လွတ်လပ်စိတ် စီးဆင်းရာ အတိုင်း ရေးဆွဲ ဖန်တီးထားတဲ့ ပန်းချီ သန်းဌေး ခေါ် စံဦးရဲ့ Panorama Abstract ပန်းချီကား တွေကို ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်းရှိ နဝဒေးသာလာ ပန်းချီပြခန်းမှာ ဇွန် ၁၁ ကနေ ၁၇ ရက်နေ့ အထိ ခင်းကျင်း ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Free Flowing (လွတ်လပ်စိတ် စီးဆင်းရာ) လို့ အမည်ပေးထားတဲ့ အဲဒီပြပွဲက ပန်းချီသန်းဌေးရဲ့ ၉ ကြိမ်မြောက် တကိုယ်တော်ပြပွဲ ဖြစ်ပြီး ပန်းချီကားကြီးပေါင်း ၂၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။
ပန်းချီ ဖန်တီးရေးဆွဲတင်ပြမှု အပြောင်းအလဲ အချိုးအကွေ့ အလွန်များတဲ့ ပန်းချီသန်းဌေးရဲ့ Free Flowing ပန်းချီပြပွဲမှာ ဒြပ်မဲ့ ပန်းချီလို့ ခေါ်တဲ့ Abstract ပန်းချီကားကြီးတွေ ပါဝင်နေတဲ့ အပြင် ပန်းချီပုံဖော်ဖန်တီးမှု နည်းသစ် (New Technics) တွေနဲ့ ဖန်တီးထားတာကြောင့် စိတ်ဝင်စားစရာပါ။
“ကျနော်က နည်းအသစ်တွေနဲ့ အမြဲစမ်းသပ် ဖန်တီးလေ့ ရှိပါတယ်။ အဓိကကတော့ စိတ်ခံစားရတဲ့ အတိုင်း ပုံဖော်တင်ပြဖို့ အလေးထားတယ်၊ နောက် အဲဒီ စိတ်ခံစားမှုရဖို့ ရောက်ဖို့ အတွက် Technics အသစ်တွေနဲ့ ပေါင်းစပ်ပြီး ဖန်တီးယူတယ်။ ကျနော် စိတ်ကျေနပ်မှုရှိတဲ့ ကားတွေ၊ ကျနော် နှစ်သက်တဲ့ ကားတွေကိုပဲ ပြပွဲတိုင်းမှာ တင်ပြတယ်။ အခု ဒီပြပွဲမှာလည်း ကျနော့် စိတ်က ကျေနပ်အားရတဲ့ ပန်းချီကားတွေပဲ ပြသတာပါ” လို့ ပြပွဲနဲ့ ပတ်သက်ပြီး ပြောပြပါတယ်။
ပန်းချီသန်းဌေးဟာ ၁၉၈၉ ခုနှစ်မှာ ဂျပန်နိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်ရင်းနဲ့ အုပ်စုပန်းချီပြပွဲတွေမှာ ပါဝင်ပြနိုင်ခဲ့ သလို ဂျပန်၊ ကိုရီးယား၊ တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့မှာလည်း အုပ်စုပန်းချီပြပွဲနဲ့ တကိုယ်တော် ပြပွဲတွေ ပြုလုပ်နိုင်ခဲ့သူပါ။
ပန်းချီဆု အနေနဲ့ ၁၉၉၂ ခုနှစ် ဂျပန်နိုင်ငံ ရှီဘခရိုင်ရှိ ဥရာယာစု မြို့မှာပြုလုပ်တဲ့ ပန်းချီပြပွဲမှာ မြို့တော်ဝန်ဆု (Mayor Prize) ရရှိခဲ့တဲ့ အပြင် Urayasu City (2nd and 3rd Prize) ဆု ၂ ဆုလည်း ရရှိခဲ့ပါတယ်။ သူ ဂျပန်မှာ နေထိုင်စဉ် အတွင်း တကိုယ်တော် ပန်းချီပြပွဲကို ၁၉၉၈ ခုနှစ်တွင် တိုကျိုရှိ GENZA အနုပညာရပ်ကွက်အတွင်းရှိ MOTAKI ပြခန်းမှာ ပြုလုပ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် တိုကျိုပြတိုက်မှာ ပြုလုပ်တဲ့ SEIKO TEN International Art Exhibition နိုင်ငံတကာ အနုပညာပြပွဲမှာ ဂျပန် နိုင်ငံတကာ အနုပညာရှင်များနဲ့ အတူ ပါဝင်ပြသနိုင်ခဲ့ပြီး အဲဒီပြပွဲမှာ အကောင်းဆုံး နည်းပညာ ပန်းချီကားဆုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တဖန် ၂၀၁၁ ခုနှစ်မှာလည်း Fuji TV Award ဆုရရှိခဲ့ပါတယ်။ ထို့အပြင် ဂျပန်နိုင်ငံက အာရှ မော်ဒန်အတ်ထ် အသင်း (Artist Association of Asia – AAA) ရဲ့ ၂၀၁၄ ခုနှစ် အတွက် စတုတ္ထဆု ရရှိခဲ့အပြင် လက်ရှိမှာလည်း ယင် အဖွဲ့ရဲ့ အဖွဲ့ဝင် အနုပညာရှင်တဦး ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ၂၀၁၃ ခုနှစ် ထွန်းဖောင်ဒေးရှင်းဘဏ်က ပြုလုပ်တဲ့ Best Painting of 2013 မှာလည်း ပန်းချီ အထူးဆု ရရှိခဲ့ပါတယ်။
ပန်းချီဖန်တီး ပုံဖော်မှုတွေ အဆက်မပြတ် လုပ်ကိုင်နေတဲ့ ရန်ကုန်ဇာတိသား အသက် ၅၈ နှစ် အရွယ်ရှိ ပန်းချီသန်းဌေးကို စံဦး အနေနဲ့လည်း လူသိများပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ်မှု မရှိသေးတဲ့ အပြင် ဒြပ်မဲ့ပန်းချီ ပြပွဲ နည်းပါးနေသေးတဲ့ ကာလ ၂၀၀၉ ခုနှစ်၊ Myanmar Art Centre မှာ ပြုလုပ်တဲ့ Climax (အထွတ်အထိပ်) ဆိုတဲ့ ပန်းချီပြပွဲဟာ အောင်မြင်တဲ့ ပန်းချီပြပွဲ ဖြစ်ပြီး သူ့လက်ရာ ပန်းချီကား အများအပြား ဝယ်ယူ စုဆောင်းခံခဲ့ရ ပါတယ်။ အဲဒီ ပြပွဲမှာ Climax and Unknown Land ဆိုတဲ့ Abstract ပန်းချီကား စီးရီး ၂ ခု ပြသခဲ့သလို Portrait (ပုံတူ) နဲ့ Landscape (ရှုခင်း) ပန်းချီ ကားတချို့လည်း ပြသခဲ့တာပါ။
ပန်းချီသန်းဌေးရဲ့ လူသိများ အောင်မြင်ခဲ့တဲ့ နောက်ထပ် ပန်းချီပြပွဲက ၂၀၁၃ ခုနှစ် အောက်တိုဘာ ၅ ကနေ ၁၁ ရက်နေ့ အထိ နဝဒေးသာလာမှာ ပြုလုပ်ခဲ့တဲ့ Life and Nature လို့ အမည်ပေးထားတဲ့ တကိုယ်တော် ပန်းချီပြပွဲပါ။ မြန်မာနိုင်ငံ ချင်းပြည်နယ်ကနေ ပြည်တွင်း ပုဂံဘက်အထိ မြင်တွေ့ရတဲ့ ရှုခင်းတွေကို ၄ ပေ ၅ ပေ အရွယ် ပန်းချီကားပေါင်း ၂၀ ကျော်နဲ့ ပေါင်းစပ်ရေးဆွဲ တင်ပြတာကြောင့် Mega Panorama Landscape ပန်းချီပြပွဲလို့ ဆိုနိုင်ပါတယ်။
