သင်္ကြန်ကာလမတိုင်ခင် ဧပြီလဆန်းပိုင်းက ချင်းပြည်နယ် ကန်ပက်လက်မြို့လေးကို ရောက်ခဲ့တဲ့အချိန်မှာ ဟိုတယ် တွေအနေနဲ့ သင်္ကြန်အတွက် ဘွတ်ကင်ပြည့်နေပြီလို့ ကြားသိခဲ့ရတဲ့အတွက် ဒီနှစ်သင်္ကြန်ကာလမှာ တောင်ဇလပ် မြေလေးဟာ ခရီးသွားတွေနဲ့ စည်ကားနေတော့မလား ဆိုပြီး တွေးလိုက်မိပါတယ်။
နှစ်ပေါင်းများစွာက သင်္ကြန်ကာလတွေမှာ ဆိုရင် ခြောက်ကပ်ကပ်နဲ့ ဆင်နွှဲလာခဲ့တဲ့ တောင်ပေါ်မြို့ဟာ ဒီနှစ်သင်္ကြန် မှာ တော့ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ စည်ကားတော့မယ်လို့ ထင်မြင်မိပါတယ်။
“အဓိက သင်္ကြန်မှာ ဒီကိုလာကြတယ်ဆိုတာ အေးအေးဆေးဆေး နားနေချင်တဲ့အတွက်ကြောင့် များတယ်။ သင်္ကြန် ဆိုရင် ဒီမှာက မစည်ဘူးလေ။ မဏ္ဍပ်ဆို ၁ ခုပဲလားရှိတယ်။ သူတို့က ဟိုတယ်မှာနားတယ်။ တောင်တက်တယ်” လို့ ကန်ပက်လက်မြို့မှာ ပထမဆုံး တည်ဆောက်ခဲ့တဲ့ Mountain Oasis Resort က မန်နေဂျာ ဦးအောင်လိန်းထောင် က ပြောပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလတွေဆိုရင် ကမ်းခြေခရီးစဉ် ဘုရားဖူး ခရီးစဉ်တွေကို သွားရောက်ကြဖို့ ခရီးသွားအများစုက စိတ် ဝင်စားကြပြီး အခုလို ချင်းပြည်နယ် ခရီးစဉ်အတွက် စိတ်ဝင်စားမှု နည်းပါးလှပါတယ်။
ချင်းပြည်နယ်လို့ ဆိုရာမှာလည်း မြောက်ပိုင်းထက်စာရင် တောင်းပိုင်းဖြစ်တဲ့ နတ်မတောင် (ဝိတိုရိယ) ရှိရာ ကန်ပက်လက် မြို့ကို သွားရောက် လည်ပတ်သူ များပြားလှပါတယ်။
“အခုလို သင်္ကြန်ကာလတွေမှာ ဧည့်သည်များလာတာက လမ်းပန်းဆက်သွယ်ရေး ကောင်းလာလို့နဲ့ လျှပ်စစ်မီးလည်း ရ လာလို့လည်း ပါတယ်။ ပြီးတော့ ဒီက အလှအပ ရှုခင်းပုံတွေက Facebook မှာ တက်နေတော့ ဧည့်သည်တွေက လာ ဖို့ စိတ်ဝင်စားကြတယ်” လို့ တောဘုရင် တည်းခိုခန်း မန်နေဂျာက ပြောပါတယ်။

ကန်ပက်လက်ကို သင်္ကြန်ကာလ အတွင်း သွားရောက် အပန်းဖြေရတဲ့ အကြောင်းရင်းတွေထဲမှာ ပူပြင်းတဲ့ နွေကာလ တွေ အတွက် အပူရှောင်ဖို့ရာ အေးမြတဲ့ ရာသီဥတု ရှိတာကြောင့်နဲ့ တိုင်းရင်းသား တို့ရဲ့ ရိုးရာဓလေ့ကို လေ့လာနိုင်တဲ့ အပြင် တောတောင် ရေတံခွန် စိမ့်စမ်းတွေနဲ့ သဘာဝ အလှအပတွေကို ခံစားနိုင်တဲ့ အတွက်ကြောင့်လည်း ဖြစ်ပါ တယ်။
