ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ထဲက အထက (ခွဲ) လမုတန်းကြီး ကျောင်းစစ်ဆေးရေး သွားတဲ့အခါ လှိုင်သာယာ အောင်ဇေယျ တံတားပေါ်ရောက်တော့ အရုဏ်တက် နံနက်ခင်းရဲ့ အလှနဲ့ တံတားပေါ် ဖြတ်တိုက်လာတဲ့ လေနုအေး လေး ကြောင့် စိတ်ကြည်နူးခြင်း ရသကို ခံစားရပါတယ်။
ရှေ့က မြင်ကွင်း တခုကြောင့် ချက်ချင်း ဝမ်းနည်း စိတ်မကောင်းခြင်းကို ပြောင်းသွားရပါတယ်။ ခေါင်းဘက်မှာ သွေးတွေ အိုင်ထွန်းပြီး လဲကျနေတဲ့ လူငယ်တယောက်နဲ့ ကျိုးပဲ့နေတဲ့ ဆိုင်ကယ်တစီး၊ အဲဒီနေရာကို ကားတွေ၊ ဆိုင်ကယ်တွေ မလာအောင် တားပေးနေတဲ့ တာဝန်ကျ မော်တော်ပီကယ် ရဲတယောက် တို့ကို တွေ့လိုက်ရခြင်းပါ။
အဲဒီ လူငယ်လေးက ကျမတို့လို ဝန်ထမ်းဘဝ တာဝန် ထမ်းဆောင်ရအောင် သွားတာလား။ မိဘတွေက ခိုင်းလို့ စီးပွားရေး၊ လူမှုရေး ကိစ္စတွေကြောင့်လား။
ရန်ကုန်သူ ရန်ကုန်သား အများစုက မနက် ၈ နာရီ ၉ နာရီ နေကျဲကျဲတောက်ထွက်မှ အိပ်ရာ ထတတ်ကြတာ။
အခုလို ဝေလီဝေလင်း နံနက်ခင်း အချိန် ဒီတံတားပေါ် ရောက်နေတာ ဆိုတော့ အလုပ်ကြိုးစားတဲ့ လူငယ်လေး ဖြစ်မယ် ထင်ပါရဲ့။
စိတ်မကောင်း ဖြစ်ရပြီး လေးလံ ထိုင်းမှိုင်းလှတဲ့ စိတ်နဲ့ အထက (ခွဲ) လမုတန်းကြီး ရွာကျောင်းကို ရောက်ခဲ့ရပါတယ်။ ကျောင်းဝန်းထဲ ဝင်လိုက်တာနဲ့ မျက်နှာ ကြည်ကြည်လင်လင် အပြုံးချိုချိုလေးတွေနဲ့ ကျောင်းသား ကျောင်းသူလေး တွေကို တွေ့လိုက်ရတဲ့ အခါမှာတော့ ကိုယ်ကလည်း ပြန်ပြုံးပြရင်း စိတ်လက် ကြည်လင်လာရ ပြန်ပါတယ်။
ကျောင်းအုပ်ကြီးရဲ့ ရုံးခန်းကို ရောက်တဲ့အခါ ရုံးခန်းရဲ့ သန့်ရှင်း သပ်ရပ်မှုနဲ့အတူ ဆရာ ဆရာမများရဲ့ သက်ဆိုင်ရာ လုပ်ငန်း တာဝန်များကို စနစ်တကျ အတတ်နိုင်ဆုံး ပြီးစီးအောင် ဆောင်ရွက်ထားမှုတို့ကြောင့် စစ်ဆေးမှုများ အချိန်မီ ပြီးစီး ခဲ့ရပါတယ်။
ကျောင်းရှေ့ စုဝေးကွင်းဟာ ယခုလက်ရှိ ကျောင်းအုပ်ဆရာမကြီး မရောက်ခင် ရွှံ့နွံများနဲ့ မလှမပ ရှိနေခဲ့ရာမှ အခု ဆရာမ ကြီးက အလှူငွေတွေ ဦးဆောင် ထည့်ဝင်ပြီး ကျေးရွာရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ သဲမြေတွေ ဖို့ထားတာမို့ ရွံှ့နွံ ဆိုတာ မမြင်ရတော့တာပါ။
သူ့ရဲ့ လုပ်ငန်းခွင်ကို တက်ကြွ ပြုံးရွှင်စွာ၊ ဂုဏ်ယူစွာ၊ ရှင်းပြပေးနေတဲ့ ဆရာမကြီးရဲ့ အပြုံးကြောင့်လည်း ကျမတို့တွေ စိတ်လက် ကြည်နူးခဲ့ရပါတယ်။
