ရန်ကုန်မြို့ X2O သင်္ကြန်မဏ္ဍပ် ဗုံးကွဲမှုတွင် ပတ်သက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးထားသည့် ကိုဖြိုးဝေအောင်ကို သေဒဏ်နှင့် တခြားကြီးလေးသော ပြစ်ဒဏ်များ ဆုံးဖြတ်ချမှတ်ခဲ့ခြင်းသည် မြန်မာ့တရားစီရင်ရေး မဏ္ဍိုင် နှင့် ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးစနစ် မည်မျှချွတ်ယွင်းပျက်ဆီးနေကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။
ကိုဖြိုးဝေအောင်၏အမှုကို တရားစီရင်ရာတွင် လွတ်လပ်မှု၊ ပွင့်လင်းမှု မရှိသည့်အပြင် တရားခံဘက်မှ ချေပပြောဆိုနိုင်သော အခွင့်အလမ်းများလည်း ဆုံးရှုံးခဲ့သည့်အတွက် တရားစီရင်ရေးစနစ် အရေးတကြီး ပြုပြင်ပြောင်းလဲရန် လိုနေပြီဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားက ထုတ်ဖော်ပြောကြားခဲ့ခြင်းကို အလေးဂရုပြုရမည်။
ကိုဖြိုးဝေအောင်ကို ရန်ကုန်တိုင်း ရဲအဖွဲ့ရုံးမှ ရဲအရာရှိများက ၉ ရက်တိတိ ညှဉ်းပန်းနှိပ်စက်ခဲ့ပြီး ဖြောင့်ချက်ပေးခံခိုင်းခြင်းကို အရေးယူပေးပါရန် ဇနီးဖြစ်သူ မဌေးဌေးက တင်ပြခဲ့သည်။ ထို့အပြင် မိခင်ဖြစ်သူ ဒေါ်ခင်မာဆွေက အမှုကို ပြန်လည်စစ်ပေးပါရန် အသနားခံစာတင်သွင်းခဲ့သော်လည်း တစုံတရာအကြောင်း ပြန်ကြားခြင်း မရှိခဲ့ချေ။
ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့က လက်ခံရရှိထားသော အသနားခံစာ မိတ္တူထဲတွင် ကိုဖြိုးဝေအောင်ကို ဧပြီလ ၂၂ ရက်နေ့တွင် နေအိမ်မှ လာရောက် ဖမ်းဆီးသွားခဲ့ကြောင်း၊ အောင်သပြေစစ်ကြောရေး စခန်းတွင် ညှင်းပန်းနှိပ်စက်ပြီး ပြစ်မှုကျူးလွန်သည်ဟု ဝန်ခံခိုင်းခဲ့ကြောင်း၊ ၂ ရက်နှင့် ၂ ည မတ်တပ်ရပ်ခိုင်းထားခြင်း၊ ခေါင်းကိုရိုက်ခြင်း၊ ခြေထောက်ဖြင့်ကန်ခြင်း၊ ဒခေါက်ခွက်ကိုခြေဖြင့် တက်နင်းခြင်း၊ ကိုယ်လုံးတီးချွတ်ပြီး ကျောက်ခဲများပေါ်တွင် ဒူးထောက်ထိုင်ခိုင်းခြင်း၊ ယောက်ျားအင်္ဂါကို မီးနှင့်တို့ခြင်း၊ ရိုက်နှက်ကန်ကျောက်ခြင်း စသည့် နည်းမျိုးစုံသုံးပြီး ဖောက်ခွဲမှုကို ကျူးလွန်ပါသည်ဟု ထွက်ဆိုခိုင်းကြောင်း ဖော်ပြထားသည်။
