တချိန်က ဘုရင်တဆူဖြစ်ခဲ့တဲ့ BlackBerry ရဲ့ နောက်ဆုံးပေါ် ဖုန်းမော်ဒယ်သစ် KEY2 ကတော့ ဇွန်လ ၇ ရက်နေ့မှာ တရားဝင် ထွက်ရှိခဲ့ပါတယ်။
KEY2 စမတ်ဖုန်းကို BlackBerry ဖုန်းထုတ်လုပ်ခွင့် လိုင်စင်ရထားတဲ့ TCL ကုမ္ပဏီက ထုတ်လုပ်ထားတာ ဖြစ်ပြီး၊ BlackBerry ဖုန်းတွေရဲ့ အထင်ကရ ဒီဇိုင်းမပျက် ဆက်လက် ထုတ်လုပ်ထားတာတွေ့ရပါတယ်။ ဖုန်းကိုယ်ထည်ကို အလူမီနီယမ် အလွိုင်းဖရိန် အသုံးပြုထားပြီး၊ ဖုန်းကျောဘက်ကိုယ်ထည်က Diamond အကွက်ပုံစံ မျက်နှာပြင်နဲ့ ဖြစ်တာကြောင့် လက်ထဲကနေ ဖုန်းချောပြီး လွတ်ကျမှုတွေ နည်းသွားမှာပါ။
KEY2 ဖုန်းရဲ့ အဓိကထူးခြားချက်ကတော့ ဒီဖုန်းဟာ Dual Camera စနစ်ကို ပထမဆုံးအသုံးပြုထားတဲ့ BlackBerry ဖုန်းဖြစ်ပြီး၊ လူကြိုက်များနေတဲ့ Portrait Mode တွေ Optical Zoom feature တွေလည်း ပါဝင်လာတာ တွေ့ရပါတယ်။ ရှေ့မော်ဒယ် KeyOne ဖုန်းအတိုင်း BlackBerry ဖုန်းတွေရဲ့ အမှတ်သညာလို့ ဆိုနိုင်တဲ့ တကယ့်ခလုတ်တွေနဲ့ ကီးဘုတ် (Physical Keyboard) ကိုလည်း ဒီဖုန်းမှာ ဆက်လက်အသုံးပြုထားပါတယ်။
Mid-Range ဖုန်းတလုံးလို့ပဲ သတ်မှတ်ရမယ့် BlackBerry Key2 ဖုန်းမှာ Specifications တွေအနေနဲ့ 1080×1620 pixels HD resolution ရှိတဲ့ 3:2 Aspect Ratio သုံး IPS LCD Display ၊ 2.5D Gorilla Glass မှန်သား၊ Snapdragon 660 SoC ၊ 6GB RAM နဲ့ 64GB Internal Storage တို့ကို အသုံးပြုထားပါတယ်။
128GB မော်ဒယ်လည်း ထွက်ရှိမှာပါ။ microSD ကတ်ထည့်ဖို့ Slot တခုလည်း ပါရှိပြီး 256GB အထိ စိုက်နိုင်ပါတယ်။ Bluetooth 5.0 ၊ NFC ၊ 3.5mm Headphone Jack နဲ့ USB Type-C တို့လည်း ပါဝင်မှာပါ။ လက်ဗွေရာဆန်ဆာကတော့ အရင်မော်ဒယ်လိုပဲ Spacebar ခလုတ်မှာ မြှပ်ပေးထားပါတယ်။
ဘက်ထရီကိုတော့ အားအမြန်သွင်းစနစ် Quick Charge 3.0 အသုံးပြုနိုင်တဲ့ 3500mAh ဘက်ထရီကို အသုံးပြုထားပြီး၊ ကုမ္ပဏီကတော့ ဘက်ထရီသက်တမ်း ၂ ရက်အထိ ခံတယ်လို့ ဆိုထားပါတယ်။
“အခုဆို ဈေးကွက်ထဲမှာ သုံးစွဲသူတွေ စိတ်ကြိုက်ရွေးချယ်ဖို့အတွက် စမတ်ဖုန်းတွေ အများကြီးရှိနေပေမယ့်၊ အများစုက တပုံစံတည်းပါပဲ။ ဖုန်းတလုံးနဲ့ တလုံး ပေးစွမ်းနိုင်တဲ့ ခံစားမှုကအစ တထပ်တည်းဖြစ်နေပါတယ်။ အခုမိတ်ဆက်လိုက်တဲ့ BlackBerry KEY2 ဖုန်းကတော့ အရင် BlackBerry တွေရဲ့ အရသာလည်း မပျက်၊ တီထွင်မှု အသစ်တွေလည်း ထည့်သွင်းဖန်တီးထားတဲ့ ဘယ်သူနဲ့မှ မတူတဲ့ ဖုန်းတလုံးပါ။ လုံခြုံရေးအတွက် စိတ်အချရဆုံး ဖုန်းတလုံး ဖြစ်သလို၊ ထုတ်ဖူးသမျှထဲမှာ အဆင့်မြင့်ဆုံး BlackBerry ဖုန်းတလုံးလို့လည်း ဆိုနိုင်ပါတယ်” လို့ TCL Communication ရဲ့ ဒုတိယအကြီးအကဲ၊ BlackBerry Mobile ရဲ့ ဥက္ကဌဖြစ်သူ Alain Lejeune က ပြောကြားခဲ့ပါတယ်။
BlackBerry KEY2 ရဲ့ ဈေးနှုန်းကတော့ Mid-range ဆိုပေမယ့် မနိမ့်ဘဲ အမေရိကန်ဒေါ်လာငွေ ၆၄၉ ဒေါ်လာအထိ ရှိပါတယ်။ အနက်နဲ့ အညိုရောင်ကာလာနှစ်မျိုးထုတ်မှာဖြစ်ပြီး၊ ယခုလအတွင်း တကမ္ဘာလုံးကို တင်ပို့ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: Gadgets 360, The Verge