တောင်ဇလပ်မြေ လို့လည်း ခေါ်ကြတဲ့ ချင်းပြည်နယ် တောင်ပိုင်းမှာရှိတဲ့ ကန်ပက်လက် မြို့လေးကတော့ လွန်ခဲ့တဲ့ ၃၊ ၄ နှစ် လောက်က ခရီးသွားတွေ ခြေချလာခဲ့ကြတဲ့ နယ်မြေဖြစ်လာပါတယ်။
Tango Travel& Tour ခရီး သွားဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ မခေါင်ခေါင်က“ဒီနှစ် သင်္ကြန်လည်း ချင်းက စံချိန် တင်အောင် အရောင်းရဆုံးပဲ။ Tango အနေနဲ့ပေါ့။ ချင်းမှာက ဓာတ်ပုံရိုက်လို့ရတဲ့ ပွိုင့်တွေ အရမ်းများတယ်။ ရန်ကုန်၊ မန္တလေးလို ပူတဲ့နေရာတွေက လာတဲ့သူတွေက အေးတဲ့ရာသီဥတုကို ကြိုက်ကြတယ်။ ဧည့်သည်တွေက ဟိုတယ်မှာ နားလိုက် တောင်တက်လိုက်နဲ့ အနားယူကြတာများတယ်” လို့ ဆိုပါတယ်။
ကန်ပက်လက် သင်္ကြန်ဟာ တခြားမြို့တွေ နယ်တွေမှာလို စည်ကားနေတာမျိုး မဟုတ်ဘဲ ကလေးတွေနဲ့ လူငယ် အများစု လောက်သာ ရေပက်ကစားကြလေ့ ရှိကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဧပြီလမှာဆိုရင်တောင် ကန်ပက်လက်မြို့ရဲ့ ရာသီဥတုက မနက်ခင်းပိုင်းနဲ့ ညနေခင်းပိုင်းတွေမှာ အနွေးထည် ဝတ် ထား ရလောက်တဲ့ အထိ အေးလှပါတယ်။ ဒီကာလမှာတော့ ဆောင်းတွင်းက အစွမ်းကုန် ဖူးပွင့်ခဲ့ကြတဲ့ တောင်ဇလပ် နီနီရဲ့ လက်ကျန် ပန်းတွေကို တွေ့မြင် နိုင်ပါသေးတယ်။
မြို့ပြ သင်္ကြန်ကို ငြီးငွေ့လာသူတွေနဲ့ အပူရှောင်လိုသူတွေ အနေနဲ့ တောင်တန်းတွေနဲ့ မျက်စိပသာဒ ရှိလှတဲ့ ချင်း ပြည်နယ် ကို မျက်စိ ကျလာကြပါတယ်။
ပြည်တွင်း ခရီးစဉ်တွေမှာ ဆိုရင် ချင်းခရီးနဲ့အတူ တွဲဖက်ရောင်းရတဲ့ နေရာကတော့ စလေ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ ချင်း ပြည်နယ်က ဆင်းလာရင်တော့ စလေကို မဝင်မဖြစ် ဝင်ကြတာ များပါတယ်။
စလေမှာ ဆိုရင်တော့ အထင်ကရ နေရာတွေ ဖြစ်တဲ့ ရုပ်စုံ ကျောင်း၊ နှစ်ပေါင်း ၄၀၀ ခန့်က ပေစာ ပုရပိုက်စာတွေ ထိန်းသိမ်းထားတဲ့ ဘုန်းကြီးကျောင်း အပြင် သမိုင်းဝင်နေရာတွေ လေ့လာစရာ နေရာတွေ အများအပြား ရှိနေတဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။

