Single ဆိုတဲ့ တကိုယ်ရေသမားတွေရဲ့ အားသာချက် ၅ ချက်
ယနေ့ခေတ်ကာလ ပြည်တွင်းမှာလည်း Facebook အသုံးပြုမှု တိုးတက်လာခြင်းနဲ့ အတူ လူမှုဝန်းကျင်မှာ Single is the best လို့ ကောင်လေးတွေရော ကောင်မလေးတွေပါ ကြွေးကြော်လာကြတာ တွေ့ရသလို လေ့လာချက်တွေ အရ တယောက်တည်း တကိုယ်ရေ နေသူတွေဟာ စုံတွဲနဲ့ နေသူတွေထက် ပိုပြီး ကောင်းမွန်တဲ့ အားသာချက်တွေ ရှိတယ် လို့ ဆိုပါတယ်။ Single သမားတွေက ဘယ်လို အားသာချက်တွေ ပိုပါသလဲ။
(၁) Single သမားတွေဟာ ပေါင်းသင်းဆက်ဆံရေး ပိုမို ကောင်းမွန်ပြေပြစ်တယ်
ဟုတ်ပါတယ်၊ သူတို့ဟာ တခြား ချစ်သူတွေနဲ့ စုံတွဲတွေထက်ရော မင်္ဂလာဆောင်ပြီး လင်မယားတွေထက်ပါ ပေါင်းသင်း ဆက်ဆံရေး အပိုင်းမှာပိုမို အားကောင်းကြပါတယ်။ အဓိက အကြောင်းအရင်းကတော့ ကိုယ်ပိုင် အချိန်ရှိတာနဲ့ အတူ သူငယ်ချင်း မိတ်ဆွေတွေကို အချိန်ပိုပေးနိုင်တာကြောင့် အပေါင်းအသင်းတွေရဲ့ အလေးထား ချစ်ခင်မှုကို ပိုမို ရရှိတာ ဖြစ်ပါတယ်။
(၂) Single သမားတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာလည်း ပိုမို ကျန်းမာကောင်းမွန်ကြတယ်
လေ့လာချက်တွေ အရတော့ အသက် ၁၈ နှစ်ကနေ ၆၄ နှစ် အတွင်း Single သမားပေါင်း ၁၃၀၀၀ ခန့်ကို လေ့လာကြည့်ရာမှာ တကိုယ်ရေ သမားတွေဟာ စုံတွဲရှိသူတွေ ထက် အားကစားလေ့ကျင့်ချိန် ပိုမို ပေးခြင်း၊ ကျန်းမာအောင် နေထိုင်ခြင်းတွေ တွေ့ရသလို ၂၀၁၅ ခုနှစ် အတွင်းက Social Science and Medicine ဂျာနယ်မှာလည်း ဥရောပက လူဦးရေ ၄၅၀၀ အပေါ်မှာ လေ့လာချက်တွေ အရ Single သမားတွေဟာ ကိုယ်အလေးချိန်မှာရော ကျန်းမာမှုမှာပါ ပိုမို ကောင်းမွန်တာတွေ့ရတယ် ဆိုပါတယ်။
(၃) Single ဟာ အခြားသူတွေထက် ပိုမို သာလွန်တဲ့ လေ့လာတတ်မြောက်မှုတွေ ရှိကြတယ်
National Survey of Families and Households ရဲ့ လေ့လာချက်တွေအရ Single သမား ၁၀၀၀ နဲ့ စုံတွဲ ၃၀၀၀ အကြား လေ့လာချက်မှာကိုပဲ တကိုယ်ရေ သမားတွေဟာ ဘဝတိုးတက်မှုပိုင်းဆိုင်ရာမှာ အလေးပေးကြတာ တွေ့ရပါတယ်။ အဖွဲ့အစည်းက လေ့လာချက်မှာ အဓိက မေးခွန်း ၂ ခုကို စစ်ဆေးသွားပြီး Single သမားတွေက အဆိုပါ မေးခွန်း ၂ ခုလုံးကို လက်ခံနှစ်သက်ကြ တာပါ။ အဆိုပါ မေးခွန်းတွေကတော့ (၁) ဘဝဆိုတာ လေ့လာဖို့၊ ပြောင်းလဲဖို့၊ တိုးတက်အောင် ကြံစည်ဖို့ ဖြစ်တယ် (၂) ကျနော်တို့ဟာ ကမ္ဘာအတွက် အသုံးဝင်အောင်၊ ပြောင်းလဲ တိုးတက်နိုင်အောင် လုပ်ဆောင်သင့်တဲ့ သူတွေ ဖြစ်တယ် ဆိုတဲ့ အချက်တွေကို Single သမားတွေက ပိုမို လက်ခံကြသလို ကြိုးစား လုပ်ဆောင်နေကြ တာလည်း တွေ့ရပါတယ်။
