မြန်မာတချို့ နှစ်ပေါင်းများစွာ ကိုးကွယ် ယုံကြည်လာခဲ့တဲ့ နတ်ကိုးကွယ် ပူဇော်ပသမှုတွေဟာ ဒီနေ့ထိတိုင်အောင် ရှင်သန်နေတုန်းဆိုတာ တွေ့နေရပါတယ်။
ဒီလို ရှင်သန်နေလို့ပဲ နှစ်စဉ် ဝါခေါင်လဆန်း ၁ ရက်နေ့ကနေ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့အထိ နတ်တို့ ပျော်မြူးရာ တောင်ပြုန်းပွဲတော်ကြီးကို အနယ်နယ်အရပ်ရပ်က လာတဲ့သူတွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရပ်ကွက်ထဲမှာ အဓိဌာန်တွေ အောင်လို့၊ စီးပွားလာဘ်လာဘတွေ တိုးတက်လာလို့ ကိုယ့်အိမ်မှာကိုယ် နတ်ကန္နားပေးကြတဲ့ သူနဲ့၊ ဒါမှမဟုတ် နတ်ကတော် အိမ်သွားပြီး ထိုင်ကန္နား ပေးတဲ့သူနဲ့ သုံးရက် ကန္နား၊ တရက် ကန္နား စသဖြင့် ပွဲအကြီး အသေးသာ ကွာသွားတယ် ပူဇော်ပသပုံကတော့ မကွာလှပါဘူး။
|
ဒီလို နတ်ကန္နားပွဲကြီးတွေ ပေးပြီဆိုရင် မပါမဖြစ် ဆိုင်းဝိုင်းကြီးတွေနဲ့ အတူ ရွှေတိုက်စာရင်းဝင် နတ်ချင်းတွေ၊ မဟာဂီတ သီချင်းကြီးတွေ၊ အပျော်ချော့ နတ်ချင်းတွေနဲ့ နတ်တွေပျော်အောင် တင်ဆက် ဖျော်ဖြေကြတယ်လို့ ဆိုရလေမလားပဲ။ ဒီလိုနတ်သီချင်းတွေနဲ့ နတ်ဝင်သည်တွေ နတ်ကတော်တွေက ကခုန်ကြတာပါ။ ဒီဘက်ခေတ်ကို ရောက်လာပြန်တော့ ခေတ်ရေစီးကြောင်းနဲ့ အတူ လူတွေ၊ အရာဝတ္ထု ပစ္စည်းတွေသာမက နတ်တွေပါ ပြောင်းလဲလာတယ်လို့ ဆိုရလေမလားပါပဲ။
ဘာကြောင့်လဲဆိုတော့ တောင်ပြုန်းပွဲတွေက နတ်ကန္နားတွေနဲ့ ရပ်ကွက်ထဲက နတ်ကန္နားပွဲ တချို့မှာ ရှေးခေတ် နတ်ချင်းတွေ အစား အိုပါးဂမ်းနမ်းစတိုင်၊ အိုးလေးလှုပ်ပါဟေ့၊ ဝါကာ ဝါကာ စတဲ့ ခေတ်ပေါ် သီချင်းတွေ အသုံးပြုပြီး နတ်ကတော်တွေက နတ်တွေကို ချော့မြူလာကြပါပြီ။ သူတို့လုပ်ပုံနဲ့ နတ်တွေလည်း အိုပါး တောင်ပြုန်းစတိုင်တွေ၊ တောင်ဂေါ်လီတွေ ဖြစ်ကုန် ကြပါလေရော။
ဒီလိုတွေ ဖြစ်လာကြတော့ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ကနေ နတ်ဆိုင်းအဖွဲ့သားတွေနဲ့ နတ်ကတော်တွေ လိုက်နာရမည့် စည်းကမ်းချက်တွေ ထုတ်ရဖို့ ကြံကြရတော့တာပေါ့။