အရင်ကဆိုရင် ချင်းပြည်နယ်မှာ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲခြင်းနဲ့ အခြေခံ အဆောက်အအုံ လုံလောက်မှု မရှိ ခြင်း ဆိုတဲ့ အခြေအနေကြားမှာ ခရီးသွားတွေ ရှောင်ကွင်းခံရတဲ့ နေရာတခု ဖြစ်ခဲ့ပါတယ်။
အခုကတော့ ချင်းပြည်နယ်ရဲ့ သဘာဝ ဆန်ဆန် လှပနေတဲ့ တောတောင်တွေ မြူတွေ ဆိုင်းနေတဲ့ မြင်ကွင်းတွေ တိမ် ပင်လယ်ပြင်လို ဖြစ်နေတဲ့ တိမ် အလိပ်တွေကြောင့်နဲ့ အေးမြ လန်းဆန်းတဲ့ ရာသီဥတု ရှိနေတာကြောင့် ချင်းပြည်နယ် ဟာ ရေပန်းစားနေခဲ့တာပဲ ဖြစ်ပါတယ်။
ကန်ပက်လက်ရဲ့ အထင်ကရ နတ်မတောင်ကို ခေါနူးစုမ်၊ ဝိတိုရိယ အဖြစ်လည်းကောင်း နာမည်သုံးမျိုးနဲ့ ခေါ်ဆိုကြပါ တယ်။ ချင်းပြည်နယ်မှာ အမြင့်ဆုံးတောင်ဖြစ်ပြီးတော့ ပေပေါင်း ၁၀၅၀၀ မြင့်ပါတယ်။
နတ်မတောင်ဟာ ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်၊ မင်းတပ်၊ မတူပီ သုံးမြို့ အတွင်းမှာ ပါဝင်နေပြီး ဧက ၁၇၆၃၀၀ (၇၀၃၄၆ ဟက်တာ) အကျယ်အဝန်း ရှိပါတယ်။
၁၉၃၆ ခုနှစ်မှာ ဘောလီမိုး ကြိုးဝိုင်းအဖြစ် ဖွဲ့စည်းခဲ့ကာ ၁၉၉၇ ခုနှစ်မှာ အမျိုးသား ဥယျာဉ်အဖြစ် အဆိုပြုခဲ့လို့ ၂၀၁၀ မှာ အတည်ပြုခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ အာဆီယံ အမွေအနှစ် ဥယျာဉ်အဖြစ် တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။
နတ်မတောင် အမျိုးသား ဥယျာဉ်ထဲမှာတော့ ရှားပါး ငှက်မျိုးစုံကို တွေ့မြင်နိုင်သလို အပင်၊ သစ်ခွ ဇီဝမျိုးစုံ မျိုးကွဲတွေ ကို တွေ့မြင်နိုင်ပါတယ်။
ကန်ပက်လက်ရောက်ရင် နတ်မတောင်ကို အဓိက သွားလာကြပေမယ့်လည်း ကန်ပက်လက်မြို့ ထဲက နှာခေါင်းနဲ့ ပလွေ မှုတ်တဲ့ အဘွားဆီကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။
ဒါ့အပြင် အနီးအနားက ရေတံခွန်တွေဆီကို သွားရောက် လည်ပတ်နိုင်ပါသေးတယ်။ မြင့်မားတဲ့ ကျောက်တောင် ပေါ် ကနေ အရှိန်နဲ့ ကျလာတဲ့ ကိုလှောင် ရေတံခွန်ဆီကို ဆိုင်ကယ်နဲ့ သွားရောက်နိုင်ပါတယ်။
လမ်းခရီးကတော့ တောလမ်း ခရီးဖြစ်ပြီး တောင်ကမ်းပါးတွေကနေ အသဲတယားယား ရင်တဖိုဖိုနဲ့ သွားလာရတာပဲ ဖြစ်ပါတယ်။
