စွမ်းဆောင်ရည်ပိုင်း ဦးစားပေးတည်ဆောက်ထားပြီး ဇိမ်ခံ ပုံစံမျိုးလည်း ဖန်တီးထားသလို ဈေးနှုန်းအပိုင်း မှာတော့ ချိုချိုသာသာနဲ့ ရောင်းချတယ်ဆိုတဲ့ ပြိုင်ကားစစ်စစ်တွေ ဆိုတာ လက်ချိုးရေလို့ ရလောက်အောင် နည်းပါးပါတယ်။
ဒီထဲကမှာ လက်ရှိမှာ လူကြိုက်အများဆုံး ဖြစ်နေတဲ့ မော်ဒယ် Evora Sနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Coupe တန်းဝင် Sport ဖြစ်ပြီးတော့ ပတ်လမ်းမောင်း ပြိုင်ပွဲဝင် မော်ဒယ်ရဲ့ Evoraရဲ့ နောက်ဆက်တွဲ အနေနဲ့ ဖန်တီး ထားသလို ပြိုင်ကား စစ်စစ်ဖြစ်စေချင်တာကြောင့် Transmission ပိုင်းမှာတောင် Manualစနစ်နဲ့ပဲ ရနိုင်တာ ဖြစ်ပါတယ်။ Supercar တွေရဲ့ ရုပ်ထွက်မျိုး ချိုးဆစ်ထားပြီး Ferrariနဲ့ Lamborghiniမော်ဒယ်တွေကို တန်ကြေး နည်းနည်းနဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်မယ့် အနေအထား ဖြစ်လာစေပါတယ်။ လက်ကိုင်ပိုင်း အထူးကောင်းမွန်ပြီး အင်ဂျင်ပိုင်းမှာ V6အရွယ်ပဲ တပ်ဆင်ထားလို့ ဆီစားနှုန်းလည်း ချိုသာတာ တွေ့ရပါတယ်။
မော်ဒယ်မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်က ၃ ဒသမ ၅လီတာသုံး Toyotaက ထုတ်လုပ်ပေးထားတဲ့ V6 အင်ဂျင် ဖြစ်ပြီးတော့ ရုန်းအား ၂၉၅ပေါင်-ပေမှာ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၃၄၅ကောင်အား ထိ အောင် ရှိမှာ ဖြစ်လို့အမြန်နှုန်း မြှင့်တင်နိုင်မှု အပိုင်းမှာ အထူးကောင်းမွန်မှာ ဖြစ်ပါတယ်။
Transmission ပိုင်းမှာက ဂီယာချက် ၆ချက်ကိုပဲ သုံးနိုင်မှာ ဖြစ်ကာ မော်ဒယ်က တစ်နာရီ မိုင် ၆၀နှုန်းကို အချိန် ၄ ဒသမ ၆စက္ကန့်တည်းနဲ့ ရောက်ရှိပါလိမ့်မယ်။ ဒါဟာ ဒေါ်လာ သိန်းချီအောင် တန်တဲ့ Supercarတွေရဲ့ စွမ်း ဆောင် ရည်ထက် အနည်းငယ်လေးပဲ ကျန်နေခဲ့တာလည်း ဖြစ်ပါတယ်။ အမြန်ဆုံး မောင်းနှင်နိုင်မှု တစ်နာရီ ၁၆၃ မိုင်နှုန်းပဲ သွားပေမယ့် Coupeတစ်စီးအတွက်တော့ အဲဒီလောက် နှုန်းက လုံလောက်ပါတယ်။
ဒီနေရာမှာ Sportတစ်စီးအတွက် အရေးအကြီးဆုံး အပိုင်းက စွမ်းဆောင်ရည်ပြီးရင် ထိန်းချုပ်နိုင်မှု အပိုင်းပါပဲ။ အထူးသဖြင့်တော့ လက်ကိုင်ပိုင်းနဲ့ ဘရိတ်ပိုင်းတွေ ဖြစ်ပါတယ်။ လက်ကိုင်ပိုင်းမှာတော့ ပြိုင်ပွဲဝင် မော်ဒယ် အများအပြား ဖန်တီးနေကျလည်း ဖြစ်သလို ရှေ့ထွက် မော်ဒယ်တွေက အစ Lotusဆိုတဲ့ နာမည် တစ်လုံးဟာ လက်ကိုင်ပိုင်း နည်းပညာ ကောင်းမွန်မှုမှာ နာမည် တစ်လုံးရထားပြီး ဖြစ်လို့ ထူးပြီး ပြောစရာ မလိုအောင် ကောင်းမွန်တာ တွေ့ရပါတယ်။
ဘရိတ်ပိုင်းမှာတော့ Antilockဘရိတ်စနစ်ကို တပ်ဆင်ထားတာ တွေ့ရပြီး အသက်ကယ် လေအိတ်စနစ်တွေ ထည့် ထားပါတယ်။ ဘေးဘက် အသက်ကယ် လေအိတ်စနစ် တစ်ခုလိုနေတာကလွဲရင် အားလုံး ပြည့်စုံ ပါတယ်။ ဘရိတ်ရဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ တစ်နာရီ မိုင် ၆၀နှုန်းကနေ ရပ်တန့်မယ် ဆိုရင် အကွာအဝေး အနေနဲ့ ၁၀၅ ပေပဲ ယူတာကြောင့် Sportတစ်စီးမှာ ရှိသင့်တဲ့ အကောင်းဆုံး အနေအထားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဈေးနှုန်းချိုသာပေမယ့် တစ်ဖက်က စွမ်းဆောင်ရည်၊ ထိန်းချုပ်နိုင်မှု၊ ဆီစားနှုန်း အားလုံး ကောင်းမွန် နေတာ ကြောင့် ဈေးကွက်မှာ နေရာရနေတာ ဖြစ်ပါတယ်။ ဆီတစ်ဂါလံကို ပျမ်းမျှ ၂၄မိုင်လောက်ထိအောင် မောင်းနှင် နိုင်မယ် ဆိုတာ ဖြစ်ပြီး ဒီနှုန်းက V6အင်ဂျင်တပ် Sport Sedanတွေနဲ့ အတူတူလောက်ပဲ ဆီစားနေတာ ဖြစ် သလို စွမ်းဆောင်ရည်ကတော့ တစ်ဆ မက ပိုမို ကောင်းမွန်နေပါတယ်။