အစိုးရနှင့် စတင် စေ့စပ်ဆွေးနွေးနေပြီဖြစ်သည့် လက်နက်ကိုင်အဖွဲ့ တခုဖြစ်သော “မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး” အဖွဲ့ဝင်ဟု စွပ်စွဲခံရသူ ကိုသူရဇော်နှင့် ကုမ္ပဏီတခုတည်းတွင် အလုပ်တွဲလုပ်ခဲ့သည့်အတွက်နှင့် တရားခံများ ပြည်ပကို ထွက်ပြေးပြီဖြစ်သည့် အတွက် ကိုဖြိုးဝေအောင်ကို ဝန်ခံသည်အထိ ညှင်းပမ်းနှိပ်စက်မည် ဖြစ်ကြောင်း ရဲမှှူးတင်ကွန်းက ပြောသည့်အပြင် အင်းစိန်ထောင် အတွင်းရှိ ရဲအုပ် ခင်မောင်ရီနှင့် ရဲအုပ် ကျော်စိန်ထွန်းတို့က ၆ ရက်တိုင်တိုင် ထပ်မံညှဉ်းပမ်းနှိပ်စက်ခဲ့သေးသည်။
အဓိက ညှဉ်းပမ်းနှိပ်စက်ခဲ့သူတို့မှာ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲမှူး တင်ကွန်း၊ ရဲအုပ် ခင်မောင်ရီနှင့် ရဲအုပ် ဆွေလင်း၊ ရဲအုပ် ကျော်စိန်ထွန်း၊ ဒုရဲအုပ် အေးမင်းနိုင်၊ ဒုရဲအုပ် အေးကျော်၊ ဒုရဲအုပ် ဘိုဘို၊ ဒုရဲအုပ် စည်သူတို့ ၈ ဦး ဖြစ်သည်။
တရားခံကို အမြန်ဆုံးဖော်ထုတ်ချင်ရသည့် ဖြစ်နိုင်ခြေမှာ ယင်းကာလက ခေတ်စားခဲ့သည့် ယူဆချက်တရပ်ဖြစ်သော ဗုံးဖောက်ခွဲမှုသည် (အငြိမ်းစား) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေး ကိုနေရွှေသွေးအောင်ကို ပစ်မှတ်ထား လုပ်ကြံခဲ့သည်ဟု မှတ်ယူသောကြောင့် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အထက်သို့ အမြန်ဆုံး တရားခံရှာပေးရန် ဖိအားပေးခံနေရရာ ကိုဖြိုးဝေအောင်အပေါ် လုံးလုံး အပြစ်ပုံချဖို့ အကြောင်းဖန်ခဲ့သည်ဟု ဆိုသည်။
ရာဇဝတ်မှု စုံစမ်းစစ်ဆေးရာတွင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ သက်ဆိုင်ရာ အာဏာပိုင်များ၏ လူမဆန်မှု၊ တရားနည်းလမ်း မကျ ပြုမူဆက်ဆံမှုမှာ ကိုဖြိုးဝေအောင် တမှုတည်းသာ မဟုတ်ပေ။
လွန်ခဲ့သည့် မတ်လ ၂၄ ရက်နေ့ကလည်း အသက် ၂၀ အရွယ်ရှိ ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန်ကို သူဝယ်ယူထားသော မြေယာအမှုအတွက် အထူးစုံစမ်း စစ်ဆေးရေး ဦးစီးဌာန (စသုံးလုံး) က ခေါ်ယူစစ်ဆေးစဉ် ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ စသုံးလုံးရုံး ၅ ထပ် အဆောက်အအုံပေါ်မှ ပြုတ်ကျ သေဆုံးခဲ့သေးသည်။
