့ အာဏာရလာခဲ့လျှင် အလွန်သတိကြီးစွာ ဆောင်ရွက်လာနိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် နှင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စများတွင် တင်းတင်းကျပ်ကျပ် ဆောင်ရွက်လာနိုင်သည်ဟု ဆိုသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ KNU ခေါင်းဆောင်များကြားတွင် အယူအဆ ကွဲပြားမှုများ ရှိနေပြီး လက်ရှိ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး အပါအဝင် သြဇာလွှမ်းမိုးမှုရှိသည့် ခေါင်းဆောင် တချို့က အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ဆိုင်ရာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ခိုင်ခိုင်မာမာမရှိဘဲ လျှင်လျှင်မြန်မြန် ဆောင်ရွက်ချင်နေသည်။ သို့သော်လည်း ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန် အပါအဝင် တခြားခေါင်းဆောင်များက အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်ကို သေချာ ခိုင်မာစေချင်ကြပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို သတိကြီးကြီးဖြင့် ဆောင်ရွက်လိုကြသည်။
သို့သော်လည်း အမှန်တကယ်တွင် မည်သူ အာဏာရရှိလာသည်ဖြစ်စေ လူပုဂိုလ်က အဓိကမဟုတ်ဘဲ လုပ်ငန်း အကောင် အထည် ဖော်ရာမှာ အရေးကြီးကြောင်း အစည်းအဝေး တက်ရောက် လာသူတချို့က ပြောသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန်မှအပ ရွေးချယ်စရာ မရှိသည့်အတွက် KNU အနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည်သာ ဖြစ်သည်ဟု သူတို့က ဆိုသည်။
“KNU ခေါင်းဆောင်ပိုင်းက အသစ် ဖြစ်စေ အဟောင်းဖြစ်စေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ကြီးကြီးမားမား အပြောင်းအလဲ ဒါမှမဟုတ် လုံးဝ နောက်ပြန်လှည့်သွားတာမျိုး မဖြစ်လာနိုင်ပါဘူး” ဟု အစည်းအဝေး တက်ရောက်လာသူ တဦးကပြောသည်။
သို့သော်လည်း ညီလာခံရွှေ့ဆိုင်းရန် အဆိုပြုလာခြင်းကို ကရင် အရပ်ဘက်အဖွဲ့အစည်းများက ကျေနပ်မှုမရှိကြဘဲ ဒီမိုကရေစီ အလေ့အထများနှင့် ဆန့်ကျင်နေကြောင်း ပြောကြသည်။ လက်ရှိ KNU ခေါင်းဆောင်များက အာဏာကို ဒီမိုကရေစီ မဆန်သည့် နည်းလမ်းဖြင့် ဆက်လက် ထိန်းချုပ်လိုခြင်း ဖြစ်သည်ဟု သူတို့ကဆိုသည်။
KNU က အပြန်အလှန် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် တခုကို ယခင်အစိုးရနှင့် ၂၀၁၂ ခုနှစ်တွင် လက်မှတ်ရေး ထိုးခဲ့ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တွင် ထပ်မံ လက်မှတ် ရေးထိုးခဲ့သည်။ ယခုနှစ် သြဂုတ်လတွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟု သိကြသော ၂၁ ရာစု ပင်လုံညီလာခံသို့လည်း တက်ရောက်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော KNU သည် မြန်မာနိုင်ငံ၏ သက်တမ်းအရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးအတွက် တိုက်ခိုက်နေခဲ့သည်။ ယခင်အစိုးရနှင့် ပြုလုပ်ခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စွဲရေး သဘောတူညီချက် (NCA) လက်မှတ်ထိုးခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တွင်လည်း တဖွဲ့ ပါအဝင်ဖြစ်သည်။ ကချင်၊ ဝ၊ ကရင်နီ နှင့် မွန် ကဲ့သို့သော အခြား အဓိက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ က NCA တွင် လက်မှတ်မထိုးခဲ့ကြပါ။
KNU Postpone Upcoming Congress