ထိုင်းအစားအစာတွေဟာ အမည်ချင်းတူပေမယ့် နေရာဒေသနှင့် ပြင်ဆင်ပြုလုပ်ပုံနည်းလမ်းအပေါ် မူတည်ပြီး အရ သာ ကွဲပြားခြားနားမှုများစွာ ရှိတတ်ကြပါတယ်။ ထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်မှာတော့ လူဦးရေ ထူထပ်တာကြောင့် လူနေထိုင်မှုပုံစံကို တည်မှီပြီး ထိုင်းအစားအစာတွေရဲ့အရသာစစ်ကို မြည်းစမ်းဖို့ ခက်ခဲလှပါတယ်။
ထိုင်းနိုင်ငံရဲ့ တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသဘက်တွေမှာတော့ ထိုင်းလက်ရာ အစစ်အမှန်တွေအပြင် ကွဲပြားခြားနားတဲ့ အရသာတွေကို ခံစားရရှိစေပါတယ်။ စနေနံနက်ခင်းဈေး၊ တနင်္ဂနွေညနေခင်းဈေးတွေမှာ အမှတ်တရပစ္စည်းမှသည် စား သောက်ဆိုင်တန်းအထိ ရှိတတ်ပါတယ်။
အဲဒီလို ယာယီဈေးတွေမှာ ချက်ပြုတ်ရောင်းချတဲ့အရသာမျိုးကိုတော့ လမ်းဘေးဈေးတန်းအရသာလို့ သတ်မှတ်ကြပါတယ်။လမ်းဘေးဈေးတန်းတွေရဲ့ ဟင်းလျာတွေဟာ ပြင်ဆင်ပုံ၊ အလှဆင်ခြင်း စတာတွေထက် စစ်မှန်တဲ့အရသာကို ရရှိခံစားစေ ဖို့ ဦးတည်လေ့ ရှိကြပါတယ်။ ရုံးသူ၊ ရုံးသားများ၊ ကျောင်းသူ၊ ကျောင်းသူများနှင့် နိုင်ငံခြားသားအများစု နှစ်သက်တဲ့ ဈေး ကွက်လို့လည်း သတ်မှတ်နိုင်ပါတယ်။
မြို့တော် ရန်ကုန်ကြီးမှာ ဒီလိုစစ်မှန်တဲ့ ထိုင်းလမ်းဘေးဈေးတန်းတွေက ပေးလေ့ရှိတဲ့အရသာကို ခံစားနိုင်ဖို့ နေရာလေး တခု ရှိလာခဲ့ပါပြီ။
ဒီဆိုင်လေးမှာ ချင်းမိုင်၊ ချင်းရိုင်စတဲ့ အအေးပိုင်း ဒေသစာတွေလို ရှူးရှဲအရသာတွေကို ခံစားရမယ့်အပြင် ပူပူစပ်စပ်လေးတွေ စားပြီးတိုင်း ချိုချိုအေးအေးနဲ့ ပြန်လည်ဖြေသိမ့်နိုင်ဖို့ စားဖူးနေကျ ထိုင်းအချိုပွဲမုန့်များ မဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့လမ်းဘေးနေရာများစွာမှာ ရောင်းချလေ့ရှိတဲ့ ထိုင်းရေခဲသုပ်၊ ထိုင်းရွှေရင်အေးလို အအေးစာအချိုပွဲများ ရရှိနိုင်ခြင်းကလည်း လမ်းဘေးဈေးတန်းအရသာဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုမို ဖြည့်ဆည်းပေးနေသလိုပါပဲ။
ဒီဆိုင်လေးမှာ ရှိတဲ့စားသောက်ဖွယ်ရာ စာရင်းများစွာထဲကမှ ဒီတပတ်မြည်းစမ်းခဲ့တဲ့ အချို့ဟင်းပွဲလက်ရာလေးတွေ အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံး ခံတွင်းလိုက်စာအနေနဲ့ အထောင်းလေးတခု အကြောင်း အရင်ပြောပြပါမယ်။
တောသားသင်္ဘောသီးထောင်း
