နာမည်ကျော် ကားကုမ္ပဏီ တချို့ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သော စနစ် (SKD) ဖြင့် လာရောက်၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ရှိနေသဖြင့် ကားဈေးကွက် ပိုမို ကျယ်ပြန့် လာနိုင်ကြောင်း ကားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုသည်။
ပြည်တွင်း ဈေးကွက်တွင် လူကြိုက်များပြီး ရောင်းအား အကောင်းဆုံးယာဉ် အမှတ်တံဆိပ် တခု ဖြစ်သည့် ဂျပန် အခြေစိုက် တိုယိုတာ ကားကုမ္ပဏီကလည်း သီလဝါ အထူးစီးပွားရေး ဇုန်တွင် ယခုနှစ် အတွင်း ကားထုတ်လုပ်သည့် စက်ရုံ လာ ရောက် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြသည်။
စက်မှု ကုန်ထုတ် လုပ်ငန်းရှင်များ အသင်း၏ ဒု ဥက္ကဋ္ဌ ဦးအေးထွန်းက“ကျနော်တို့ နိုင်ငံရဲ့ လက်ရှိ မူဝါဒအရ ဒီမှာလာပြီး SKD လုပ်မယ် ဆိုရင် အခွန်သက်သာခွင့်တွေ ပေးထားတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပညာတွေ ရမယ် ပေါ့။ ဒါပေမယ့် တဖက်မှာလည်း အခွန် ရရှိမှုက လျော့နည်းသွားမှာပေါ့”ဟု ပြောသည်။
၎င်းက ဆက်လက်၍“တခုရှိတာက ဒီမှာ Showroom ဖွင့်ပြီး ပြည်ပက တင်သွင်းပြီး ရောင်းနေတဲ့ နိုင်ငံခြား ကား ကုမ္ပဏီ တွေ အတွက်လည်း အစိုးရက မျှတတဲ့ ဈေးကွက်ယှဉ်ပြိုင်မှု ရှိအောင် စဉ်းစားသင့်တယ်။ တချို့တွေက မြန်မာပြည်မှာ တိုယိုတာ လို ပေါက်ပြီးသား Brand မဟုတ်ဘူးလေ။ ဥပမာ Volvo လိုမျိုးပေါ့။ သူတို့ကိုလည်း ဒီမှာလုပ်သာ ကိုင်သာ ဖြစ် မယ့် အခြေအနေမျိုး လုပ်ပေးရင် သူတို့လည်း နောက်ပိုင်းမှာ SKD ဘက်ကို ပြောင်းလာနိုင်တာပေါ့။ အခုက ရန်ကုန် လိုင်စင် ဆိုလည်း SKD သမားတွေပဲ ရနေတာ”ဟု ပြောဆိုသည်။
အစိုးရ၏ ၂၀၁၉ ကား မူဝါဒ အရ လူစီးယာဉ် အဖြစ် ၂၀၁၆ မှ ၂၀၁၉ အထိ ဘယ်မောင်းကားများကိုသာ တင်သွင်း ခွင့်ပြု မည် ဖြစ်ပြီး ပြည်ပမှ တဦးချင်း ပါမစ် (Free Permit) ဖြင့် တင်သွင်းသော ကားများကို ရန်ကုန် လိုင်စင်ထုတ်ပေးမှု ရပ်ဆိုင်း ထားကာ ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် ကားများကိုသာ ရန်ကုန် လိုင်စင် ထုတ်ပေးလျက် ရှိသည်။
ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သော ကားများသည် အများပြည်သူများ အတွက် ပြည်ပမှ တင်သွင်းရသော Used များ ထက် အခွန် ပေးဆောင်ရမှု သက်သာခြင်း၊ ရန်ကုန် လိုင်စင် ရရှိခြင်း၊ ကားအသစ်များ ဖြစ်ခြင်းကြောင့် အာမခံချက်များ အပြည့်အဝ ရှိခြင်း အပြင် ဘဏ်များနှင့် ချိတ်ဆက်ကာ အရစ်ကျ စနစ်ဖြင့်လည်း ဝယ်ယူနိုင်မည် ဖြစ်ခြင်းကြောင့် ယခု နှစ်ပိုင်းတွင် ပြည်သူများကလည်း Brand New ကားများကိုသာ စိတ်ဝင်စားမှု မြင့်တက်လျက် ရှိကြောင်း ကားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် အတွင်း ပြည်တွင်း ကားဈေးကွက်၌ ကားအသစ် အစီးရေး ၁၇၅၀၀ ကျော်အထိ ရောင်းချခဲ့ရပြီး ယင်း အရေအတွက်သည် ယခင်ကထက် နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး ပြည်တွင်း၌ SKD စနစ်ဖြင့် တပ်ဆင် ထုတ်လုပ် ရောင်းချသည့် ဆူဇူကီး အမှတ်တံဆိပ် ကားများသည် အများဆုံး ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း (MAMDA)၏ အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက“ဟိုအရင် မူဝါဒတွေကတည်းက နှစ်အလိုက်မှာ Used ကားကို တင်သွင်းတာ လျှော့ချဖို့ အတွက်ကို မူက ချမှတ်ထားတာ နောက်ပိုင်းကျရင် Brand New ဘက်ကို သွားကြမှာပေါ့။ ဝယ်သူတွေဘက် ကြည့်ရင် Used ကားတွေ ဝယ်မယ်ဆိုရင်လည်း ကျပ် သိန်း ၂၀၀ ကျော်လောက် Brand New ကား ဆိုရင်လည်း ဒီဈေးနှုန်းလောက်ပဲ၊ ပြီးတော့ ဘဏ် တွေနဲ့ အရစ်ကျ စနစ်ကလည်း ရှိနေတော့ ကားအသစ်တွေကိုပဲ ပိုပြီး ရွေးချယ်လာနေကြတယ်”ဟု ဧရာဝတီသို့ ပြော သည်။
မြန်မာနိုင်ငံ ယာဉ်လမ်းအန္တရာယ် ကင်းရှင်း အဖွဲ့ တွဲဖက် အတွင်းရေးမှူး ကိုအရည်ကြိုကလည်း“ရှေ့လာမယ့် နှစ်တွေမှာ SKD ကားတွေက ဈေးကွက် လွှမ်းမိုးလာမှာပဲ။ ဒါပေမယ့် ကားအဟောင်း ဈေးကွက်လည်း ပျောက်သွားမှာ မဟုတ်ဘူး။ အသစ်တွေ ဟောင်းသွားရင် အဟောင်း ဈေးကွက် ရောက်သွားမှာပဲလေ။ အဟောင်း ဈေးကွက် တခုကလည်း ဆက်ပြီး တော့ လည်ပတ်နေဦးမှာပဲ”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်လက်ပြီး “ရေရှည်မှာတော့ မြန်မာမှာ ထုတ်တဲ့ ကားက မြန်မာက ထုတ်တဲ့ ကုန်ကြမ်းတွေ ဘယ်လောက်ရာ ခိုင်နှုန်း ပါရမယ် ဆိုတဲ့ CKD စနစ်ကို သွားသင့်တယ်။ ဒါမှ နည်းမှန် လမ်းမှန် ဖြစ်မှာ”ဟုလည်း ပြောဆိုသည်။
ပြည်ပမှ တိုက်ရိုက် တင်သွင်းသော မော်တော်ယာဉ်များ (Used) အနေဖြင့် ကုန်းလမ်း ပို့ဆောင်ရေးနှင့် ညွှန်ကြားမှု ဦးစီး ဌာန (ကညန) နှင့် အကောက်အခွန် ဌာနများသို့ အခွန်အခများ ပေးဆောင်ရခြင်းနှင့် ရန်ကုန် လိုင်စင်ရရှိရန် အတွက် စလစ် လိုအပ်ခြင်း တို့ကြောင့် ပြည်ပမှ တင်သွင်းသော ကားဈေးနှုန်းများသည် ပြည်တွင်း၌ တပ်ဆင် ထုတ်လုပ်သည့် ကား အသစ် ဈေးနှုန်းများနှင့် တန်းတူနီးပါး ဖြစ်နေသည်။