နတ်လမ်းစဉ်၊ နတ်စည်းကမ်းနဲ့ အညီ သီဆို တီးမှုတ် ကပြခြင်းနဲ့ သမားစဉ်မပြတ် ဆောင်ရွက်ရမှာဖြစ်ပြီး ခေတ်ပေါ်တေးသီချင်း တူရိယာတွေ အသုံးပြု သီဆို ကပြခြင်းနဲ့ ရိုးရာ နတ်ပညာရပ်တွေကို ညှိုးနွမ်းစေမယ့် အဟောအပြော အပြုအမူတွေကို တားမြစ် ထားတဲ့ စည်းကမ်းချက်ကို ထုတ်ပြန်ပြီး အတည်ပြုဖို့ အတွက် ကြိုးစားနေတယ်လို့ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးမိုးဝင်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ ဒါကို ဆွေးနွေးနေပါတယ်။ အကြံပေးတာတွေကိုလည်း လက်ခံနေပါတယ်။ တောင်ပြုန်းမှာလည်း ခေတ်ပေါ် သီချင်းတွေနဲ့ ကကြတော့ ကြိုက်တဲ့သူကလည်း ကြိုက်တာပေါ့ဗျာ။ မကြိုက်တဲ့သူ ကျတော့လည်း သဘင်အစည်းအရုံးကို ပြောတာပေါ့။ ဒါတွေဟာလည်း စည်းကမ်းတွေ မရှိတော့ဘူးဆိုပြီး ကျနော်တို့လည်း ကြားကြား နေရတော့ အကြံဉာဏ် ပေးရင်းနဲ့ စည်းကမ်းချက်တွေ ဖြစ်လာတာပေါ့။ ဒါကလည်း မူကြမ်းဖြစ်မှာပါ။ ထုတ်ပြန်တယ်ဆိုတဲ့ နေရာမှာလည်း ဒီမိုကရေစီ ခေတ်ကြီးထဲမှာ အားလုံးကို တင်ပြရဦးမှာပေါ့” လို့ သူက ဆိုပါတယ်။
ဒါဟာလည်း ခေတ်ရေစီးကြောင်းအရ ပြောင်းလဲလာတာ ဖြစ်တဲ့အတွက် ဒီလို နတ်ချင်းတွေနဲ့သာ သီဆို ကပြဖို့ အမိန့် သွားထုတ်ဖို့ မဖြစ်နိုင်ဘူးလို့ ထင်မြင်ကြောင်းနဲ့ နတ်ချင်းတွေနေရာမှာ မော်ဒန်ဂီတတွေ ဖုံးလွှမ်းမသွားဘဲ ရိုးရာနတ်ချင်းတွေသာ မပျောက် မပျက် ရှိသွားမှာပါလို့ “ပြုံး၍လည်း အကန်တော့ ခံတော်မူပါ၊ ရယ်၍လည်း အကန်တော့ ခံတော်မူပါ” ဆိုတဲ့ တောင်ပြုန်း ပွဲတော်ကြီးနဲ့ နတ်ကတော်တွေအကြောင်း ရေးသားခဲ့တဲ့ စာရေးဆရာမ နုနုရည် (အင်းဝ) က သူ့ရဲ့ အမြင်ကိုပြောပါတယ်။
