“ကျောင်းတက်ချင်တာပေါ့”
နွေလယ်ပူပူ ပက်ကြားအက် လယ်ကွင်းနံဘေး သစ်ပင်ရိပ်ခြေရင်း၌ ထိုင်ရင်း လက်တွင် ကိုင်ထားသော ပုဆိုး ဟောင်း လေး ဖြင့် ပါးစပ်ကို အုပ်ကာ ကျောင်းတက်ချင်ကြောင်း မဝံ့မရဲ ပြောရှာသူက မွန်လေးပါ။
လေးတန်း ဖြေပြီးသည့် အချိန်မှ စ၍ မိဘများက ကျောင်းဆက်မထားနိုင်သဖြင့် ကျောင်းထွက်ခဲ့ရသည့် မွန်လေး သည် ကျောင်းဖွင့်ချိန်တိုင်း ထိုကဲ့သို့ သူ့ဆန္ဒကို ထုတ်ပြောလေ့ရှိသူ ဖြစ်သည်။
ကျောင်းထွက်ပြီးနောက် မိသားစု အလုပ်များကို ဝိုင်းဝန်း ကူညီ လုပ်ကိုင်ပေးနေရသည်။
မွန်လေးက စက္ကူ တရွက်ပေါ်တွင် တွေ့သော စာကို သဲကြီးမဲကြီး ပေါင်းဖတ်နေသည်။
“ဆံပင်ညှပ်၊ ခေါင်းလျှော် သုံးထောင်ကျပ်… ပန်းရိပ်မြုံက ကြိုနေမယ်”ဟူသော စာကြောင်း ၁၀ ကြောင်းခန့်ကို အချိန် ခဏလေး အတွင်း အလွတ် ပြန်ရွတ်နိုင်သည်ကို ကြည့်ခြင်းဖြင့် မွန်လေး၏ ဉာဏ်ရည်ဉာဏ်သွေးကို သိနိုင်သည်။
မွန်လေး၏ မိဘ နှင့် အစ်မကြီးများက နေ့စား လယ်အငှား လုပ်ကိုင်ကြသူများဖြစ်သည့် အတွက် ရရှိသည့် ဝင်ငွေဖြင့် လေးတန်းအောင် ငါးတန်းတက်မည့် မွန်လေးကို မိုင် ၃၀ ခန့်ဝေးသည့် ကျောင်းတွင် ထားနိုင်ရေးက အိပ်မက်မျှသာ ဖြစ်နေ ပါသည်။
မွန်လေးနေထိုင်သည့် ပက်ကော်လေး ရွာသည် ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်းမြို့နယ် ကြားရှိ ပေါင်းလောင်းမြစ်အနီးတွင် တည်ရှိပြီး ရမည်းသင်းမြို့မှ ကားဖြင့်သွားလျှင် နာရီဝက်ကျော် ကြာသည့် အတွက် လမ်းလျှောက် ကျောင်းတက်ရမည့် အရေးက မလွယ်ကူလှပါ။
ထို ပက်ကော်လေးရွာသည် အစိုးရ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်း စသော စာသင်ကျောင်းများ မရှိသဖြင့် လေးတန်း ဖြေပြီးရုံဖြင့် ပညာရေးကိစ္စ ပြီးမြောက်ပြီဟု မှတ်ယူကြကြောင်း ထိုရွာတွင် နေထိုင်သည့် ဦးထွန်းစိန်က ပြောပြ သည်။
အိမ်အလုပ်နှင့် မောင်ငယ်ညီမငယ်များ ထိန်းကျောင်းရင်း အိမ်အနီးအနားက ရရာ အလုပ်ကလေးများ လုပ်ကိုင်နေသည့် မွန်လေးသည် ကျောင်းကြီး ၂ ခါဖွင့်သွားသည့်တိုင် ကျောင်းပြန် မတက်နိုင်သေးပါဟု မျက်ရည်လေး ဝိုင်းကာ ဝမ်းနည်း စကား ဆိုသည်။
မြန်မာနိုင်ငံတွင် မွန်လေးကဲ့သို့ အကြောင်းအမျိုးမျိုကြောင့် ကျောင်းဆက် မတက်နိုင်သည့် မူလတန်းအရွယ် ကျောင်းထွက် နှုန်းသည် ၁၈.၈ ရာခိုင်နှုန်း ရှိကြောင်း ယခု ၂၀၁၉ ခုနစ် အတွင်း ထုတ်ပြန်သည့် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း တခု ဖြစ်သော Save the Children ၏ နှစ်ပတ်လည် အစီရင်ခံစာ Global Childhood Report တွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာတွင် ကလေးငယ်များသည် ကျောင်းထွက်ရခြင်းကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးရပြီး ကလေးများ၏ ဖွံ့ဖြိုး တိုးတက်မှု ထိခိုက်စေသည့်အပြင် အနာဂတ် ကိုပါ ထိခိုက်စေသည့် အတွက် နိုင်ငံ အတွက်လည်း ထိခိုက် ဆုံးရှုံးမှု ဖြစ်ရ သည်ဟု ဆိုထားသည်။
