မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းများ မြင့်တက်နေခြင်းနှင့် ပတ်သက်၍ ပြည်တွင်း စီးပွားရေးလုပ်ငန်း များက သတိပေးခဲ့ပြီး ငွေကြေးဈေးကွက် တည်ငြိမ်ရေးအတွက် အရေးယူဆောင်ရွက်ပေးရန် အစိုးရကို တောင်းဆိုလိုက် သည်။
နိုဝင်ဘာလ ဆန်းပိုင်းမှ စ၍ ငွေလဲနှုန်း ဆက်တိုက်တက်လာခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဗဟိုဘဏ်၏ တရား ဝင်ငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာလျှင် ၁၃၀၅ ကျပ် အထိရောက်ရှိလာခဲ့သည်။ တရားဝင်ငွေလဲ နှုန်းနှင့် တရားမဝင် ဈေးကွက် နှုန်းကြားမှ ကွာခြားချက်ကလည်း ကျယ်ပြန့်လာပြီး ဈေးကွက်တွင် တဒေါ်လာလျှင် မြန်မာငွေ ၁၃၅၁ ကျပ် အထိဖြစ်လာခဲ့သည်။
“အခုရက်တွေမှာ အလုပ်စလုပ်ဖို့ ကျနော်တို့ ကြောက်နေတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်လာဈေးက မယုံနိုင်လောက် အောင်တက်နေတယ်။ တကယ်လို့ အခုနေမှာ ကျနော်တို့က ဂိုထောင်တွေကနေ ပစ္စည်းဝယ်မယ်ဆိုရင် ကျနော်တို့က ဈေး အများကြီးပေးရတော့မယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်တာ ပိုကောင်းမယ်လို့ ကျနော်တို့ ထင်ပါတယ်” ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်း ဒုတိယ ဥက္ကဌ ဦးမျိုးမင်းအောင်က ပြောသည်။
နိုင်ငံခြားမှ ပစ္စည်းတင်သွင်းသူများမှာလည်း ဒေါ်လာဈေးမြင့်တက်သည့် အတွက် ထိခိုက်နစ်နာနေပြီး နေ့စဉ် ကုန်စည် ဈေး နှုန်းများအတွက် သူတို့က အထူးတလည် စိုးရိမ်နေကြသည်။
“ကျနော်တို့က ဒေါ်လာဈေး မြင့်တဲ့နှုန်းနဲ့ ဝယ်ခဲ့ရတဲ့ အတွက် ကျနော်တို့ ပစ္စည်းတွေကို ဈေးနည်းနည်းနဲ့ မရောင်းနိုင်ဘူး။ ဒါကြောင့် ဒေါ်လာဈေး စပြီး ပြန်ကျသွားရင်တောင် ကုန်ဈေးနှုန်းတွေက ဆက်လက်ပြီးမြင့်နေလိမ့်မယ်။ ဒါကြောင့် အခု အချိန်က ကျနော်တို့ တကယ်ကို ခေါင်းကိုက်နေရတဲ့ အချိန်ဖြစ်ပါတယ်” ဟု ဦးမျိုးမင်းအောင် ကပြောသည်။
“ဒီလို အရေးကြီးတဲ့ ကိစ္စမှ အစိုးရက ပါဝင်ဆောင်ရွက်စေချင်ပါတယ်” ဟု သူက ထပ်ပြောသည်။
ဒေါ်လာဈေးနှုန်း ၁၂၁၅ ကျပ် ရှိခဲ့သည့် စက်တင်ဘာလကတည်းက အနည်းငယ်များသည်ဟု သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း နိုဝင်ဘာလ အစောပိုင်းတွင် ငွေလဲနှုန်းက သိသိသာသာ စတက်လာခဲ့သည်။ တခါတရံတွင် တနေ့လျှင် ၂၀ ကျပ်ခန့် အထိ ခုန်တက်ခဲ့သည်။
“အခုဆိုရင် အပြင်ဈေးနဲ့ ဗဟိုဘဏ်ဈေးကြားက ကွာဟမှုက ပိုပြီးများလာတယ်။ အဲဒါက ပြဿနာတခုပဲ” ဟု Myanmar Payment Union ၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။
“တကယ်လို့ ဈေးကွက်ထဲကို ထည့်သွင်းပေးဖို့ နိုင်ငံခြား အရံငွေက အရမ်းနည်းနေမယ်ဆိုရင် အစိုးရအနေနဲ့ အမေရိကန် ဒေါ်လာ သုံးတဲ့ ငွေတိုက်စာချုပ်တွေ ထုတ်ရောင်းဖို့ စဉ်းစားသင့်တယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးဆွဲဆောင် ရ မယ်” ဟုလည်း သူကဆိုသည်။
သွင်းကုန် /ပို့ကုန် မညီမျှမှု ၊ ပြည်တွင်း ပဋိပက္ခ နှင့် ဓာတ်ငွေ့တင်ပို့မှုမှ ဝင်ငွေကျဆင်းခြင်း အပါအဝင် အကြောင်းရင်း အများအပြားက ယခုအချိန်တွင် မြန်မာ့စီးပွားရေးကို ထိခိုက် နစ်နာစေသည်ဟုလည်း သူက ထပ်ပြောသည်။