အစိုးရ၏ ကားအဟောင်း ဈေးကွက်ကို လျှော့ချမည့် ကားမူဝါဒများ အပြောင်းအလဲ လုပ်ခဲ့ပြီးနောက်ပိုင်း ပြည်တွင်းသို့ SKD စနစ် (အစိတ်အပိုင်းများဖြင့် တပ်ဆင် ထုတ်လုပ်သည့် စနစ်) ဖြင့် ကားထုတ်လုပ်မည့် ပြည်ပ ကုမ္ပဏီ အများအပြား ဝင် ရောက် ရင်းနှီး မြှုပ်နှံလျက်ရှိပြီး လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပ ကားကုမ္ပဏီ ၁၇ ခုက ရင်းနှီး မြှုပ်နှံထားလျက် ရှိသည်။
ထိုသို့ ပြည်တွင်း၌ SKD စနစ်ဖြင့် ကား ထုတ်လုပ်သည့် ကားကုမ္ပဏီ အများအပြား ဝင်ရောက်လာခြင်းမှာ ပြည်ပမှ Used ကားများ တင်သွင်းမှု လျှော့ချနိုင်မည် ဖြစ်သော်လည်း ပြည်တွင်းကား အဟောင်းဈေးကွက်သို့ ရိုက်ခတ်မှု ကြီးကြီးမားမား မရှိနိုင်ကြောင်း မော်တော်ယာဉ် အရောင်းအဝယ် လုပ်ဆောင်နေကြသော လုပ်ငန်းရှင်များက ပြောဆိုကြသည်။
MAMDA ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက“အခုဆိုရင် တိုယိုတာလည်း ဝင်လာတော့မယ်၊ SKD စနစ်နဲ့ ဝင်လာတာတွေ ကတော့ ပြည်သူတွေအ တွက် ရွေးချယ်စရာတွေ များလာတော့မယ့်အတွက် ကောင်းပါတယ်။ တိုယိုတာက Pickup အမျိုးအစားပဲ အရင်ထုတ်မှာ၊ ပြီးတော့လည်း တနှစ် ၂ နှစ်လောက်ကြာဦးမှာ ဆိုတော့ လက်ရှိဈေးကွက် အပေါ်ကိုတော့ အများကြီး မလှုပ်သွားနိုင် ပါဘူး”ဟု ပြောသည်။
လတ်တလောတွင် ပြည်တွင်း၌ SKD စနစ်ဖြင့် ကားထုတ်လုပ်နေသည့် နာမည်ကြီးကား ကုမ္ပဏီ တချို့မှာ ဂျပန်ကား ကုမ္ပဏီ Suzuki ၊ Nissan ၊ ကီုရီးယား ကားကုမ္ပဏီ KIA ၊ Hyundai ၊ အမေရိကန် ကားကုမ္ပဏီ FORD ဖြစ်ပြီး တရုတ် ကား ကုမ္ပဏီ များလည်း ပြည်တွင်း၌ SKD စနစ်ဖြင့် ကားထုတ်လုပ် ရောင်းချလျက် ရှိကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်စည်ပင်အရာရှိများအတွက် ကားဝယ်ရန် ကျပ် ၁ ဒဿမ ၅ ဘီလီယံ တောင်းခံ
မြောက်ဦးက ကုမ္ပဏီ ၆ ခု အမည်ပျက် စာရင်းသွင်းမှု လွှတ်တော်တွင် မေးခွန်းထုတ်ခံရ
ရန်ကုန် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၌ စီမံကိန်း ၁၉ ခု သဘောတူ လက်မှတ် ရေးထိုး
နှစ်တိုင်း မော်ဒယ်သစ် မထုတ်လုပ်တဲ့ Cadillac ELR Coupe