ကိုယ်အလေးချိန်လျှော့ချနည်းများစွာထဲမှာ ဂျပန်လူမျိုးတွေရဲ့ ငှက်ပျောသီးစားပြီး ဝိတ်ချနည်းဟာ ၂၀၀၈ ခုနှစ်လောက်ကတည်းက ကိုယ်အလေးချိန်လျှော့ချလိုသူတွေကြား ရေပန်းစားခဲ့တာပါ။
ဂျပန်မဂ္ဂဇင်းတခုဖြစ်တဲ့ Yohobika မဂ္ဂဇင်းရဲ့ဖော်ပြချက်အရ ငှက်ပျောသီး Diet စားသုံးသူ ၈၀ ရာခိုင်နှုန်းခန့်ဟာ ကိုယ်အလေးချိန်သိသိသာသာ ကျဆင်းသွားကြပြီး ခါးနဲ့ဝမ်းဗိုက်ကအဆီတွေပါ လျော့နည်းသွားတယ်လို့ ဖော်ပြထားပါတယ်။
ငှက်ပျောသီးဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတမျိုးဖြစ်တဲ့အပြင် ပိုတက်ဆီယမ်ကြွယ်ဝပြီး ကယ်လိုရီလျော့နည်းစွာ ပါဝင်တာကြောင့် ကိုယ်အလေးချိန်လျှော့ချဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။ ငှက်ပျောသီးဝိတ်ချနည်းရဲ့ အားသာချက်ကတော့ ဗိုက်မကြာခဏဆာတတ်သူတွေအနေနဲ့ ငှက်ပျောသီးစားခြင်းက အဆာခံစေနိုင်တာကြောင့် သက်သောင့်သက်သာဖြစ်စေတာပဲ ဖြစ်ပါတယ်။
ငှက်ပျောသီးနဲ့ဝိတ်ချနည်းကတော့ မနက်စာစားတဲ့အခါ ငှက်ပျောသီးတလုံး၊ ရေတဖန်ခွက်ကို အရင်စားသုံးပြီးမှ မိမိစားချင်တဲ့ မနက်စာအစားအစာကို ကယ်လိုရီ ၂၀၀ အောက် လျော့နည်းစေအောင် စားသုံးရမှာဖြစ်ပါတယ်။ နေ့လည်စာနဲ့ ညနေစာတွေ စားသုံးတဲ့အခါ အစာမစားခင်မှာ ငှက်ပျောသီးတလုံးကို စားပေးရမှာဖြစ်ပြီး ဟင်းသီးဟင်းရွက်နဲ့ အသားဓာတ်ကိုတော့ လုံလောက်အောင် စားပေးရမှာဖြစ်ပါတယ်။
မကြာခဏ ဗိုက်ဆာတတ်သူတွေအနေနဲ့ ငှက်ပျောသီးကို သကြားမပါတဲ့ ဒိန်ချဉ်အလွတ်နဲ့ တွဲဖက်စားသုံး ပေးနိုင်သလို ညအိပ်ခါနီးဗိုက်ဆာတတ်သူတွေအနေနဲ့လည်း ငှက်ပျောသီးတလုံးခန့် စားပေးနိုင်ပါတယ်။
ငှက်ပျောသီးဝိတ်ချနည်း စားသုံးတဲ့အခါ သတိပြုရမှာတွေကတော့ ဆီကြော်မုန့်တွေနဲ့ အသင့်စားအစားအစာတွေကို ရှောင်ကြဉ်သင့်ပြီး ရေများများသောက်ပေးတာ၊ လက်ဖက်စိမ်းရေနွေးကြမ်း ဒါမှမဟုတ် ရိုးရိုးရေနွေးသောက် သုံးပေးတာ၊ အိပ်ရေးဝဝအိပ်စက်ပေးတာတို့ကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
Ref. food.ndtv.com
You may also like these stories:
ကန်စွန်းဥစားပြီး ကိုယ်အလေးချိန် လျှော့ချကြမယ်
အစိမ်းစားရင် ကျန်းမာရေးအတွက် ပိုမိုအကျိုးရှိစေတဲ့ အစားအစာ ၅ မျိုး
ဦးနှောက်ရောင်ရမ်းနာရောဂါကြောင့် အိန္ဒိယနိုင်ငံမှာ ကလေး ၁၀၀ ကျော်သေဆုံးမှု လိုင်ချီးသီးနဲ့ ဆက်စပ်နေ