အားကစားချိန်တွေမှာ ကလေးများ ဘောလုံးကန်၊ ခြင်းခတ်၊ ထုတ်ဆီးတိုးနဲ့ ပျော်ရွှင်စွာ ဆော့ကစားနိုင်ကြလို့ အဆင် ပြေ တဲ့ အကြောင်း အလယ်တန်း ကျောင်းသား တဦးကို မေးကြည့်လို့လည်း သိခဲ့ရပါတယ်။
အခု လက်ရှိ ဆရာမကြီးက တနင်္လာနေ့မှ ကြာသပတေးအထိ ကျောင်းမှာ ညအိပ်နေပြီး ကျောင်းတက်တာမို့ သူ့လက် ထောက် ဆရာမလေးများနဲ့ ရင်းနှီးနွေးထွေးမှု ရှိတာကိုလည်း မျက်မြင်တွေ့ခဲ့ရပါတယ်။
“ဝါဆိုသင်္ကန်း ကပ်လှူပွဲကိုလည်း သေချာကျနလုပ်ခဲ့ပါတယ်။ ကျောင်းသား မိဘများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အားလုံး စုပေါင်းပြီး သံဃာတော်များကို ဗုဒ္ဓဘာသာ ဓလေ့ ထုံးစံနဲ့အညီ လိုလေသေး မရှိ ကပ်လှူနိုင်ခဲ့ ပါတယ်။ ကျမ ပင်ပန်းပေမယ့် ပျော်ပါတယ်”လို့ အပြုံး မျက်နှာနဲ့ ပြောလာတဲ့ ဆရာမကြီးဟာ ခရစ်ယာန် ဘာသာဝင် တဦး ဖြစ်နေတာကိုလည်း သိခဲ့ရပါတယ်။
ဆရာမကြီးရဲ့ စီမံ ဆောင်ရွက်မှုများဟာ အရိုးသားဆုံး ဆောင်ရွက်ပြီး အဆန်းပြားဆုံး အောင်မြင်မှုလို့ ပြောရမှာပေါ့။ ရန်ကုန်က လာရတဲ့ ဆရာမလေးတွေက ဆရာမကြီးနဲ့ အတူ စုပေါင်းနေထိုင်ကြပြီး ရင်းနှီးနွေးထွေးစွာ ကလေးများကို ပညာ သင်ကြား ပေးနေကြတာလည်း မင်္ဂလာ အဖြာဖြာ ရှိလှပါတယ်။
နောက်တကျောင်းကို ကူးရမှာဦးမှာမို့ နှုတ်ဆက်ခဲ့ရပေမယ့် အထက (ခွဲ) လမုတန်းကြီးကို အမြဲ အမှတ်ရနေမှာ အသေ အချာပါ။
ထန်းတပင် မြို့နယ်ထဲကပဲ နောက်ထပ် တခြားသော အထက (ခွဲ) ကျောင်းတကျောင်းကိုလည်း ရောက်ခဲ့ရပါတယ်။
ကျောင်းအုပ်ကြီး ရုံးခန်း ရောက်လို့ ဝန်ထမ်း အင်အားပြဇယားကို ကြည့်လိုက်တာနဲ့ ရင်မောရပါပြီ။ ကျောင်းအုပ်ကြီး ၁ ဦး၊ အထက်တန်းပြ ၄ ဦး၊ အလယ်တန်းပြ၊ ကာယဆရာအပါ ၅ ဦး၊ မူလတန်းပြ ၂ ဦး၊ ရုံးဝန်ထမ်း ၁ ဦးမှာ ကျောင်းသား ကျောင်းသူ ပေါင်း ၃၂၃ ဦး ရှိတာမို့ ဘယ်လိုများ စခန်းသွားနေကြပါလိမ့်လို့ မေးကြည့်ရပါတယ်။
မူလတန်းပြ ၂ ဦးတည်း ရှိတာမို့၊ မူလတန်း စနစ်သစ် ပညာရေးက Kg သူငယ်တန်း၊ G1 ပထမတန်း၊ G2 ဒုတိယတန်း တွေမှာ တတန်းကို ဆရာ တဦး မဖြစ်မနေ ထားပေးရမှာမို့ ၃ ဦးက သင်ကြားရေးမှာ မဖြစ်မနေ လိုနေပြီး အခုက မူလ တန်း ပြက ၂ ဦးတည်းဆိုတော့ …။
သူတို့ ဆရာမလေးတွေက ဒီလို ရှင်းပြကြပါတယ်။
