“ပန်းရဲ့လမ်း” အဖွဲ့ရဲ့ Band Leader တဦးဖြစ်သူ ကိုသားထွေးဟာ ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ မနက် ၆နာရီ၊ ၅၅ မိနစ်က ရန်ကုန်မြို့၊ အောင်ရတနာဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ကွန်လွန်သွားပြီ ဖြစ်ပါတယ်။ ကိုသားထွေးဟာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
“အသည်းရောဂါနဲ့ ဆုံးသွားတာပါ။ ရောဂါစဖြစ်ကတည်းက တနှစ်အတွင်း အောင်ရတနာဆေးရုံမှာ ဆင်းလိုက် တက်လိုက်နဲ့ပေါ့။ အခု တခေါက်တက်တာကတော့ ၁ လ နီးပါး ကြာတယ်။ အန်တီအိမ်တောင် လုံးဝ မပြန်တဲ့ သူ့အနားမှာပဲ သူ့ကိုပြုစုခဲ့တယ်။ အစဖြစ်တာက ဗိုက်အောင့်တယ်ဆိုပြီး ဆေးရုံသွားလိုက်တော့ သည်းခြေကျောက် တည်တယ်ဆိုပြီး ခွဲလိုက်တယ်။ ပြီးတော့ C ပိုး ထပ်တွေ့တယ်။ ကိုယ်ခံအားကတော့ ကျကျသွားတယ်”
“ဝမ်းတွေသွားပြီး ဗိုက်ခွဲပြီး သည်းခြေလည်း ထုတ်လိုက်တော့ အသည်းက သိပ်အလုပ်မလုပ်နိုင်တော့ဘဲ ဝမ်းသွားလိုက် ရပ်လိုက်နဲ့။ နည်းနည်းနေမကောင်းရင် ဆေးရုံတက်လိုက် ပြန်ဆင်းလိုက် သူလုပ်ချင်တာလေးတွေ လုပ်လိုက်နဲ့။ နောက်ဆုံး သမ္မတကြီး ဦးဝင်းမြင့် ညစာစားပွဲတောင် တက်ခဲ့တယ်”လို့ ဇနီးဖြစ်သူ ဒေါ်မာလာဝင်းက ပြောပါတယ်။
ကိုသားထွေးရဲ့ အရိုးပြာကို ကွယ်လွန်သူ “ပန်းရဲ့လမ်း” အဖွဲ့ဝင်တဦးဖြစ်တဲ့ အဆိုတော် ဦးရဲလွင်ရဲ့ ဂူနားမှာ ထားချင်ပေမယ့် မြေနေရာ အဆင်မပြေဘူးလို့လည်း သူကဆိုပါတယ်။
“နိုဝင်ဘာ ၈ ရက်နေ့ ၂နာရီ သြင်္ဂိုဟ်သွားမယ်။ အရိုးပြာကို ဂူသွင်းမယ်။ ကျမက အရိုးပြာကို ဂူသွင်းဖို့ မြေနေရာကို ကြည့်နေတယ်ပေါ့။ ဦးရဲလွင်ရဲ့ ဘေးနားမှာ ရဖို့အတွက် ဦးရဲဆိုတာ ကိုယ်တွေနဲ့ အဖေလိုလည်း ဖြစ်တယ်။ သူနဲ့ဆို ဆရာလိုရော အစ်ကိုလို ရော ဖြစ်နေတော့ သူတို့ကို တူတူလေး နေစေချင်တာပေါ့။ အခုက ဦးရဲလွင်ရဲ့ အနားမှာ မရနိုင်ဘူး။ အလှမ်းနည်းနည်း ဝေးမယ်တော့ ပြောတယ်။ မနက်ဖြန်တော့ သွားပြန်ကြည့်ရဦးမယ်”
“ကိုသားထွေးကို အကုန်လုံးငွေကြေးတွေ ဘာတွေကို တော်တော်များများ ကူညီပေးကြတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဆေးရုံတက်နေတုန်းက စိုးလျှပ်စစ်ကနေ သိန်း ၅၀ ကူညီပေးတယ်။ အဲ့အတွက် အကုန်လုံးကို အရမ်းကျေးဇူးတင်ပါတယ်”လို့ ဒေါ်မာလာဝင်းက ပြောပါတယ်။
ကိုသားထွေးဟာ ကွယ်လွန်ချိန်မှာတော့ အသက် ၅၆ နှစ်ရှိနေပြီ ဖြစ်ပါတယ်။