အနီးအနားက ချင်းရွာလေးတွေဆီကို သွားရောက် လည်ပတ်ရင်း ထူးခြားတဲ့ ဓလေ့တွေနဲ့ ပါးရဲထိုးထားတဲ့ ချင်းအမျိုး သမီး ကြီးတွေကိုလည်း တွေ့မြင်နိုင်ပါတယ်။
နတ်မတောင်ပေါ်မှာ ညအိပ်ခွင့်ကို အရင်ကတော့ ခွင့်ပြုပေးထားပါတယ်။ ရွက်ဖျင်တဲတွေနဲ့ တောင်ထိပ်မှာ အိပ်စက် ကြပြီး မနက်ခင်း တိမ်တွေ မြူတွေဆိုင်းနေတဲ့ မြင်ကွင်းကို မြင်တွေ့ချင်ကြတဲ့ အတွက်ကြောင့်ပါ။

တောင်ထိပ်မှာ ရာသီဥတု အေးလှတဲ့အတွက်ကြောင့် အချမ်းပြေ တောင်ဇလပ်ပင်တွေကို ခုတ်ပြီး မီးစိုက်ကြခြင်းနဲ့ အရက်သေစာ သောက်စားပြီး အမှိုက်တွေ စည်းကမ်းမဲ့ စွန့်ပစ်ခဲ့ကြတာကြောင့်မို့ တောင်ပေါ်မှာ ညအိပ်ခွင့်ကို ပိတ်ပင် လိုက်တာပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်မှာ ချင်းပြည်နယ်ကို လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ပြုလုပ်ခဲ့တာကြောင့် ရာသီမရွေး သွား လာလို့ ရတဲ့ လမ်းတွေ ဖြစ်နေခဲ့တဲ့အပြင် လက်ရှိအချိန်မှာလည်း လမ်းပိုင်း အဆင့်မြှင့်ခြင်းနဲ့ တိုးချဲ့ခြင်း လုပ်ငန်းတွေ လုပ်ကိုင်နေတာကို တွေ့မြင်ရပါတယ်။ လမ်းကောင်းတဲ့အတွက် လမ်းတွေတိုသွားသလို ခရီးသွားရတာ အဆင်ပြေ စေပါတယ်။
နောက်ထပ် အရေးကြီးလှတဲ့ အခြေခံအဆောက်အအုံ တခုထဲမှာပါတဲ့ လျှပ်စစ်မီးကို ၂၀၁၈ ခုနှစ်ထဲမှာပဲ ၂၄ နာရီ ရအောင် သွယ်တန်း ပေးလိုက်တဲ့ အတွက်ကြောင့် ကန်ပက်လက်မြို့ဟာ အချိန်မရွေး မီးရလို့နေပါပြီ။
ခရီးသွားဦးရေ တိုးလာတာနဲ့အမျှ တည်းခိုခန်းတွေနဲ့ ဟိုတယ်တွေလည်း တိုးချဲ့ ဆောက်လုပ်လာကြတဲ့ အတွက် ကန် ပက်လက်မြို့ အနီးအနားမှာပဲ တည်းမလား နတ်မတောင်ခြေ အနီးအနားတဝိုက်မှာပဲ တည်းမလားဆိုတာ ရွေးချယ်လို့ ရပါတယ်။
ကန်ပက်လက်မှာဆိုရင် ဟိုတယ် ၆ လုံးလောက်နဲ့ တည်းခိုခန်း ၇ လုံးခန့် စုစုပေါင်း တည်းခိုစရာနေရာ ၁၀ လုံးကျော်ရှိ ပါတယ်။
ကန်ပက်လက်မြို့ဟောင်းနဲ့ မြို့သစ်ဆိုပြီး ရှိပြီးတော့ မြို့ဟောင်းကတော့ နတ်မတောင်ခြေ အနီးနားဝန်းကျင်မှာရှိပါ တယ်။ ဟိုတယ်တွေအများစုကလည်း မြို့ဟောင်းနဲ့ ပိုနီးပါတယ်။