“နတ်ကိုးကွယ်တဲ့ သူတွေကလည်း အမျိုးမျိုး ရှိတာကိုး။ နတ်ဆိုင်း တီးတဲ့ သူတွေကလည်း သူတို့ ရိုးရာတွေကို ရပါတယ်။ ဒါပေမယ့် တချို့လူတွေ ကျတော့လည်း ဒီလို မြူးမြူးလေး တီးခိုင်းတဲ့အခါ ကျတော့ တီးကြတာပေါ့။ ကျမ မြင်သလောက်ကတော့ ဥပမာ – မင်းကြီးမင်းလေး အရှင်နှစ်ပါး ထွက်လာတဲ့ အချိန်မျိုးမှာ သူတို့ဘယ်တော့မှ မတီးဘူး။ တကယ့်ရိုးရာ နတ်ကြီး ကောက်တဲ့ အချိန်မျိုးမှာဆိုရင် ရိုးရာကို တီးကို တီးပါတယ်။ အစဉ်အလာ အရလည်း သူတို့ ကြောက်ကြတယ်။ နတ်ဆိုင်းတီးတဲ့ သူတွေကော၊ နတ်ကတော်တွေအားလုံးပါ ယုံကြည်တယ်လေ။ မရိုမသေ မလုပ်ရဲဘူး။ နတ်ပွဲတွေမှာ ရှိပါတယ်၊ အပြင်က လူတွေ ဝင်ပြီး နတ်ချော့
ကြတာပေါ့။ အဲဒီမှာ ဝင်ချော့တဲ့အပေါ်မှာ မူတည်ပြီးတော့ ဒီလိုမျိုး သမားစဉ်တွေ ဘာတွေကို သူတို့ မကတတ်တဲ့ အခါကျတော့ ခပ်သွက်သွက်လေးတွေ ကပြီးတော့ တီးကြတာပေါ့လေ” လို့လည်း ဆရာမက ရှင်းပြပါတယ်။
ခေတ်ရေစီးကြောင်းလို့ ဆိုပေမယ့် နတ်ချင်းကို သင်္ကြန်ဒိုးနဲ့ ရောပြီး နတ်ချင်းမှန်းမသိ၊ သင်္ကြန်ဒိုးမှန်းမသိ ဖြစ်နေတဲ့ ခေတ်မှာ ရိုးရာဟာ ရိုးရာဘဲ ဖြစ်သင့်တယ်လို့ ထင်မြင်မိကြောင်းနဲ့ ရိုးရာစည်းကမ်း ဖောက်ဖျက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူ သင့်ကြောင်းကိုတော့ ဆိုင်းဆရာ သီရိမောင်မောင်က ပြောပါတယ်။
“ပြင်းပြင်းထန် အရေးယူသင့် ပါတယ်။ ရိုးရာပဲ ဖြစ်ရမှာပေါ့နော်။ ဆန်းသစ်တယ် ဆိုတဲ့နေရာမှာ နောက်ပိုင်း ဆရာများ အသစ်ရေးတဲ့ သီချင်းကို ဆန်းသစ်ပြီး ပေါက်သွားတာ တွေလည်း အများကြီးရှိပါတယ်။ အဲဒီလို သီချင်း မျိုးလေးတွေကို လက်ခံပါတယ်။ မမနှဲကလည်း အိုးလေး လှုပ်ပါဦးနဲ့ ကတာတို့၊ အမေရေယာဉ်ကလည်း အိုးလေးလှုပ်ပါဦးနဲ့ ကတာတို့ ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ” လို့ ၎င်းက ဆိုပါတယ်။
နတ်ကန္နားပွဲကြည့် ပရိသတ်တဦးကလည်း နတ်စည်းကမ်းတွေနဲ့အညီ သီဆိုကြတာကတော့ အကောင်းဆုံးပဲလို့ မစပ်စုကို ပြောပါတယ်။
