မိတ်ဆွေ သင့်ရင်သွေးကို ဒီနှစ် ကျောင်းဖွင့်ရာသီမှာ ဘယ်လိုကျောင်းမျိုးမှာထားဖို့ စိတ်ဝင်စားပါသလဲ။
စာတွေ အဆက်မပြတ်သင်ကြားနေတဲ့ ကျောင်းက ဆရာခိုင်းတဲ့အတိုင်း တသွေမသိမ်း အတိအကျ လုပ်တဲ့ တပည့်တွေ မွေးထုတ်ပေးလေ့ရှိတဲ့ကျောင်း၊ အဆောက်အဦကောင်းတွေ ပြည့်စုံနေတဲ့ ကျောင်း၊ အောင်ချက်ကောင်းတဲ့ကျောင်း၊ စည်း ကမ်းကြီးတဲ့ကျောင်း၊ ဂုဏ်ထူးရှင်များစွာ နှစ်စဉ်မွေးထုတ်ပေးနေတဲ့ကျောင်း၊ အသင်အပြကောင်းတဲ့ကျောင်း စတဲ့ကျောင်း တွေထဲက ဘယ်ကျောင်းကို ထားဖို့ စိတ်ကူးနေပြီလဲ။
ကျနော်တို့ဆီမှာ ရွေးချယ်စရာကျောင်းတွေက များလှတယ်။ အစိုးရက ဖွင့်ထားတဲ့ အခြေခံပညာကျောင်းတွေ၊ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ နိုင်ငံတကာကျောင်းတွေဆိုပြီး ရှိပါတယ်။ ကျောင်း တိုင်းမှာ အားနည်းချက် အားသာချက် ကိုယ်စီရှိကြတယ်။
ကျောင်းကောင်းနဲ့ ပတ်သက်လို့ ပညာရေးသုတေသီတွေ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်နေကြပေမယ့် “ကလေးသည်သာ အခရာ”လို့ သတ်မှတ်တဲ့ကျောင်းမျိုးကိုသာ ကျောင်းကောင်းလို့ ခေါ်ဆိုနိုင်တာပါ။ ကျောင်းကောင်းနဲ့ ပတ်သက်လို့ သင့်ဘ၀ မဂ္ဂဇင်း အမှတ်(၅) ၁၉၉၈ ခုနှစ်ထုတ် မျက်နှာဖုံးဆောင်းပါးမှာ အခုလို ရေးသားဖော်ပြခဲ့တယ်။
ကျောင်းကောင်းဆိုတာ အဆောက်အဦကောင်းတာကို ပြောတာမဟုတ်ပေမယ့် လုံခြုံသပ်ရပ်တဲ့ အဆောက်အဦတော့ အနည်း ဆုံး လိုအပ်ပါတယ်။ ထို့အတူ ရှန်တိနိကေတန်လို သစ်ပင်တပင်အောက် ထွက်ပြီး သင်ယူကြတာမျိုးလည်းလိုအပ်ရင် လုပ်ကြ ရပါတယ်။
၁၉၆၀ လောက်တုန်းက အမေရိကားမှာ ကျောင်းအဆောက်အဦနံရံတွေကို ဆန့်ကျင်လှုပ်ရှားမှုတွေ ဖြစ်ခဲ့သေးတယ်။ နံရံ ဖွင့်ကျောင်းနံရံဖွင့် အတန်းတွေ တည်ဆောက်ဖို့ ငွေအား ဉာဏ်အားတွေ သုံးခဲ့ကြတယ်။ အဲဒီတုန်းက ဆောင်ပုဒ်က “နံရံ တွေ ဆွဲချ” တဲ့။ အခုတော့လည်း နံရံလေးဘက်ထဲ စာသင်ခြင်းရဲ့ထိရောက်မှုတွေ ပြန်တွေ့လာရလို့ “နံရံတွေ ပြန်ထောင်” နေကြရပါပြီ။
