ပြည်တွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်းနှင့်အတူ မြင့်တက်နေသည့် စက်သုံးဆီဈေးနှုန်း ၁ လီတာလျှင် ၁၀၀၀ ကျပ် အောက် ရောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဦးဆောင် ညွှန်ကြားရေး မှူး ဦးသန့်စင်က ပြောသည်။
နိုဝင်ဘာ ၈ ရက်က နေပြည်တော် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးရုံးတွင် လစဉ် ပြုလုပ်သည့် သတင်း ထုတ်ပြန်ပွဲ၌ ပြောဆိုခြင်းဖြစ်ပြီး ၎င်းသည် ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ ဒုဥက္ကဋ္ဌ တဦးလည်း ဖြစ်သည်။
ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန့်စင်က“ရန်ကုန်အထိုင်ဈေး ၁,၀၀၀ (ကျပ်) အောက်ကို ကျဖို့အတွက် လုပ်ငန်းရှင် တွေ အားလုံးကိုလည်း မေတ္တာရပ်ခံထားပါတယ်။ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချသူများ အသင်း ကနေ လုပ်ငန်း ရှင်တွေကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ဈေးနဲ့ ရောင်းချပေးဖို့ စာလည်း ပို့ထားပါတယ်”ဟု ပြောသည်။
စက်သုံးဆီကို ဈေးကွက် ဝယ်လိုအားနှင့် ရောင်းလိုအားပေါ် မူတည်ကာ လွတ်လပ်စွာ ရောင်းချခွင့် ပြုထားသည့် အတွက် မည်သည့် ဈေးနှုန်းဖြင့် ရောင်းရမည်ဟု အစိုးရက သတ်မှတ်၍ မရကြောင်းနှင့် ဈေးနှုန်းကျဆင်းရေး အတွက် သာ လုပ်ငန်း ရှင်များထံ မေတ္တာရပ်ခံနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။
ဦးသန့်စင်က“ပြီးခဲ့တဲ့ ဈေးနဲ့ စာရင်တော့ အခု ဒါကျသွားပြီပေါ့နော်။ ဈေးကို ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးဖြစ်အောင်၊ အချင်းချင်းထိန်းညှိတဲ့ ပုံစံနဲ့ ကျနော်တို့ သွားနေတာ ဖြစ်ပါတယ်။ လက်ရှိဈေးက ပြီးခဲ့တဲ့လနဲ့ စာရင် ဈေးကျနေပြီ။ ဆက်လည်း ကျဦးမယ်လို့ မျှော်မှန်းထားပါတယ်”ဟု ပြောသည်။
ပြည်တွင်းသုံး စက်သုံးဆီများကို စင်ကာပူနိုင်ငံမှတဆင့် အဓိက တင်သွင်းနေရခြင်း ဖြစ်ကာ ယခု ရက်ပိုင်းအတွင်း စင်ကာပူ ဒေါ်လာ ဈေးနှုန်း ကျဆင်းလာသည့် အတွက် စက်သုံးဆီဈေးနှုန်းလည်း လိုက်ပါ ကျဆင်းလျက် ရှိသည်။
နိုဝင်ဘာလ ၈ ရက် နေ့လယ်ပိုင်း ပြည်တွင်း စက်သုံးဆီဈေးနှုန်းမှာ ပရီမီယံ ဒီဇယ် တလီတာလျှင် ၁၀၇၅ ကျပ်၊ အောက် တိန်း (92) ၉၈၅ ကျပ်နှင့် အောက်တိန်း (95) ၁၀၆၅ ကျပ်ဖြင့် ရန်ကုန်တွင် ရောင်းချပေးနေသည်ဟု Max Energy ကုမ္ပဏီက ထုတ်ပြန်ထားသည်။
ရန်ကုန်ပြင်ပ အခြား တိုင်းနှင့် ပြည်နယ် ဒေသများတွင်မူ သယ်ယူပို့ဆောင်ရေး စရိတ်ရှိသည့် အတွက် ယင်းဈေးနှုန်း ထက် ပိုများသည်ဟု သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) က စက်သုံးဆီ ကဏ္ဍတွင် ပြည်ပစွမ်းအင် ကုမ္ပဏီများ ရာနှုန်းပြည့် လာရောက် ရင်းနှီးနိုင်ရန် အတွက် ဖြေလျှော့မှုများ ပြုလုပ်ထားရာ လာရောက်ဆွေးနွေး မေးမြန်းမှုများ ရှိသော်လည်း ဝင်ရောက် လုပ်ကိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ပုဂ္ဂလိက လုပ်ငန်းရှင်ရော၊ နိုင်ငံခြားသားရော အကုန်လုံး ဖွင့်ပေးပြီဆိုတော့ ဈေးကွက်မှာ တဦးတယောက်၊ တအုပ်စု က လက်ဝါးကြီး အုပ်ထားတာမျိုး မဖြစ်ဘဲ လွတ်လွတ်လပ်လပ် မျှမျှတတ ဘယ်သူမဆို ဝင်လုပ်လို့ရတာမျိုး ဆိုရင် လက်ခံပါတယ်”ဟု ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဦးအောင်အောင် ကျော်ဦး က ပြောသည်။
ပြည်တွင်းစက်သုံးဆီများကို လွတ်လပ်စွာ ဖြန့်ဖြူး ရောင်းချခွင့် ပြုထားသော်လည်း ဖြစ်သင့်သည့် ဈေးထက် မြှင့်တင် ရောင်းချမှုများရှိခဲ့သည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ဈေးနှုန်း ဝင်ရောက်ထိန်းချုပ်ခြင်းကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၁၈ ခုနှစ် ဧပြီလတို့တွင် နှစ်ကြိမ် ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။
လက်ရှိ ပြည်တွင်းတွင် ရောင်းချနေသည့် စက်သုံးဆီများမှာ ယခင်ကထက် တလီတာလျှင် ကျပ် ၂၀၀ ခန့် မြင့်တက် နေပြီး ဆီအမျိုးအစား၊ ရောင်းချသည့် ဒေသအလိုက် ဈေးနှုန်းကွာဟမှု ရှိကြောင်း သိရှိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ပြည်တွင်း စက်သုံးဆီဈေး မြင့်တက်မှုကို ကာမိစေရန်အတွက် ဆိုင်ကယ်များတွင် သုံးနိုင်သည့် ပြည်တွင်းထုတ် ဓာတ်ဆီများ ထုတ်ရောင်းပေးလျက် ရှိသည်။
၂၀၁၈ ခုနှစ် ဧပြီလ ၂၀ ရက်မှ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှတဆင့် ၁ ကြိမ်လျှင် ဂါလန် ၃ သန်းနှုန်းရောင်းချပေးခဲ့ရာ ၅ ကြိမ်မြောက်တွင် ၁ ဂါလန် ၃၈၀၀ ကျပ်နှုန်းဖြင့် ဂါလန် ၂ သန်းကို အောက်တို ဘာလမှ စကာ ရောင်းချနေကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
- ဓာတ်ငွေ့ရည်ကို မော်တော်ယာဉ်များပါ ထည့်သွင်း သုံးနိုင်ရန် စီစဉ်နေ
- စက်သုံးဆီဈေး မြင့်တက်နေမှု အစိုးရ ဝင်ထိန်းမရဟု ဆို