“အဲဒီလိုဆိုရင် ကျမတို့လည်း ကြိုက်တယ်၊ နားထောင်လို့လည်း ကောင်းတယ်ပေါ့။ ရပ်ကွက်တွေထဲမှာ “အိုးလေးလှုပ်ပါဟေ့” ဆိုတာမျိုးနဲ့ ကကြတော့ ဘေးနားက လူတွေကလည်း တဟေးဟေးနဲ့ လက်ခုပ်တွေ တီးကြတာပေါ့နော်။ အဲဒီလိုမျိုး ကျတော့ နတ်ပွဲမှာ သရုပ်ပျက်တာပေါ့။ ခေတ်ပေါ် သီချင်းတွေ ထည့်တာတော့ နတ်စည်းကမ်းနဲ့ မကိုက်ညီပါဘူး” လို့ နတ်ပွဲတွေမှာ ခေတ်ပေါ် သီချင်းတွေနဲ့ တင်ဆက်မှုအပေါ် သူက ကန့်ကွက် လိုက်ပါတယ်။
ဒီဘက်ခေတ် နတ်ကန္နားပွဲတွေက တချို့ နတ်ကတော်တွေ အကြားမှာ အိုးလေးလှုပ်ကြ၊ ဂမ်းနမ်းစတိုင် ထုတ်ကြတဲ့ ပျော်စေ ပျက်စေ အနေနဲ့ ကပြကြတာလည်း ရှိသလို တကယ့်အကြီးအကဲ နတ်ကတော်တွေ အနေနဲ့ အဲဒီလို သီဆိုကပြခြင်း မရှိသလောက် နည်းပါးပါတယ်လို့ နှစ်ပေါင်း ၄၅ နှစ်တိုင်တိုင် နတ်ကတော်လုပ်ငန်းကို လုပ်ကိုင်လာခဲ့တဲ့ တောင်ပြုန်းမြောက်လက် သိုးဆောင်း မိဖုရားကြီး ဒေါ်အုန်းတင် ကန္နားစီး လုပ်ငန်းက ဒေါ်သန်းသန်းမော်က ပြောပါတယ်။
“ကျမတို့ကတော့ ဘရုတ်သုတ်ခ သီချင်းတွေ၊ ပျော်စေ ပျက်စေ Gay (ဂေး) တွေနဲ့ ကတာတွေတော့ မလုပ်ပါဘူး။ ကျမတို့ဆီမှာ သီဆိုတဲ့သူတွေ ဆိုင်းဆရာတွေ ဆိုတာကလည်း ဟိုးအရင် နှစ် ၄၀ လောက် ကတည်းက အခုအချိန်ထိ လက်တွဲလာခဲ့တဲ့ နတ်ပွဲနဲ့ ပတ်သက်တဲ့ အဆိုတော်ကြီးတွေနဲ့ နတ်စည်းကမ်းနဲ့ အညီ ဆိုကြတာပဲ။ တချို့ နတ်ကတော်တွေ ဆိုလည်း နတ်စည်းကမ်းနဲ့ အညီ သီဆိုကြတာတွေ ရှိပါတယ်။ ဒါပေမယ့် တချို့ အပြင်တွေမှာ ဂေးတွေက ဆိုကြ ကကြတယ်။ နောက် ရပ်ကွက်ထဲမှာ သူတို့တွေက နတ်ကို ပူဇော်တာလည်း တမျိုး၊ သူတို့ရဲ့ ထုံးစံအတိုင်း ခေတ်ပေါ် သီချင်းတွေနဲ့ ကနေတာတွေ ရှိတယ်။ တကယ့် တောင်ပြုန်းမင်းနဲ့ ပတ်သတ်တဲ့ သိုးဆောင်း မိဖုရားကြီးတွေ၊ တကယ့် အကြီးအကဲ နတ်ကတော်တွေကတော့ အဲဒီလိုမျိုး ကတာတွေ သိပ်မရှိဘူး” လို့ သူက ပြောပါတယ်။