အမှန်ကတော့ သင်ကြားရေးမှာ နံရံက အဓိက မဟုတ်ပါဘူး။ ဖွင့်ထားတဲ့ စိတ်ဓာတ်၊ ဖွင့်ထားတဲ့ အယူအဆ၊ ဖွင့်ထားတဲ့ သင်ယူနည်းတွေနဲ့သာ ပွင့်တဲ့ကျောင်းဖြစ်အောင် လုပ်လို့ရတာပါ။ ကျောင်းကောင်းဆိုတာ ကျောင်းသားတွေကို ပြည့်ဝတဲ့ လူတွေအဖြစ် သဘောထားရပါတယ်။ အယူဝါဒတခု၊အသင်းအဖွဲ့တခုရဲ့အောက်က ပုံရိပ်တွေအဖြစ် ပုံမဖော်ရပါဘူး။
ကျောင်းသားတွေကို ငါသာလျှင် ငါ၏အရှင်သခင်ဆိုတဲ့ စိတ်ဓာတ်မျိုး ကိန်းအောင်းနေအောင် စနစ်တကျ လေ့ကျင့်သင် ကြားပေးကြရတာပါ။ တပည့်တွေဆီက အလုပ်ကောင်းထွက်အောင် ဆရာကောင်းတွေက လေ့ကျင့်သင်ကြားပေးရပါတယ်။
အဲဒီလို ဆရာမျိုးရှိတဲ့ကျောင်းကို ကျောင်းကောင်းလို့ ခေါ်ဆိုနိုင်ပါတယ်။ စာသင်ခန်းတွေက စာကိုချည်း တစာစာ သင်တာ မျိုးမဟုတ် ပန်းချီ၊ ဂီတ၊ စာပေအနုပညာတွေကို အချိုးညီညီ သင်ကြားပေးဖို့လိုပါတယ်။
အနုပညာက စိတ်ဓာတ်ကျွတ်ဆက် မာကြောမှုတွေ ယုတ်လျော့စေပြီး လူ့လောကထဲဝင်တဲ့အခါ အဆိုးလောကဓံတွေကို ကြံ့ကြံ့ခံနိုင်စွမ်းရှိစေမှာ ဖြစ်တယ်။ အခန်းဖော်သူငယ်ချင်းတွေနဲ့ အလုပ်ခွဲဝေယူပြီး မခိုမကပ်ဆောင်ရွက်တဲ့ အလေ့အကျင့် ကောင်းတွေက လူကြီးဖြစ်လာမယ့် ကလေးငယ်တွေကို အတ္တလျော့ပါးစေပါတယ်။
အတန်းသားအားလုံး ကျရာတာဝန်ကို မခိုမကပ် လုပ်ကြရမှာဖြစ်တယ်။ မတူတာတွေကို နားလည်ယှဉ်တွဲနေစေပြီး သ ဘောထားကြီး ရင့်ကျက်တဲ့အခြေအနေတွေ ဖန်တီးပေးကြရပါမယ်။ အချိန်စာရင်းမှာ အားကစားချိန် ထည့်သွင်းထားရှိပြီး အသင်းအဖွဲ့နဲ့ ကစားတဲ့အားကစားနည်းတွေ လွတ်လပ်ပေါ့ပါးစွာ ကစားခွင့်ရှိရပါမယ်။ အဲဒီလို ကျောင်းမျိုးကိုသာ ကျောင်း ကောင်းလို့ ခေါ်ဆိုနိုင်ပါတယ်။
အဲရစ်ဒဗလျူဂျွန်ဆင်ဆိုတဲ့ ပညာရေးသုတေသီကြီးက “ကျောင်းကောင်းဆိုတာ အဲဒီကျောင်းက ကျောင်းသားတွေ စာမေး ပွဲမှာ ဂုဏ်ထူး ဘယ်လောက်ထွက်တယ်။
ထိပ်တန်းကောလိပ်တွေမှာ ဘယ်လောက် ဝင်ခွင့်ရတယ်ဆိုတာနဲ့ မဆုံးဖြတ် ရ ဘူး။ ကျောင်းကောင်းဆိုတာ ကျောင်းသားရဲ့နဂိုကရှိတဲ့ အတိုင်းအတာထက် ဆိုင်ရာဘာသာရပ် အသီးသီးမှာ စိတ်ဝင်စား လာ အောင်၊ စိတ်စေတနာ တိုးတက်လာပြီး နောင်အခါ လောကအကျိုးပြု လူ့အဖိုးတန်တွေ ဖြစ်လာအောင် ဖန်တီးပေးတဲ့ ကျောင်းမျိုးကို ခေါ်တာပါ”တဲ့။
