Samsung ဟာ 5G Modem ပါဝင်တဲ့ ပထမဆုံး ကိုယ်ပိုင် Mobile Chipset တခုကို မကြာသေးခင် ရက်ပိုင်းအတွင်းက မိတ်ဆက်ပေးခဲ့ပါတယ်။ Exynos 980 လို့ အမည်ပေးထားပြီး၊ မော်ဒယ်လတ် ဖုန်းတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
စတင် မိတ်ဆက်ပွဲမှာလည်း ဒီ Chipset ကို တခြားကုမ္ပဏီတွေထံ ရောင်းပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီနေ့မှာတော့ တရုတ်စမတ်ဖုန်းကုမ္ပဏီ Vivo က အဆိုပါ Exynos 980 Chipset ပါဝင်တဲ့ စမတ်ဖုန်းအသစ်တလုံးကို ထုတ်လုပ်သွားမှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
Exynos 980 မှာ 5G Modem အသင့်ပါပြီးသား ဖြစ်တာကြောင့် Vivo ထုတ်မယ့် ဖုန်းကလည်း 5G Mid-range ဖုန်းပဲ ဖြစ်မှာပါ။ ဒီဖုန်းဟာ Qualcomm ဒါမှမဟုတ် MediaTek Chipset မသုံးဘဲ ထုတ်တဲ့ ပထမဆုံး Vivo ဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားမှာပါ။ အခုလို ထိပ်သီး စမတ်ဖုန်း ကုမ္ပဏီနှစ်ခု စီးပွားဖြစ် လက်တွဲလိုက်တာက ကြုံတောင့်ကြုံခဲ့လို့ ဆိုရမှာပါ။
Vivo first confirmed the use of Samsung Exynos 980 processor, vivo said Samsung has developed this processor, this year will release the Exynos 980 smartphone, Exynos 980 is Samsung’s first integrated 5G SoC, support SA / NSA, A77 architecture CPU. pic.twitter.com/agauTd2vPO
— Ice universe (@UniverseIce) September 5, 2019
Samsung အနေနဲ့ ဒီနှစ်ထဲ Chipset ထုတ်လုပ်တဲ့ လုပ်ငန်းကနေ အကျိုးအမြတ်များစွာ ရရှိနေပါတယ်။ အခုဆို Samsung ရဲ့ Exynos Chipset တွေကို ကုမ္ပဏီထုတ် ဖုန်းတွေမှာအပြင် တခြားကုမ္ပဏီရဲ့ ဖုန်းတွေမှာလည်း တွေ့နေရပါပြီ။ ဒီနှစ်ထဲ ထုတ်ခဲ့တဲ့ Motorola ရဲ့ One Action နဲ့ One Vision စမတ်ဖုန်းတွေမှာလည်း Samsung Chipset အသုံးပြုထားတာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ Vivo လည်း Samsung Chipset တွေ ယူသုံးတော့မှာ ဖြစ်ပါတယ်။
Exynos 980 မှာ စွမ်းဆောင်ရည်မြင့် 2.2 GHz Cortex-A77 Cores နှစ်လုံးနဲ့ ဘက်ထရီစား သက်သာတဲ့ 1.8GHz Cortex-A55 Cores ၆ လုံး ပါဝင်ပါတယ်။ ဒါ့အပြင် Mali-G76 MP5 GPU ကလည်း Gaming အတွက် ထုတ်လုပ်ထားတာလို့ သိရပါတယ်။ LPDDR4x RAM စိုက်နိုင်ပြီး၊ USF 2.1 နဲ့ eMMC 5.1 Storage တွေ ထည့်သုံးနိုင်ပါတယ်။
အမြင့်ဆုံး WQHD+ ရုပ်ထွက် အရည်အသွေးရှိတဲ့ မျက်နှာပြင်အထိ အသုံးပြုနိုင်သလို၊ ကင်မရာကိုလည်း 20MP ၂ လုံး ဒါမှမဟုတ် 108MP ၁ လုံး တပ်ဆင်နိုင်ပါတယ်။ Wi-Fi 6 ၊ Bluetooth 5.0 နဲ့ NSS စတဲ့ နည်းပညာသစ်တွေလည်း Exynos 980 မှာ ပါဝင်မှာပါ။
5G ကနေ 4G LTE, 3G, 2G ကွန်ရက်တွေအထိ ချိတ်ဆက်နိုင်ကာ 5G ကို 2.55Gbps အထိ မြန်နှုန်းပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် AI လုပ်ဆောင်ချက်တွေအတွက်လည်း သီးသန့် NPU ပါဝင်တဲ့ စွမ်းဆောင်ရည်မြင့် Chipset တခု ဖြစ်ပါတယ်။
Ref: Gizmochina