ရှေးယခင် ကတည်းက နတ်ကန္နားပွဲ ကျင်းပခြင်းအစဉ်အလာ ရှိခဲ့ပေမယ့် ဒီဘက်ခေတ်တွေမှာလို နတ်ကတော် အများအပြား မရှိခဲ့ဘူးလို့ သိရပါတယ်။ ရှိတဲ့ နတ်ကတော် များဟာလည်း အသက်ကြီးကြီး အမျိုးသမီးကြီးတွေပါ။ တဖြည်းဖြည်း ဒီဘက်ခေတ်ကို ရောက်လာလေတော့ ၉၀ ရာခိုင်နှုန်းနီးပါး နတ်ကတော် အလုပ်ကို ဂေးတွေကပဲ လုပ်ကိုင် လာကြတယ်လို့ သိရပါတယ်။
“ကျမတို့နိုင်ငံမှာ ဂေးနဲ့ ပတ်သက်ပြီး တရားဝင် မဟုတ်ဘူးလေ။ ဒီတော့ ဂေး ဆိုတာ သူတို့ရဲ့ စိတ်သဘောအရ မိန်းမ သဘာဝအတိုင်း နေချင်တယ်၊ ပြင်ဆင်ချင်တယ်၊ ဝတ်စားချင်တယ်၊ ကချင်တယ်။ အဲဒီအချိန်မှာ သူတို့အတွက် နတ်ပွဲမှာ သွားလုပ်လို့ ရတယ်လို့ ကျမ ထင်တယ်။ အဲဒီမှာ မိတ်ကပ်လိမ်းလို့ရတယ်၊ ကလို့ရတယ်။ အဲဒီကနေမှ သူတို့က ဒီနတ်လိုင်းထဲကို ဝင်သွားတယ်လို့ ထင်တယ်။ သူတို့ဟာ နတ်ကတော် မိန်းမကြီးတွေနဲ့ ကွာနေတာက လူတွေ အမြင်က ပြောင်းလာတာပေါ့။ ကျမတို့ ငယ်ငယ်က မြန်မာမကြီးတွေက မိတ်ကပ်တောင် မလိမ်းဘူး။ သနပ်ခါးရေကဲျလေးနဲ့ ဇွန်ပန်းကုံးလေးဆွဲလို့၊ ဒီလိုဆိုတော့ အသွင်အပြင်ချင်း ကွာသွားပြီလေ။ ဂေး တွေက ကျတော့ ခေတ်ရေစီးကြောင်း အရပဲလေ။ ပြင်တာ ဆင်တာတွေက သိပ်လှတာပေါ့။ မတူအောင် လုပ်နိုင်တယ်။ အဲဒီကနေပြီးတော့ နေရာရသွားတယ်လို့ ထင်တယ်” လို့ စာရေးဆရာမ နုနုရည် (အင်းဝ) က သူ့အမြင်ကို ပြောပါတယ်။
အရင်က ရိုးရာအရ နတ်တွေကို အရိုအသေတခု အဖြစ် ကိုးကွယ်ခဲ့ကြပေမယ့်လည်း ၁၉၈၈ နောက်ပိုင်းမှာ ပြည်သူတွေရဲ့ စီးပွားရေး တဖြည်းဖြည်း ကျဆင်းလာတာနဲ့ အမျှ နတ်တွေကို ကိုယ့်ရဲ့ အားကိုးရာတခုအဖြစ် ပိုမို ယုံကြည် ကိုးကွယ် လာကြတယ်လို့ သိရပါတယ်။ ဒီလို ရပ်ကွက်တွေထဲမှာ အဓိဌာန်အောင်ရင် အောင်သလို စီးပွားရေး ကောင်းရင်ကောင်းသလို ယုံကြည်မှုနဲ့ တွင်တွင်ကျယ်ကျယ် ပေးလာကြတဲ့ ဆိုင်းဝိုင်းကြီးတွေနဲ့ နတ်ကန္ဒားပွဲ တွေဟာ တရက်ကို ကျပ် သိန်း ဆယ်နဲ့ချီ ဖြစ်လာခဲ့တဲ့ ဒီကနေ့ ခေတ်မှာတော့ တဖြည်းဖြည်း နည်းပါးလာတယ်လို့ နတ်ကတော် အသိုင်းအဝိုင်းက ကြားသိရပါတယ်။