(၄) Single အမျိုးသားတွေဟာ သဘောထားကြီးကြတယ်
ဒါပေမယ့် လက်ထပ်ပြီး ဒါမှမဟုတ် ချစ်သူရပြီးရင် သဘေားထားသေးလာတတ်တယ်။ DePaulo ဆိုတဲ့ လေ့လာသူ တဦးက အမေရိကန်မှာ ၁၉၈၇-၈၈ ခုနှစ်ကနေ နောက်ပိုင်း ၅ နှစ် ကာလလောက်ထိ အမျိုးသားတွေရဲ့ သူတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပတ်သတ်ပြီး ငွေသုံးစွဲမှုရော ဆွေးမျိုးတွေဆီကို ထောက်ပံ့မှုတွေကိုပါ လေ့လာ မှတ်တမ်း တင်ခဲ့ပါတယ်။
ပထမဆုံး အိမ်ထောင်ကျသွားတာနဲ့ ပျမ်းမျှ ဒေါ်လာ ၁၈၇၅ လောက်ပဲ အသုံးပြု ထောက်ပံ့တော့တာ တွေ့ရပြီး ဒီပမာဏက အခြားသူတွေရဲ့ အသုံးနှုန်းထက် လျော့နည်းတာလည်း ဖြစ်ပါတယ်။ ကွာရှင်းမှု တခုခု ရှိခဲ့သူတွေ ကတော့ အဆိုပါ နှုန်းထက် ပိုပြီး အသုံးပြုလာတာ တွေ့ရပါသတဲ့။ အကယ်၍ နောက်တကြိမ် အိမ်ထောင်ပြုလိုက်ချိန်မှာတော့ ဝင်ငွေကို သူငယ်ချင်းနဲ့ ဆွေမျိုးတွေ အတွက် အသုံးပြုမှု ပြန် နည်းသွားတာလည်း တွေ့ရပါတယ်။ ဒီလိုနဲ့ DePaulက Singled Out စာအုပ်မှာ Single သမားတွေဟာ သူငယ်ချင်းနဲ့ ဆွေမျိုးတွေကို ပိုမို ထောက်ပံ့ပေးကမ်းမှုတွေ ရှိပြီး လူချစ်လူခင် ပိုတယ် လို့ ရေးသားထားတာ တွေ့ရပါတယ်။
(၅) Single သမားတွေဟာ အချိန်ပို ရရှိတတ်ပြီး စုံတွဲတွေထက် အချိန်ကို အကျိုးရှိအောင် ပိုသုံးတတ်ကြတယ်
စိတ်ပညာရှင် Amy Morin ရဲ့ အဆိုအရ စိတ်ကျန်းမာရေး ပိုင်းမှာ Single သမားတွေက စုံတွဲရှိသူတွေထက် ပိုမို စိတ်ခိုင် ပျော်ရွှင်အောင် နေတတ်တယ် လို့ ဆိုပါတယ်။ တကိုယ်ရေသမားတွေမှာ အချိန်ပိုတွေ ရှိကြတယ်၊ ဒါပေမယ့် သူတို့ဟာ အဲဒီ အချိန်ပိုတွေနဲ့ သူတို့ ဘဝကို ပိုကောင်းအောင် ဖန်တီးလေ့ရှိတယ် လို့ ဆိုပါတယ်။ အခြား လေ့လာချက် တခုမှာလည်း တကိုယ်ရေ အတွေးနဲ့ နေထိုင် လုပ်ဆောင်မှုဟာ ပိုမို ကောင်းမွန်တဲ့ ဖန်တီးမှုတွေကို လုပ်ဆောင်နိုင်ကြတယ် လို့ တွေ့ရှိရတာပဲ ဖြစ်ပါတယ်။
Ref: www.businessinsider.com