၂၀၁၇ ခုနှစ်တွင် တတိယ အကြိမ်မြောက် ချီးမြှင့်သည့် Joseph Balestier လွတ်လပ်ခြင်း အနုပညာဆုကို မြန်မာ အနုပညာရှင် Artist အေးကို ရရှိကြောင်း သိရသည်။
အသက် ၅၄ နှစ် အရွယ်ရှိ မြန်မာ ခေတ်ပြိုင်အနုပညာရှင် Artist အေးကိုသည် နောက်ဆုံးဆန်ကာတင် Artist များ ဖြစ်သည့် အင်ဒိုနီးရှားမှ အမျိုးသမီး Artist Arahmaiani နှင့် မြန်မာ အမျိုးသမီး Artist ချောအိသိမ်းတို့ကို ကျော်ဖြတ်ကာ ဆုရရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါဆုကို Art Stage Singapore နှင့် စင်ကာပူဆိုင်ရာ အမေရိကန် သံရုံးတို့ က ပူးပေါင်းရွေးချယ် ပေးခြင်း ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ကာ အရှေ့တောင်အာရှနိုင်ငံများရှိ ခေတ်ပြိုင်အနုပညာရှင်များထဲမှ လွတ်လပ်ခြင်းကို ကိုယ်စားပြု ထင်ဟပ် ဖန်တီး တင်ပြသည့် အနုပညာရှင်များကို ရွေးချယ် ချီးမြှင့်ခြင်း ဖြစ်သည်။
Artist အေးကိုသည် ပန်းချီရေးဆွဲ တင်ပြခြင်း အပြင် ၁၉၉၀ ပြည့်နှစ်တွင် ပါဖောမင့်အနုပညာ တင်ဆက်မှုများ ပြုလုပ်လာခြင်း ဖြစ်ပြီး၊ သူ၏ အနုပညာ တင်ပြမှုများသည် သူဖြတ်သန်းရာ ခေတ်ကာလ၏ လူမှုရေး နိုင်ငံရေး မတည်ငြိမ်မှုနှင့် မရေရာမှုများကို ထင်ဟပ် တင်ပြသည်ဟု ဆုရွေးချယ်ရေး အဖွဲ့က သုံးသပ်သည်။
ဒီမိုကရေစီရေးနှင့် လွတ်လပ်ရေး အတွက် တွန်းအားပေး တင်ပြမှုကြောင့် အကျဉ်းချခံခဲ့ရသော်လည်း သူသည် နိုင်ငံရေးဆိုင်ရာ ထင်ဟပ်တင်ပြမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ ယင်းနောက် ၂၀၀၈ ခုနှစ်တွင် အနုပညာရှင် တချို့နှင့် ပူးပေါင်းကာ New Zero Art Space ကို ထူတောင်ကာ မျိုးဆက်သစ် အနုပညာရှင်များ မွေးထုတ် အားပေးခဲ့သည်။
ဆုရွေးချယ်ရေး အဖွဲ့တွင် စင်ကာပူ Centre for Contemporary Art ဒါရိုက်တာ ပါမောက္ခ Ute Meta Bauer ၊ ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှ The Factory Contemporary Art Centre အနုပညာ ဒါရိုက်တာ Ms Zoe Butt နှင့် အင်ဒိုနီးရှားမှ အနုပညာရေးရာ Curator နှင့် စာရေးဆရာ Mr Enin Supriyanto တို့ ပါဝင်သည်။
အဆိုပါ ဆုမှာ ၁၈၃၆ ခုနှစ်က စင်ကာပူနိုင်ငံသို့ ပထမဆုံး ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့သူ၊ နောက်ပိုင်းတွင် အမေရိကန် ကောင်စစ်ဝန် အဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံရသူ အမေရိကန် သံအမတ်ကြီး Joseph Balestier အား ဂုဏ်ပြုသောအားဖြင့် ၎င်း၏ အမည်ယူထားခြင်း ဖြစ်သည်။
ညွှန်း – straitstimes.com