“ကျနော်က ၂၀၁၃ ခုနှစ်က စပြီး နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်တိုင်း ဖလန်းကို သွားပြီး ချင်းလူမှုရေး သိပ္ပံကျောင်း (Chin Institute of Social Science – CISS) က ပြုလုပ်တဲ့ နွေရာသီ ကလေးတွေကို ပန်းချီ သင်ကြာပေးပါတယ်။ ချင်းပြည်နယ် ဖလန်းကနေ မြန်မာ့ အသည်းနှလုံး ဖြစ်တဲ့ ပုဂံဒေသကြား ကျနော် ဖြတ်သန်းသွားလာတိုင်း တွေ့မြင်နေရတဲ့ ရှုခင်းတွေကို ကျနော့် စိတ်မှာ စွဲထင်နေပါတယ်။ ဒါနဲ့ ပန်းချီကား အရှည်ကြီး ရေးဆွဲမယ် ဆိုတဲ့စိတ် ဖြစ်ခဲ့တယ်။ နောက်တော့ တနံတလျား ရှည်လျားတဲ့ ပန်းချီကားကို ရေးဆွဲဖြစ်ခဲ့တယ်။ ဒါပေမယ့် ပြခန်းရဲ့ အကျယ်အဝန်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပန်းချီကားကို ဖြတ်ပြီး အရွယ်အငယ်တွေ အဖြစ် ဘောင်ထည့်ပြီး ပြခဲ့ရတာပါ။ တကယ် ကြည့်စေချင်တာက မူလ ရေးဆွဲတဲ့အတိုင်း ပန်းချီကား အရှည်ကြီးပါ” လို့ ပန်းချီ သန်းဌေးက ပြောတယ်။
ပန်းချီအပြင် ပန်းပုဖန်တီးမှုများလည်း ပြုလုပ်သူ ပန်းချီသန်းဌေးဟာ အမေရိကန် သမ္မတ အိုဘားမားရဲ့ ပုံတူကိုလည်း ပန်းချီနဲ့ Collage ပေါင်းစပ်ပြီး ဖန်းတီးခဲ့တာကြောင့် သူ့လက်ရာကို ဝယ်ယူစုဆောင်းတာတွေ ရှိခဲ့ပါတယ်။ ပြီးတော့ မြန်မာ့ အထင်ကရ ပုဂ္ဂိုလ်များ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သတင်းစာဆရာကြီး ဦးဝင်းတင်၊ သူရဦးတင်ဦး အပါအဝင် အခြားပုဂ္ဂိုလ်များရဲ့ ပုံတူကိုလည်း Collage လုပ် ရေးဆွဲ လှူဒါန်းခဲ့ပါတယ်။
အခု ပြသမယ့် ပန်းချီပြပွဲမှာတော့ သူဟာ Expoxy ခေါ် ကြမ်းပြင် နံရံတွေ ပြောင်လက်ချောမွတ်စေဖို့ သုံးတဲ့ ဆေးကို ပန်းချီရေးဆွဲ ဖန်တီးရာမှာ ပေါင်းစပ်သုံးစွဲ ဖန်တီးထားတာ တွေ့ရပါတယ်။ ပိုပြီး ထူးခြားတာက အဝတ်ပိတ်စတွေကို ပန်းချီကားမှာ ထည့်သွင်း (Install) လုပ်ပြီး Abstract ပန်းချီကား တွေ ဖန်တီးတင်ပြ တာပါပဲ။
“ကျနော် ပန်းချီရေးဆွဲတာကို အလေးထား အာရုံစိုက်သလို နည်းစနစ်သစ်တွေ မရှာဖွေရရင် ကျနော့် အနုပညာ ဖန်တီးမှုက သေဆုံး သွားနိုင်တယ် လို့ ယုံကြည်တယ်။ ပြီးတော့ ဖန်တီးနေချိန်မှာ ကျနော့် စိတ်ကျေနပ်မှုကို ရောက်ဖို့ ရဖို့ ရှာဖွေထားတဲ့ နည်းစနစ်တွေ၊ တွေ့ရှိချက်တွေကို ဆွဲယူအသုံးပြုတာပါ။ ဒါကြောင့် ကျနော့်ရဲ့ ရေးဆွဲမှုတွေ၊ ဖန်တီး တင်ပြမှုတွေက အမြဲမပြတ် ပြောင်းလဲနေတာလို့ ဆိုနိုင်ပါတယ်” လို့ ပန်းချီ သန်းဌေးက ဆိုပါတယ်။