“အဓိက အချက်တခုကတော့ ကျောင်းထွက်ရပြီး အလုပ်အလုပ်ရတဲ့ ကလေးလုပ်သားတွေ များပြားလာတာ ပါပဲ”ဟု Save the Children က ဆိုသည်။
စစ်ရေး ပဋိပက္ခများ၊ မသန်စွမ်းဖြစ်နေခြင်း၊ ဝေးလံခေါင်သီသည့် နေရာများတွင် နေထိုင်နေရခြင်း တို့ကြောင့် ပညာရေး လက်လှမ်း မမီခြင်း အပြင် အရွယ်မရောက်ခင် လက်ထပ်ထိမ်းမြားရခြင်းနှင့် ဆင်းရဲမွဲတေမှုများကလည်း ကလေးများ ကျောင်းခန်းထဲ ရောက်ရန် ကြီးစွာသော အဟန့်အတား ဖြစ်နေသည်။
ပညာရေး ဝန်ကြီးဌာနကမူ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး အတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေး ဌာန၊ မြို့နယ်ထွေအုပ် တာဝန်ရှိသူများဖြင့် ကျောင်းနေအရွယ် စာရင်းကောက်ယူခဲ့ပြီး ကျောင်းခန်း အတွင်း ရောက်အောင် ဆောင်ရွက် ပေးခဲ့သည်ဟု ဆိုထားသည်။
ထို့ပြင် ရခိုင်ဒေသ၊ ကချင်ဒေသ စသည့် ဒေသများတွင်လည်း ကျောင်းမနေနိုင်သည့် ကလေးငယ်များ ရှိသော်လည်း ပညာရေး ဝန်ကြီးဌာန အနေဖြင့် အတတ်နိုင်ဆုံး ကျောင်းတက်နိုင်ရန် ဆောင်ရွက် ပေးနေကြောင်းလည်း သိရသည်။
ထို့ိုသို့သော အခြေအနေများကြောင့် မွန်လေး ကဲ့သို့ ကျောင်းထွက်ပြီး အလုပ်လုပ်နေရသည့် ကလေးငယ် တဦးမှာ အသက် ၁၂ အရွယ် အိအိမိုး ဖြစ်သည်။
အိအိမိုးသည် ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ အနီးရှိ ကျေးရွာကလေး တရွာတွင် နေထိုင်သူဖြစ်သည်။ ရှမ်းမြောက်ပိုင်းသည် တိုင်းရင်းသား လက်နက်ကိုင် အများစုရှိသည့် နယ်မြေတခုဖြစ်ပြီး တိုက်ပွဲများလည်း မကြာခဏ ဖြစ်လေ့ ရှိသည်။
တိုက်ပွဲရှောင်နေရသည့် အတွက် ကလေးများက ကျောင်းမတက်ရသကဲ့သို့ လူကြီးများကလည်း အလုပ်အကိုင် မရှိတော့ သည့် အတွက် ရရာ လုပ်ငန်းထဲသို့ ကလေးများပါ လိုက်လံ ကူညီလုပ်ကိုင် ပေးကြရသည်။
ထို့ကြောင့် ထိုဒေသရှိ ကျောင်းအများစုတွင် ကျောင်းသားများ မရှိခြင်း၊ ရံဖန်ရံခါတွင် ကျောင်းသား မရှိသည့် အတွက် အလုပ် လုပ်ကိုင်ရာ နေရာအထိ သွားရောက်ခေါ်ယူရပြီး နေ့တွက်ခ ပေး၍ စာသင်ပေးရခြင်းမျိုးလည်း ရှိကြောင်း ဒေသရှိ မူလတန်း ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်ငယ်က ပြောပြသည်။