“သမီးက ထန်းတပင်မြို့နယ် အဆုံးက မူလတန်းပြပါ။ ဒီကျောင်းမှာ လိုနေလို့ တွဲထားတာပါ။ အခု သမီးက Kg သူငယ် တန်း သင်ပါတယ်”
“Kg သင်တန်းရော”
“သင်တန်းလည်း တက်ပြီးပါပြီ”
“ကဲ ဒါဆို အဆင်ပြေပြီ၊ အိမ်ရှင်ဆရာမလေး နှစ်ယောက်က G1, G2 သင်တယ်ပေါ့”
“ဟုတ် ဆရာမကြီး သမီးတို့ ၃ ယောက်၊ ၃ တန်း ၄တန်း ကိုလည်း သွားသင်ရပါသေးတယ်”
“မူလတန်း ဆရာ မရှိတော့..သင်ရမှာပေါ့၊ သမီးတို့ ကလေးတွေကို ဘယ်လိုထားခဲ့လဲ”
“၂ ယောက်က သွားသင်နေရင် ကျန်ခဲ့တဲ့ တယောက်က ပေါင်းထိန်းရပါတယ်”
“အင်း ကောင်းရော” စကားမှ မဆုံးသေး “သမီးတို့ ၃ ယောက် အတတ်နိုင်ဆုံး ကြိုးစားသင်နေကြတာ၊ အခု သမီးကို မူလ ကျောင်းပြန်သွားရမယ်။ တွဲမထားတော့ဘူးလို့ မြို့နယ်က ပြောပါတယ်။ ဟိုကျောင်းမှာက ပိုနေတာာပါ။ ဒီကျောင်းမှာက လိုနေတာ ဆက်ထားပေးရင် ကောင်းမှာပါ။ ဟိုကျောင်းရောက်ရင် သမီးက တော်တော် သက်သာပါ တယ်”
“သမီးတို့ ကျောင်းအုပ်ကြီးနဲ့ မေးကြည့်ဦးမယ်လေ”
ကျောင်းအုပ်ဆရာမကြီးကို အကျိုးအကြောင်း မေးကြည့်တော့“ကျောင်းမှာ ဆရာအင်အားက (မူ/လယ်/ထက်) အားလုံး မှာ လိုနေတာပါ။ မူလတန်းသင် ၂ ဦးပဲ ရှိတာ၊ အတွဲ ၁ ဦး ရောက်လာလို့ အသက်ရူချောင်မယ် ရှိသေး၊ မူလ ကျောင်းကို ပြန်သွားရမယ် ဖြစ်နေပါတယ်။ အလယ်တန်းပြ ၄ ဦးကလည်း (၅၊ ၆၊ ၇၊ ၈) အတန်းတွေကို ဘာသာရပ် တွေကို တွဲယူပြီး သင်နေရတာပါ။ အထက်တန်းလည်း ဆရာမ ၄ ဦးထဲက ဘာသာတွဲတွေနဲ့ ဖြစ်အောင် သင်နေရပါ တယ်”လို့ ပြောပြပါတယ်။
ဆရာအင်အားကို ကျောင်းသားဦးရေနဲ့ အချိုးတွက်တဲ့အခါ ကျောင်းသား အင်အား ၃၂၃ ဦးကို ဆရာအင်အား ၁၀ ဦးနဲ့ စားလိုက်ရင်၊ ဆရာ ၁ ဦး ကျောင်းသား ၃၂ ဦးသင် ဖြစ်နေလို့ ဆရာအင်အား လုံလောက်မှု ရှိတယ်လို့ သတ်မှတ်ရင် အဲဒီ ကျောင်းအတွက်က နစ်နာမှု ရှိပါတယ်။
စနစ်သစ်ပညာရေး အရ (kg, G1,G2) အတန်းများသည် ကျောင်းတက်သည်မှ ကျောင်းဆင်းချိန်ထိ ဆရာ ဆရာမ တဦး တည်းက အပြီး တာဝန်ယူ သင်ကြားရာမှာ မိနစ်ပိုင်းလောက်တောင် လွှတ်ထားလိုက်လို့ မရတဲ့ စနစ်သစ် သင်ရိုး များနဲ့ ဖွဲ့စည်း တည်ဆောက်ထားတာ အားလုံးအသိပါ။ ဆရာမက မောလိုက်တာ ဆိုပြီး ဆယ်မိနစ်၊ ၁၅ မိနစ်လောက် နားလိုက်ရင် အဲဒီအတွက် ကလေးများ ရရှိရမယ့် တတ်မြောက်မှု လျော့ကျသွားမှာပါ။