ဒီသင်္ဘောသီးထောင်းမှာ ပါဝင်နေကျ သဘောၤသီး၊ ပဲတောင့်ရှည်များ အပြင် ကျွဲကောသီး၊ ပြောင်းဖူး၊ ခရမ်းကြွပ်သီး၊ဂေါ်ဖီ ထုပ် စတာတွေအပြင် တောထဲကနေ အလွယ်တကူရနိုင်တဲ့အရွက်၊ အသီးလေးများကို ငါးပိရည်၊ ပုစွန်လုံး ဆားရည်စိမ် အစရှိသည်တို့ဖြင့် မွမ်းမံထားပြီး ချဉ်ငံစပ် အရသာလေးဟာ တကယ့်မြောက်ပိုင်းဒေသတွေရဲ့တောင်ပေါ်စာ အထောင်းလေးဖြစ်ပါတယ်။ ဒီအထဲမှာ ပါဝင်တဲ့အစိမ်းလို ဖြစ်နေတဲ့ လယ်ပုစွန်လုံး ဆားရည်စိမ်ဟာ စားဖူးနေကျလူတွေက ဦးအောင်လုစားတတ်ကြပေမယ့် မစားဖူးသေးတဲ့သူတွေအတွက် ပြင်းရှတဲ့အငန်ဓာတ်ရှိပါတယ်ဆိုတဲ့အကြောင်း ကြိုတင်အသိပေးပါ ရစေ။
ငါးဆားအုံးကင်
ထိုင်းငါးဆားအုံးကင်ဆိုတာ ကကတစ်၊ တိလားဗီးယားငါး တမျိုးမျိုးကို သန့်စင်ပြီး ပါးစပ်မှတဆင့် စပါးလင်၊ ဆွမ်းမွှေးရွက်စတာတွေကို ဗိုက်ထဲထိ ထိုးသိပ်ပြီး ငါးတကောင်လုံးကို ဆားများစွာနဲ့အုံးပြီး ကင်ထားပါတယ်။ စပါးလင်၊ ဆွမ်းမွှေးတွေရဲ့ ထူးခြားတဲ့ရနံ့ဟာ ငါးအသားထဲကို ပျံ့ပြီး စိမ့်ဝင်နေပါတယ်။ ကင်ပြီးပြီဆိုရင်တော့ အပေါ်ယံအရေခွံကို လွှာချပြီး မုန့်ဟင်း ခါးဖတ်၊ ဆလတ်ရွက်၊ နံနံပင်စတဲ့ လတ်ဆတ်သောအရွက်များနှင့် မွမ်းမံကာ ချဉ်၊ ငံ၊ စပ်ဆော့စ်ရည်လေးနဲ့ တွဲဖက်စားသုံး ရတာကလည်း ထူးခြားတဲ့အရသာပါ။
ဝက်ဂုတ်သားကင်နှင့် ဆန်လှော်မှုန့် ချဉ်စပ်ဆော့စ်
တတိယမြောက်ဟင်းပွဲကတော့ အဓိကဟင်းပွဲလို့ ဆိုနိုင်တဲ့ ဝက်ဂုတ်သားကင်ပါ။ နူးညံံ့မွှေးပျံ့တဲ့ ဝက်ဂုတ်သားကင်ကိုတော့ ဆန်လှော်မှုန့်မွှေးမွှေး၊ မန်ကျည်းမှည့်ရည်တို့နှင့့် တွဲစပ်ထားတဲ့ ချဉ်ငံစပ်ဆော့စ်လေးနဲ့ တွဲဖက်စားရတာ လိုက်ဖက်မှုရှိလှပါတယ်။
မှိုဟင်းရည်
ဒီမှိုချိုစပ်ဟင်းရည်လေးမှာ လတ်ဆတ်တဲ့ ကြွက်နားရွက်မှို အစို၊ ငွေနှင်းမှို၊ကောက်ရိုးမှိုနှင့် ဂျပန်စိုက်ပျိုးရေးမှိုလို့ယူဆရတဲ့ မှိုတမျိုးကို ဆူးပုတ်ရွက်လေးနှင့်ရောပြီး ချက်ထားပါတယ်။ ငရုတ်သီးစိမ်းလေးအနည်းငယ်ကိုသာ သုံးထားတာကြောင့် ရှိန်း မြမြအရသာလေးအပြင် လတ်ဆတ်တဲ့ ပင်စိမ်းရနံ့လေးကြောင့် နွေးထွေးပြီး လတ်ဆတ်မွှေးပျံ့တဲ့အရသာကို ရရှိခံစားစေ နိုင်မှာပါ။
ပြောင်းဖူးနှင့် ဆားဘဲဥထောင်း
ဒီဟင်းပွဲကတော့ ဒီဆိုင်လေးရဲ့အထူးဟင်းလျာလို့ ယူဆနိုင်ပြီး လာရောက်စားသုံးတိုင်းရဲ့စားပွဲတိုင်းမှာ ရှိနေတာက သက်သေထူနေပါတယ်။ ချိုမြတဲ့ သကြားပြောင်းအရသာနှင့် ငန်စိမ့့်တဲ့ ဆားရည်စိမ်ဘဲဥကို ချဉ်စပ်အရသာလေး ဖြစ်အောင် ဖန်တီးပေးထားပါတယ် ။သာမန်အထောင်းတွေထက် ထူးခြားတဲ့ အရသာလေးကို ခံစားရရှိစေမှာ အသေအချာပါ။
ကြက်ခြေထောက် ချဉ်စပ်ဟင်းရည်