တောင်စောင်းလေးတွေမှာ ဆောက်လုပ်ထားတဲ့ ဟိုတယ်တွေကြောင့် ဟိုတယ်မှာ တည်းတာနဲ့တင် တောင်တန်းတွေ ရှုမျှော်ခင်း သဘာဝအလှတွေကို ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။
တည်းခိုစရာနေရာတွေ အတွက် တည်းခိုခန်းမှာဆိုရင် ၁ ယောက်ခန်း တည ၅ ထောင်ကျပ်ကနေ ၂ ယောက်ခန်း ၁ သောင်း၊ ၁ သောင်းခွဲအထိ ဈေးနှုန်း အသီးသီးရှိပြီး ဟိုတယ် အခန်းခဆိုရင် ၂ ယောက်ခန်း တခန်းကို ၄ သောင်းကျပ် ၅ သောင်းကျော် နှုန်းထား အသီးသီးရှိတယ်လို့ သိရပါတယ်။
မြို့ဟောင်းနဲ့ မြို့သစ် ကိုသွားရာမှာလည်းကောင်း တနေရာနဲ့ တနေရာကိုသွားရာမှာ လည်းကောင်း အလှမ်းဝေးလှတဲ့ အတွက် ဆိုင်ကယ်ငှားပြီးဖြစ်စေ ကားငှားပြီးဖြစ်စေ သွားရပါတယ်။
အဲဒီလို ငှားရမ်းခတွေက ဈေးအနည်းငယ် ကြီးမြင့် နိုင်ပေမယ့်လည်း ဒေသခံတွေ ဝင်ငွေနဲ့ အလုပ်အကိုင် ရရှိစေရေး ကိုလည်း တဖက်တလမ်းက အထောက်အကူ ဖြစ်စေနိုင်ပါတယ်။
ဆိုင်ကယ် ငှားရမ်းခနှုန်းထား တွေကတော့ မြို့ဟောင်းကနေ မြို့သစ်ကိုသွားမယ်ဆိုရင် ၅ ထောင်ကျပ်၊ တည်းခိုတဲ့ နေရာကနေ နတ်မတောင်ပေါ် တက်မယ်ဆိုရင် ၁၀ မိုင်စခန်းအထိ ၁ သောင်း၊ ထပ်ပြီး တောင်ပေါ်ထိ တက်မယ် ဆိုရင် တော့ ၁ သောင်းခွဲ ၂ သောင်းခန့် ဈေးနှုန်း အသီးသီး ရှိပါတယ်။
နတ်မတောင် အမျိုးသား ဥယျာဉ်ကို အခြေပြုပြီး လာရောက်လည်ပတ် အပန်းဖြေကြတဲ့ ခရီးသွားတွေကြောင့်ပဲ ဒေသခံ တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရစေသလို ဒေသဖွံ့ဖြိုးရေး အတွက်ကိုလည်း အထောက် အကူ ပြုနေပါတယ်။
ဒေသထွက် အစားအစာနဲ့ ရိုးရာ အဝတ်အထည်တွေ အမှတ်တရ ပစ္စည်းအရောင်းဆိုင်တွေကလည်း ခရီးသွားရာသီ တင်မကဘဲ သင်္ကြန်လိုကာလတွေမှာ ရောင်းအားကောင်းနေမှာပဲ ဖြစ်ပါတယ်။
အရင်က ခရီးသွားလုပ်ငန်း အေးစက်စက် ဖြစ်နေခဲ့တဲ့မြို့ သင်္ကြန်ဟုဆိုလျှင် တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြို့လေးဟာ ၂၀၁၈ ခုနှစ် မဟာ သင်္ကြန်လို အများပြည်သူ ပိတ်ရက်ရှည်ကာလမှာ သင်္ကြန်ရှောင် မြို့ အဖြစ်နဲ့လည်းကောင်း၊ အပူ ရှောင်မြို့ အဖြစ်နဲ့ လည်ကောင်း ခရီးသွားတွေနဲ့ စည်ကား သက်ဝင်နေမှာကို တွေးမြင်နေမိပါတယ်။ ။