“ဆန် စပါးဈေးကလည်း ကျနေတယ်။ ရေနံဈေးနှုန်းတွေက ကျတာကလည်း ကျနော်တို့ရဲ့ ဓာတ်ငွေ့တင်ပို့မှု ဝင်ငွေကို ထိ ခိုက်စေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘက်မှာလည်း များများစားစား တိုးတက်မလာဘူး။ ပြည်တွင်း ပဋိပက္ခတွေကြောင့် လို့ ကျနော် ထင်ပါတယ်” ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
ကမ္ဘာတလွှားတွင် ဒေါ်လာငွေတန်ဖိုး မြင့်တက်လာခြင်းက နိုင်ငံ အများအပြားကို ထိခိုက်စေခဲ့သည်။ သို့သော်လည်း မြန်မာ နိုင်ငံကဲ့သို့ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာမူဝါဒများ အားနည်းသည့် နိုင်ငံတွင် ပိုမို သက်ရောက်နိုင်ပါသည်။
“တခြားနိုင်ငံတွေလည်း သက်ရောက်မှု ခံစားကြရတယ်။ ဒါပေမယ့် သူတို့က ဆိုးဆိုးဝါးဝါး မထိခိုက်ဘူး ဘာကြောင့်လဲဆို တော့ သူတို့က ကုန်ထုတ်လုပ်မှုပိုများပြီး ပို့ကုန်ကလည်း သွင်းကုန်ထက် ပိုများတယ်။ အခုအချိန်မှာ ဝန်ကြီးဌာန အားလုံး ဗဟိုဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားကြဖို့ လိုပါတယ်” ဟု ဦးဇော်လင်းထွဋ်က ပြောသည်။
ဗဟိုဘဏ်မှ အကြီးတန်းအရာရှိဟောင်းတဦး ဖြစ်ပြီး ယခုအခါ ကမ္ဘောဇ ဘဏ်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေ သည့် ဦးသန်းလွင်ကလည်း အလားတူပင် ပြောသည်။
“ငွေကြေးအတက်အကျ မတည်ငြိမ်တာက ဈေးကွက်မှာ ဖြစ်ရိုးုဖြစ်စဉ်ပါပဲ။ ဒါပေမယ့် ပြဿနာက လတ်တလော အတက် အကျတွေ ဖြစ်နေတာက အရမ်းမြန်တယ်။ ဒီလိုမျိုး မဖြစ်သင့်ဘူး။ ဒါက ပုံမှန် မဟုတ်ဘူး။ တစုံတယောက်က ဈေးကွက် ကို ကစားနေတာ” ဟု သူကပြောသည်။
ယခု အချိန်က အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ငွေလဲနှုန်း မတည်ငြိမ်သော ပြဿနာကို ဖြေရှင်းရမည့် အချိန်ဖြစ်သည် ဟု လည်း သူက ထပ်ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ ဘယ်လိုတွေ လုပ်နေတယ်ဆိုတာကို ဗဟိုဘဏ် အနေနဲ့ ပြည်သူတွေသိအောင် ကြေညာ သင့်ပါတယ်။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နဲ့ မြန်မာနိုင်ငံ ကုန် သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ကလည်း အဖြေတခု ရှာဖွေဖို့ ပူးပေါင်း ဆောင် ရွက်သင့်ပါတယ်” ဟု သူကပြောသည်။
ဗဟိုဘဏ် အနေဖြင့် လတ်တလောပြဿနာများအတွက် ရေတိုကုစားမှုကို ရှာဖွေခြင်းအစား ရေရှည်အတွက် ကောင်းမွန် သည့် ငွေကြေး ဆိုင်ရာမူဝါဒတခုကို အကောင်အထည်ဖော်သင့်သည်ဟုလည်း ဦးသန်းလွင်က ထပ်ပြောသည်။
ယခုကိစ္စမှာ အရပ်သား အစိုးရက စစ်အစိုးရထံမှ အာဏာလွှဲပြောင်းယူခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း တရားမဝင် အပြင်ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း အမြင့်ဆုံးသို့ နောက်ဆုံးရောက်ရှိခဲ့ခြင်း ဖြစ်သည်။ အမြင့်ဆုံး နှုန်းမှာ ၂၀၀၇ ခု နှစ် ရွှေဝါရောင်တော်လှန်ရေး ကာလတွင် ဖြစ်ပြီး တဒေါ်လာလျှင် ၁၄၀၀ ကျပ်အထိ ရောက်ရှိခဲ့သည်။