ပညာရေး ဝန်ကြီးဌာနက ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာသင်ခန်းထဲ ရောက်ရေး၊ ကျောင်းနေအရွယ် ကလေး တိုင်း စာသင်ခန်းထဲမှ ပြန်မထွက်သွားရေး၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးနှင့် အပ်နှံပြီးသော ကလေး တိုင်း စာသင်ခန်းထဲ မြဲရေး၊ မြဲသည့်ကလေးတိုင်း သင့်တင့်သည့်စာ ပြီးမြောက်ရေး ဟူသော မူဝါဒ ချမှတ် ထားသည်။
မြန်မာနိုင်ငံတွင် အစိုးရ ကျောင်းများ၌ တက်ရောက် ပညာသင်ယူနေသည့် ကျောင်းနေအရွယ် ကလေးငယ်ပေါင်း ၉ သန်း ၂ သိန်း ရှိပြီး ဘက ကျောင်း (ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း)၊ ပုဂ္ဂလိက ကျောင်း၊ ဘာသာရေး အဖွဲ့ များက သင်ပေးသည့် ကျောင်း၊ တိုင်းရင်းသား ကျောင်းများရှိ ကလေးငယ်များ ပါဝင်ပါက ၉ သန်းခွဲခန့် ရှိသည်ဟု ပညာရေး ဝန်ကြီးဌာနမှ သိရ သည်။
ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းနေနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနက ကျောင်းသုံးဖတ်စာနှင့် ယခင် က ကျောင်းဝတ်စုံ ပေးသော်လည်း ယခုနှစ်တွင် ကျောင်းဝတ်စုံအစား ဗလာစာအုပ် ထောက်ပံ့ ပေးသည်ဟု လည်း ဆိုသည်။
သို့သော်လည်း မိဘများအနေဖြင့် ကျောင်းနေအရွယ်တိုင်း မဖြစ်မနေ ကျောင်းပို့ရမည်၊ မပို့ပါက အရေးယူမည် ဆိုသည့် ဆောင်ရွက်ချက် မရှိသည့် အတွက် ကလေးများကို ကျောင်းမပို့ဘဲ အလုပ်ကူခိုင်းခြင်း၊ ကလေးထိန်းခိုင်းခြင်း၊ ကျွဲနွား ကျောင်း ခိုင်းခြင်းနှင့် ပဲနှမ်း ခူးစသော အလုပ်များတွင် အလွယ်တကူ ခိုင်းစေနေကြသည်။
ရှမ်းပြည်နယ်အတွင်း အခြေအနေ အရပ်ရပ်ကြောင့် ကျောင်းမတက်နိုင်သည့် ကလေးများ ရှိနေရာ၌ ယောက်ျားလေး များ က ပို၍ များနေကြောင်းလည်း ရွှေသဖူ အခမဲ့ ပညာရေးဆောင် ဖွင့်လှစ်ထားသည့် ကိုအောင်ဆန်းက ရှင်းပြသည်။
၎င်းက“ဘာလို့လဲဆိုတော့ တချို့ရွာတွေမှာ ကျောင်းမနေတော့ဘူး ဆိုရင် ယောက်ျားလေးတွေကို အလုပ်လုပ် ခိုင်း တယ်။ ယောက်ျားလေးကျတော့ ပိုလုပ်နိုင်တယ်ဆိုတဲ့ အတွေးနဲ့ ကျောင်းမထားကြတာ”ဟု ပြောသည်။
ရှမ်းပြည်နယ် ပင်လောင်းမြို့တွင် ဖွင့်လှစ်ထားသည့် ရွှေသဖူအခမဲ့ ပညာရေးဆောင်က ဝေးလံခေါင်ဖျားသော အရပ်ဒေသ မှ တိုင်းရင်းသား ကလေးငယ်များကို အခမဲ့ ကျောင်းအိပ် ကျောင်းစား စောင့်ရှောက်ပေးထားသည့် ကျောင်း အဆောင် ဖြစ် သည်။
ထိုအဆောင်တွင် ကျောင်းနေအရွယ် မိန်းကလေး ၆၇ ဦးနှင့် ယောက်ျားလေး ၃၂ ဦးရှိပြီး အလယ်တန်းမှ တက္ကသိုလ် ရောက်သည် အထိ နေရာထိုင်ခင်းကအစ အထွေထွေ အသုံးစရိတ် အထိ ထောက်ပံ့ပေးထားသည်ဟု ကိုအောင်ဆန်းက ပြောပြသည်။
ယခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ရွှေသရဖူမှ ၉ ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ ၃ ဦးအောင်မြင်ကြောင်းလည်း သိရ သည်။
၂၀၁၉ ခုနစ် မြန်မာနိုင်ငံရှိ တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို တနိုင်ငံလုံး အတိုင်းအတာအရ အောင်ချက် ၃၁ ဒသမ ၄၄ ရာခိုင်နှုန်း ရှိကြောင်း ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထိုသို့သော ကျောင်းဆက်မတက်နိုင်သည့် ကလေးငယ်များသည် တိုင်းရင်းသား ဒေသများတွင်သာ ရှိသည်မဟုတ် မြန်မာ နိုင်ငံ၏ မြို့ကြီး ဖြစ်သည့် ရန်ကုန်မြို့ အနီးရှိ ကျောက်တန်းမြို့လေးတွင်လည်း ရှိနေကြောင်း သိရသည်။
ရေလယ် ကျောက်တန်းသည် ကမ်းနံဘေးတွင် ရှိသည့်အတွက် ရေလုပ်သားအများစုက ဝမ်းစာရှာဖွေရန် သောင် ထွန်း သည့် နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရင်း ရွာခွဲလေးများ ပေါ်ပေါက်လာရသည်။
ထိုရွာခွဲလေးများမှ ကလေးငယ်များသည် ကျောင်းသွားသည့်အခါ ကုန်းတတန် လှေတန်ဖြင့် သွားရသည့် အတွက် ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာသင်ခန်းရောက်ရေးက ၎င်းတို့အတွက် အလှမ်းဝေးလို့ နေပါသည်။
ထို့သို့သော လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ကျောင်းဆောင် မရှိခြင်း၊ ကျောင်းဆောင် မလုံလောက်ခြင်း နှင့် လုံလောက်သည့် ပံ့ပိုးမှု မရှိခြင်းများ ကလည်း ကလေးငယ်များ ကျောင်းရောက်ရန် အဟန့်အတား ဖြစ်နေပါသည်။
ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းထွက်နှုန်း လျော့ကျရေးနှင့်ပတ်သက်ပြီး ကျောက်တန်း မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ယခုကဲ့သို့ မှတ်ချက်ပြု ပြောဆိုသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မူလတန်းသင် အခမဲ့ပညာရေးလို့ ရေးထားရုံနဲ့ မလုံလောက်ဘူး။ အဲဒီတော့ မူလတန်း အရွယ် ကလေးတွေ အားလုံးကျောင်းကို ပို့ရမယ်။ အစိုးရဘက်က တာဝန်ယူဖို့ရှိတဲ့ လက်လှမ်းမီတဲ့ နေရာမှာ ကျောင်းတွေ ဆောက်ပေးဖို့ အတွက်ကတော့ တာဝန်အပြည့်ယူရမယ်”ဟု ၎င်းက ပြောသည်။
ဆင်းရဲခြင်းကို အကြောင်းပြပြီး ကျောင်းမပို့သည့် အတွက် နောက်မျိုးဆက်က ယခုထက်ပိုမို ဆင်းရဲ သွားနိုင်ကြောင်း၊ ထို့ထက် ပိုဆင်းရဲသည့် မျိုးဆက် ဖြစ်ပါက နိုင်ငံ၏ ဆင်းရဲခြင်း သံသရာ လည်နေမည် ဖြစ်ကြောင်းလည်း ဒေါ်အေးမြမြမျိုး က ပြောကြား ပါသည်။ ။
You May Also Like These Stories:
ပညာပြည့်ဝ နှလုံးလှသူများ ဖြစ်စေချင်
စနစ်သစ် ပညာရေး နဲ့ ကယ်လ်စီယမ် ကွေကာ သောက်ကြသူများ