ကျနော်တို့ဆီမှာ ကျောင်းကောင်းတွေ မလွဲမသွေ လိုအပ်ပါတယ်။ နိုင်ငံက အခုမှ တည်ဆောက်နေဆဲ နိုင်ငံဖြစ်လို့ ကျောင်း ကောင်းတွေ လိုအပ်နေပါတယ်။ နိုင်ငံအနာဂတ်က လူငယ်တွေလက်ထဲမှာလို့ ယုံကြည်ရင် ကလေးတွေပညာရေးအတွက် ရင်းနှီးမြှုပ်နှံကြရပါမယ်။
ပညာရေးဆိုတာ အခု ရေတွင်းတူးလို့ ချက်ချင်း ရေကြည်ရေသန့် မရနိုင်ပါဘူး။ ပညာရေးဘက်ဂျက် အထိုက်အလျောက် များလာတာတော့ ဝမ်းသာစရာ ဖြစ်ပေမယ့် လိုအပ်ချက်တွေ များစွာရှိနေပါသေးတယ်။
စီမံခန့်ခွဲရေးနယ်ပယ်က ဂုရုကြီး ပီတာဒရပ်ကား Peter Drucker က ကျောင်းကောင်းရဲ့အဓိပ္ပာယ်ကို အခုလိုဖွင့်ဆိုရှင်း လင်းတယ်။
၁။ ကျောင်းတွေက အရင်က လူအင်အားသုံးတယ်။ အခု ငွေအင်အား သုံးရတော့မယ်။ ကွန်ပြူတာနဲ့ ခေတ်မီဆက်သွယ် ရေးစနစ်တွေ သုံးရမယ်။
၂။ ငယ်ရွယ်သူတွေသာ စာသင်ရတဲ့ခေတ်မဟုတ်တော့ဘဲ ကြီးသူငယ်သူအရွယ်စုံ သင်ယူနေတဲ့ကျောင်းတွေ ဖြစ်ဖို့လိုပါ တယ်။
၃။ သင်ကြားတဲ့ သင်ယူတဲ့နည်းတွေ ပြောင်းရုံသာမဟုတ်၊ အနှစ်သာရတွေပါ ပြောင်းလဲရပါမတဲ့။ သိပ္ပံမောင်ဝရေးတဲ့ “ရွာ့ ကျက်သရေ” ဆောင်းပါးထဲက ဆရာစောကျောင်းရဲ့ကျောင်းစာသင်ခန်း မြင်ကွင်းကို မှတ်မိကြမယ်ထင်ပါတယ်။
ပညာနည်းနည်း အာဏာနိုင်ငံရေးများများခေတ်မှာ ကျနော်တို့ တိုင်းပြည်သည်ပင်လျှင် ဆရာစောကျောင်းရဲ့စာသင်ခန်းနဲ့ မခြားပေ။ အခု ပညာဉာဏ် ကြီးစိုးရမယ့်ပညာခေတ်ကို ရောက်ပြီ။ ဆရာစောကတော့ သူ့ကျောင်းလေးထဲက နိုင်ငံတော် သမ္မတမထွက်ဟု ပြောနိုင်သလောဆိုပြီး မေးခွန်းထုတ်ထားပါတယ်။
အာဏာနိုင်ငံရေးကြီးစိုးတဲ့ကာလမှာ ဆရာစောကျောင်းက လွန်ရောကျွံရော နိုင်ငံတော်သမ္မတလောက်တော့ ထွက်မှာပေါ့။ အခုက ပညာကြီးစိုးတဲ့ကာလဆိုတာ မမေ့ကြဖို့ လိုပါတယ်။
ယခု၂၁ရာစုက ပညာခေတ်ဖြစ်ပါတယ်။ ပညာသည်သာ အခရာမို့ အရာရာမှာ ပညာဦးစီးပါမှ အဆင်ပြေပြေ ရပ်တည်နိုင် မှာပါ။
ကျောင်းကောင်းရှိတဲ့အရပ်ဒေသမှာ လေသည် အေး၍ပန်းသည် မွှေးပျံ့နေပါလိမ့်မည်။ ဘေးဘယာတွေလည်း ဝေးကွာပါ လိမ့်မည်။ တောင်တို့သည် ပျားရည် စိမ့်၍ မြစ်တို့သည် နို့ရည်စီးမည်။ အကြင် ကျောင်းကောင်းရှိသောအရပ်မှာ လူအများ သည် ချောမွေ့ပျော်ရွှင်ကြလိမ့်မည် မုချမလွဲ။