မသင်ယူမီ၊ သင်ရစဉ်၊ သင်ယူပြီး တတ်မြောက်မှုကို ၃ ကြိမ် ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်မှ ကလေးများရဲ့ တတ်မြောက်မှုက ရည်မှန်းချက်ကို ပြည့်မီမှာပါ။ ရည်မှန်းချက် ပြည့်မီပါမှ နှစ်ဆုံးတဲ့အခါ စားမေးပွဲ မရှိ အတန်းတင်ပေးတဲ့ စနစ်ကို အန်တု နိုင်မှာပါ။
အခုတော့ ရည်မှန်းချက်တွေ အန်တုတာတွေ အသာထား၊ မူလတန်းပြ တယောက်က သူ့မူလကျောင်းကို ပြန်သွားရမှာ သေချာ နေပါပြီ။
စနစ်သစ် အတန်းများအတွက် ၃ ဦး ၃ တန်း၊ ၄ ဦး ၂ တန်း ၊ မူလတန်းပြ ၅ ဦးက မဖြစ်မနေ ရှိရပါမယ်။ ပညာရေးရဲ့ အုတ်မြစ်က မူလတန်း ဖြစ်တာမို့ ၂ ဦးတည်း သင်ပြီး ဘယ်လိုလုပ်ရပါ့။
မူလတန်း အတွက် အားလျော့ခြင်းများနဲ့ အလယ်တန်း၊ အထက်တန်း တက်ရောက်တဲ့အခါ ဆရာမတွေ မဖြစ်ဖြစ် အောင် ကဆုန်ပေါက် ချီတက်နေကြလို့ အကောင်းကြီး မဟုတ်ပေမယ့် သိပ်မဆိုးသေးဘူးလို့ ဖြေသာရပါတယ်။
အထက်တန်းပြ ဆရာမ ၄ ဦးက ဘာသာပေါင်းစုံကို ချစ်ကြည်စွာ ရောနှောပူးပေါင်း သင်ကြား ပေးနေကြပေမယ့်၊ သူတို့လေးတွေ တော်တော် ပင်ပန်းကြတာပါ။
“သမီးတို့ရေ ညနေကျောင်းဆင်းချိန်ကို ၁ နာရီလောက် အချိန်ပေးပြီး၊ အချိန်ပိုလေး သင်ပေးကြရင် ကောင်းမယ်နော်၊ ညဘက်ကျ စာကျက်ဖို့ သူတို့လေးတွေကို ထပ်ခေါ်ရင် ကိုယ့်အတွက်လည်း အဖော်ရတာပေါ့”
“ဟုတ်ကဲ့ သမီးတို့ အချိန်ပို သင်ပါတယ်။ သမီးတို့ ဒီကျောင်းမှာ မနေလို့ ညဘက် စာကျက်မခေါ်နိုင်ပါဘူး။ အချိန်ပို သင်ပြီး အိမ်ပြန်ပါတယ်၊ အိမ်ရောက်ရင် ည ၉ နာရီ ထိုးတာပါပဲ”တဲ့။
“မှော်ဘီက လာရတာပါ”
“ဆိုင်ကယ် ကယ်ရီ ၂ ဆင့် စီးပြီးမှ ထန်းတပင်ကား စီးရပါတယ်။ ထန်းတပင် မြို့ထဲရောက်မှ ဒီဘက်ကို ကယ်ရီ တဆင့် စီးရပါတယ်။ အိမ်ကနေ မနက် အစောကြီး ထွက်လာရပါတယ် ဆရာမကြီး”
“သမီးရယ် ဒီလောက် ခရီးအဝေးကြီးကို ဒီမှာ နေပါလား၊ သမီးတို့ကို စိတ်မချလိုက်တာ”
“သမီးတို့ချည်း မနေရဲလို့ပါရှင့်”
“ဟင် ကျောင်းအုပ်ဆရာမကြီးက ကျောင်းမှာ မနေဘူးလား”
“ဟုတ် ကျန်းမာရေး မကောင်းလို့ မနေတာပါ”
အထက်တန်းပြ ဆရာမလေး ၄ ယောက်က အရွယ်တူ ၂၅ နှစ် မပြည့်သေးတဲ့ ချစ်စရာ့ ဆရာမလေးတွေ။
“သမီးရေ မှောက်ဘီဘက်ကနေ စီးလာတဲ့ ဆိုင်ကယ်ကယ်ရီကရော စိတ်ချရရဲ့လား”
မနက်အစောကြီး အိမ်က ထွက်လာရတော့ စိတ်မချလို့ မေးမိပြန်ပါတယ်။
“ဟုတ်ကဲ့ အစ်ကို ဝမ်းကွဲတွေက ပို့ပေးလို့ စိတ်ချရပါတယ်။ ထန်းတပင်ဘက် ရောက်ရင် ကျောင်းကို စီးရတဲ့ ဆိုင်ကယ် ကလည်း ဒီရွာထဲကမို့ စိတ်ချရပါတယ်”