ဒီဟင်းပွဲလေးကတော့ ထိုင်းနိုင်ငံ မြောက်ပိုင်းတောင်ပေါ်ဒေသတွေမှာ နေထိုင်ကြတဲ့ အိစမ်လူမျိုးများရဲ့ရိုးရာလို့ ခေါ်ဆိုနိုင်တဲ့ချဉ်စပ်ဟင်းရည်ပါ။ စပါးလင် ၊ပဒဲကော၊ ရှမ်းနံနံ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းစတဲ့ ဟင်းခတ်အမွှေး အကြိုင်များကိုသာ အခြေခံ အသုံးပြုထားပေးမယ့် နူးညံ့တဲ့ကြက်ခြေထောက်နှင့် မွှေးပျံ့တဲ့အရသာကို ခံစားရခြင်းကတော့တောင်ပေါ်သားဖြစ်တဲ့ အိစမ်လူမျိုးတွေနဲ့ လက်ချင်းချိတ်ဆက်ထားသလို ခံစားရရှိစေပါတယ်။
ဒီလို အရသာကောင်းပြီး ရှူးရှဲဖြစ်နေတဲ့ ခံတွင်းကို ဖြေသိမ့်ဖို့ လိုအပ်လှပါပြီ။ ရွှေရင်အေးပုံစံ၊ ရေခဲသုပ်မျိုးစုံ ရှိနေပေမယ့် သီးစုံရေခဲသုပ်လေးကို ရွေးချယ်လိုက်ပါတယ်။
သီးစုံရေခဲသုပ်
ရေခဲသုပ်ကို ဟင်းရည်ထည့်တဲ့ပန်းကန်လုံးအရွယ်ရှိတဲ့ ဖော့ခွက်နဲ့ ပြင်ဆင်လာပေးတာ လူကြီး၊ လူငယ်အားလုံး အံ့သြသင့်လောက်အောင်စွဲဆောင်မှု ရှိလှပါတယ်။ ကော်ဇွန်းလေး၂ချောင်းလည်း ပါလာပါတယ်။ ဆန်းသစ်လှပတဲ့ ဖန်ထည် (သို့)ကြွေပန်းကန်နှင့် စတီးလ်ဇွန်းလှလှလေးသုံးရင် ပိုပြီး နှစ်သက်ဖွယ်ဖြစ်ပါလိမ့်မယ် (ကျနော် ထင်မြင်ယူဆချက်ပါ)။
မှုန်နေအောင်ခြစ်ထားတဲ့ ရေခဲတွေကို ဖိသိပ်ထားပြီး၊ စတော်ဘယ်ရီ၊ ပိန္နဲကြွပ်၊ နဂါးမောက်သီး၊ စပျစ်သီး၊ သခွားမွှေး အစ ရှိတဲ့ လတ်ဆတ်တဲ့သီးသစ်တွေအပြင် ဂျယ်လီ၊ ကျောက်ကျော၊ နို့ဘီစကစ်ချောင်းလေးများ၊ ကလေးတွေအကြိုက် သကြား လုံး အိစိလေးတွေနဲ့ အလှဆင်ထားတဲ့ သီးစုံရေခဲသုပ်ကတော့ အနည်းဆုံး လူ(၄)ယောက်လောက် စားနိုင်သလို ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်ပေးနိုင်တဲ့ အချိုပွဲလို့သာ ညွှန်းဆိုလိုက်ပါရစေ။
ဒီဆိုင်လေးကို ဖွင့်လှစ်တာမကြာလှသေးပေမယ့့် ထူးခြားတဲ့ အရသာတွေကြောင့် လူကြိုက်များလို့ လာခဲ့ပါတယ်။ ဟင်းပွဲတွေကလည်း တပွဲမှာမှသာ တပွဲစာချက်ပြုတ်တာ ဖြစ်တဲ့အတွက်ကြောင့် စောင့်ဆိုင်းရတာ အနည်းငယ်ကြာတယ် ဆိုပေ မယ့့် တကယ်တမ်းဟင်းပွဲတွေကို သုံးဆောင်ရတဲ့အခါ လတ်ဆတ်တဲ့အရသာကို ပေးစွမ်းချင်တဲ့ စေတနာထားမှုကို ပြန်လည် ခံစားနားလည်ရပါတယ်။
ဒါကြောင့့် မိမိသုံးဆောင်လိုတဲ့အချိန်မတိုင်ခင် အချိန်အနည်းငယ်ကြိုတင်ပြင်ဆင်ထားပါလို့တော့အကြံပေးပါရစေ။ ကျနော် အတွက်တော့ အချိန်အနည်းငယ်ပိုသုံးလိုက်ရပေမယ့် လတ်ဆတ်တဲ့ဟင်းပွဲတွေနဲ့ ထူးခြားတဲ့ အရသာတွေကြောင့် စိတ်ကျေနပ်မှု အပြည့်အဝ ခံစားခဲ့ရပါတယ်။
ဒီလို ထိုင်းနိုင်ငံရဲ့မြောက်ပိုင်းဒေသဆန်ဆန် ဟင်းပွဲတွေနှင့် ထိုင်းနိုင်ငံလမ်းဘေး ဈေးဆိုင်တန်းတွေရဲ့ အရသာ အစစ်အမှန်ကို မြည်းစမ်းချင်တယ်ဆိုရင်တော့……
One Zaab
အမှတ်(၁၂၄)ဘုန်းကြီးလမ်း
စံပြရုပ်ရှင်ရုံအနီး၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- ၀၉၂၆၁၆၅၄၀၆၅