မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးစေတီတော်အနီးရှိ ရိုးရိုးလေးဟိုတယ်မှ ဆောက်လုပ်ထားသော သတ်မှတ် စည်းကမ်းနှင့်မညီသည့် ပေ ၃၀ အထက် အခန်း ၁၀၀ ကျော်ကို ဖေဖော်ဝါရီ ၅ ရက်က စတင် ဖျက်သိမ်းနေကြောင်း သိရသည်။
ရိုးရိုးလေးဟိုတယ်အနေဖြင့် သတ်မှတ်စည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်မှုမရှိခြင်း၊ စေတီတော်တောင်မကြီး၏ မြေသားပျက်ယွင်းမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှု၊ ရှေးဟောင်းယဉ်ကျေးမှုပြယုဂ်ဆိုင်ရာ ပျက်စီးမှုများကို ဖြစ်ပေါ် စေနိုင်သည့် မလိုအပ်ဘဲဆောက်လုပ်ထားသည့်အထပ်မြင့်များကြောင့် ယင်းသို့ ဖျက်သိမ်းခိုင်းရခြင်းဖြစ်ကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ဧရာဝတီကို ပြောသည်။
“အပေါ်ထပ်အဆောက်အဦတွေဟာ မလိုအပ်ဘဲ အမြင့်ပေများနေတာတွေ တွေ့ရတယ်။ ဒါတွေဟာ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပျက်စီးစေသလို ရှေးဟောင်းပြယုဂ်တွေကိုလည်း ပျက်စီးစေတယ်။ တည်းခိုသီတင်းသုံးမယ့် ရဟန်းရှင်လူပြည်သူ များရဲ့ အသက်ဘေးအန္တရာယ် ထိခိုက်လာနိုင်တဲ့ အနေအထားတွေရှိတယ်။ ဒါတွေဟာ ဒီတိုင်းထားလို့မဖြစ်ဘူး။ ပညာရှင် တွေရဲ့ အကြံဉာဏ်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဒါတွေ ဖျက်သိမ်းဖို့လိုတယ်ဆိုပြီး ကော်မတီအစည်းအဝေးလုပ်ပြီးမှ ဆုံးဖြတ်ချက်ချတာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များက ကျိုက်ထီးရိုးစေတီတော်နှင့်ပတ်သက်သည့် အစည်းအဝေးကို ၂၀၁၆ ဇွန်လပိုင်းက နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရုံးအမှတ်(၃၁)တွင် ပြုလုပ်ခဲ့ပြီးနောက် ယင်း သို့ ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
ရိုးရိုးလေး ဟိုတယ်မန်နေဂျာ ဦးရဲဝင်းက “၂၂ ရက် ၆ လပိုင်း သူတို့ စည်းဝေးဆုံးဖြတ်ချက်အရ ပေ ၃၀ အထက် အဆောင် တွေ ဖျက်ခိုင်းတယ်။ အဲဒါကို သူဌေးဘက်ကနေပြီး ပေ ၃၀ အထက်ရှိတဲ့ ဟာတွေကို ဖျက်တဲ့သဘောပါ။ ဒါပေမယ့် ကျနော် တို့ဘက်ကို ဖျက်ဖို့ တရားဝင်စာတော့ မထုတ်ဘူး။ ဒီ ၅ ရက်နေ့မှာ စဖျက်တာပါ။ တွက်ချက်မှုအပိုင်းနဲ့ တန်ဖိုးအပိုင်းတော့ မပြောတတ်သေးဘူး” ဟု ပြောသည်။
သဘာဝသစ်တောကြိုးဝိုင်းအတွင်းကျရောက်ပြီး ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲတွင် အကျုံးဝင်သည့် ကျိုက်ထီးရိုးဆံတော် ရှင်စေတီတော်ကြီးအနီးတွင် အဆောက်အဦများဆောက်မည်ဆိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ထံ ခွင့်ပြု ချက်တောင်းရမည်ဖြစ်ပြီး သက်ဆိုင်ရာဦးစီးဌာနများ၊ ပညာရှင်များ၏အကြံဉာဏ်များရယူပြီးမှသာ ဆောက်လုပ်သင့်သည် ဟု ဦးဇာနည်ဝင်းက ပြောသည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်အရ ရိုးရိုးလေးဟိုတယ်၏ သတ်မှတ်စည်းကမ်းများနှင့်မညီ သည့် အခန်းပေါင်း ၁၀၆ ခန်းကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။