ကျောင်းအုပ်ဆရာမကြီးက ကျောင်းမှာ မနေနိုင်လို့ လက်ထောက် ဆရာမလေးတွေ ကျောင်းမှာ နေချင်ပေမယ့် နေလို့ မရ တော့ နေ့ချင်းပြန် ကျောင်းတက်ရလို့ ခရီးလမ်းအခက်အခဲတွေ၊ ကလေးတွေ ပညာရေး အားထည့်လုပ်ပေးချင်ပေ မယ့် လုပ်မပေးနိုင်တဲ့ အခြေအနေတွေ…။
စနစ်သစ် သင်ရိုးများ ဘယ်လောက်ကောင်းကောင်း၊ ကျောင်းသားကိုင် စာအုပ်များ ဘယ်လိုပင် အဆင့်မီနေပါစေ၊ ဆရာအင်အား လုံလောက်မှု မရှိရင်၊ ကောင်းခြင်းများဟာ အဟောသိကံ ဖြစ်နေမှာပါ။ ဘာမှ မသိ၊ ဘာမှမတတ်၊ ဘာမှ နားမလည်ခဲ့တဲ့ ကလေးများ တနှစ်တတန်း မှန်မှန် အတန်းတက်သွားရင်“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက် သော နိုင်ငံတော်ကြီး တည်ဆောက်ဖို့ အသာထား၊ ကျေးရွာလေး တရွာတောင် တည်ဆောက်ဖို့ ဖြစ်နိုင်ပါ့မလား” ဆိုတာ အဖြေရှာကြရမှာပါ။
သင်ကြား၊ သင်ယူသူ နှစ်ဖက်စလုံး အတွက် ဝန်းကျင်ကျောင်းများ ဖန်တီးနိုင်ဖို့ ကလည်း အရေးတကြီး လိုအပ်နေပါ တယ်။
တကယ်ဆို ကျမတို့ မြေပြင်မှာ လက်တွေ့ မြင်ရ တွေ့ရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများနဲ့ တွေ့ဆုံပြီး ဆွေးနွေးတိုင်ပင်လို့ရခဲ့ရင် အဖြေတခုခုတော့ ရနိုင်ပါတယ်။
အခုက ကိုယ့်စိတ်ကူးနဲ့ကိုယ် ကယ်လ်စီယမ်ကွေကာ သောက်နေကြတာမို့ (အရိုးနဲ့အသားတွေ ဖွံ့ဖြိုးသန်မာဖို့) ကျောင်းအုပ် ဆရာမကြီးကတော့ “ဆရာအင်အား လိုအပ်ချက် တောင်းထားပါတယ်”လို့ ပြောပါတယ်။
ဘယ်အချိန်မှ ရမယ် ဆိုတာကတော့ မျှော်လင့်လျက်ပါ..မသိနိုင်ပါ။
တွဲဖက် သင်ရိုးဝင် ဘာသာရပ်တွေ သင်ပေးရဲ့လား…။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကောင်းရဲ့လား…။
တခြား လားတွေကိုလည်း မမေးနိုင်ခဲ့ပါ။
အဖြေလည်း မရှာနိုင်ခဲ့တာမို့ အိမ်အပြန်လမ်းမှာလည်း ခြေကုန်လက်ပန်း၊ နွမ်းလျလို့သာ…..။ ။
စာရေးသူ ခင်မေထက် (ပညာရေး) သည် ပညာရေးဝန်ကြီး ဌာနတွင် လက်ရှိ တာဝန် ထမ်းဆောင်နေသည့် လုပ်ငန်း အတွေ့အကြုံ နှစ် ၄၀ ခန့်ရှိသော အရာရှိတဦး ဖြစ်ပါသည်။
You May Also Like These Stories:
ပညာပြည့်ဝ နှလုံးလှသူများ ဖြစ်စေချင်
စနစ်သစ်ပညာရေး နဲ့ ပူးပေါင်းမယ့်သူတွေ
စနစ်သစ် ပညာရေး နဲ့ သင်ကြားရေး အနုပညာရှင်များ
၁၀ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်ဆရာမ ဒေါ်အိအိညိမ်း