ဂျပန်နိုင်ငံသား မစ္စတာ နာမဆဲ မိုတိုဟိကိုနှင့် ပေါင်းသင်းနေထိုင်ပြီး ဂျပန်နိုင်ငံသား၏ ပိုင်ဆိုင်မှုငွေကြေးများနှင့် နာမည်ခံ ဝယ်ယူထားသော မြေကွက်များကိစ္စနှင့် စပ်လျဉ်းပြီး မနန်းဝိုးဖန်ကို စသုံးလုံးက ခေါ်ယူစစ်မေးစဉ် သေဆုံးရသောကြောင့် သက်ဆိုင်သူမိသားစုဝင်များက စသုံးလုံးဌာနကို အရေးယူပေးရန် ကျောက်တံတားမြို့နယ် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။ သို့သော်လည်း ရန်ကုန်တိုင်းရဲမှူးကြီး အောင်ဒိုင်းက အထက်အမိန့်အရ အမှုဖွင့်ခွင့်မပေးဟု အကြောင်းပြန်ခဲ့သောကြောင့် နိုင်ငံသားတဦး တရားဥပဒေမဲ့ အသက်ဆုံးရှုံးရသည်ကို အဘယ်ကြောင့် လျစ်လျူရှူရသနည်းဟု မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ရသည်။
အဖြေက ရှင်းသည်။ မဆလ၊ နဝတ၊ နအဖ စစ်အစိုးရ သက်တမ်းတလျှောက်လုံး တရားပဒေ စိုးမိုးရေး ဆိုသော စကားကို အာဏာပိုင်များက တွင်တွင်သုံးခဲ့၊ ပြောဆိုခဲ့သော်လည်း ကျောသားရင်သား မခွဲခြားသည့် လွတ်လပ်သော တရားစီရင်ရေး မဏ္ဍိုင်ဟူ၍ မြန်မာပြည်တွင် လုံးဝ မရှိခဲ့သောကြောင့်ပင်။ မြန်မာနိုင်ငံတွင် တရားရုံး၊ ပြည်သူ့ရဲနှင့် အကျဉ်းထောင်များသည် တရားဥပဒေစိုးမိုးရေးအတွက် မဟုတ်ဘဲ အာဏာပိုင်များ၏ ဖိနှိပ်ရေးယန္တရားများအဖြစ်သာ တာဝန်ထမ်းရွက်ခဲ့ကြရသည်။
ထိုသို့ တရားစီရင်ရေးမဏ္ဍိုင် အရင်အတိုင်း မပြောင်းမလဲ တည်ရှိမြဲဖြစ်နေခြင်းမှာ သမ္မတဦးသိန်းစိန် အစိုးရ၏ လတ်တလော အတော်ကလေး အရှိန်ရလာပြီဖြစ်သည့် နိုင်ငံရေး၊ စီးပွားရေး မူဝါဒပြုပြင်ပြောင်းလဲမှုများနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို နောက်မှ ဆွဲထားသကဲ့သို့ ဖြစ်နေသည်။ တရားဥပဒေ စိုးမိုးမှု အမှန်တကယ် ရှိသည်ကို ယုံကြည်မှသာ ပြည်သူတရပ်လုံး အကြောက်တရား ကင်းမဲ့နိုင်ပြီး နိုင်ငံတကာ၏အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ ခြေခြေမြစ်မြစ် ဝင်ရောက်လာနိုင်မည်။
တရားဥပဒေ စိုးမိုးမှု အမှန်တကယ် တည်ဆောက်ရန် လွတ်လပ်သော တရားရေးစနစ်၊ ယင်းစနစ်ကို ထိန်းကျောင်းအားကောင်းစေမည့် ပညာ၊ သိက္ခာ၊ သီလနှင့် ပြည့်စုံသော ကျွမ်းကျင်လုပ်သားများဦးစီးသည့် တရားရုံး၊ ရဲတပ်ဖွဲ့နှင့် အကျဉ်းထောင်တို့ကို အမြန်တည်ထောင်သင့်ပေပြီ။ သို့မဟုတ်ပါက ကိုဖြိုးဝေအောင်ကဲ့သို့ မြန်မာနိုင်ငံသားများ မတရားညှဉ်းပမ်းနှိပ်စက်မှု ဘေးအန္တရာယ်စက်ကွင်းဟောင်းမှ ရုန်းမလွတ်နိုင် ဖြစ်နေမည်သာ။