ကမ္ဘာ့အပြေးမြန်ဆုံး တာတိုအပြေးသမား အူစိန်ဘော့ဟာ မွေးနေ့ပွဲ ကျင်းပအပြီးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ဆေးစစ်ချက် ထွက်လာပါတယ်။
အိုလံပစ် ရွှေတံဆိပ် ၈ ခု ရထားတဲ့ ကမ္ဘာ့စံချိန်တင် အပြေးသမား ဘော့ရဲ့ ၃၄ နှစ်မြောက် မွေးနေ့ပွဲအပြီးမှာ ဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာပါ။ အခုတော့ သူ့ရဲ့ ဂျမေကာက အိမ်မှာ တယောက်တည်း သီးသန့် ခွဲထွက်နေတယ်လို့ ဆိုပါတယ်။
အပြေးပြိုင်ပွဲ မီတာ ၁၀၀ နဲ့ ၂၀၀ တွေမှာ ကမ္ဘာ့စံချိန် တင်ထားတဲ့ အူစိန်ဘော့ တယောက် COVID-19 ရောဂါ ကူးစက်ခံထားရတယ်လို့ ဂျမေကာ ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြု ပြောကြားထားပါတယ်။ ဘော့ ကိုယ်တိုင်လည်း သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကတဆင့် ရောဂါ ကူးစက်ခံရကြောင်း ပြောထားတဲ့ ဗီဒီယို တင်ခဲ့ပါတယ်။
“စိတ်ချရအောင် တကိုယ်တည်း သီးသန့် ခွဲထွက်နေပါတယ်။ ကျနော့် ပရိသတ်တွေလည်း ကျန်းမာရေးဂရုစိုက်ကြပါ” လို့ ဗီဒီယိုထဲမှာ အိပ်ယာထဲ လဲနေရင်း ပြောသွားခဲ့ပါတယ်။
အိုလံပစ်ပြိုင်ပွဲတွေမှာ မီတာ ၁၀၀ ၊ ၂၀၀ ရွှေ တံဆိပ်ဆုတွေကို ၂၀၀၈ ၊၂၀၁၂၊ ၂၀၁၆ ခုနှစ်ထိ ၃ ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ ဘော့ဟာ ဆေးစစ်မှသာ COVID-19 ကူးစက်ခံရကြောင်း သိရှိခဲ့ရပြီး ရောဂါလက္ခဏာ ပြတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဘော့ရဲ့ အသက် ၃၄ နှစ်ပြည့် မွေးနေ့ကို သြဂုတ် ၂၂ ရက်နေ့က ကျင်းပခဲ့ပြီးနောက် ဆေးစစ်ခဲ့ရာ ရောဂါ ကူးစက်ခံရထားရကြောင်း တွေ့ခဲ့ရတာပါ။ မွေးနေ့ပွဲမှာတော့ ဂျမေကာ ရက်ဂေးအဆိုတော် Koffee နဲ့အတူ ပါတီပွဲ နွှဲခဲ့ကြပါတယ်။ မေလတုန်းက မွေးခဲ့တဲ့ သမီးလေး Olympia ကို ချီထားပြီး “လုံးဝ အမှတ်တရအဖြစ်ဆုံး မွေးနေ့ပွဲပါပဲ”လို့ ရေးပြီး Instagram အကောင့်မှာ တင်ခဲ့ပါသေးတယ်။
ပရိသတ်တွေကလည်း အူစိန်ဘော့ ရောဂါကူးစက်ခံရတာကို သိရှိပြီးနောက် ဆိုရှယ် မီဒီယာတွေကတဆင့် “ဂျင်းပြုတ်ရည် သောက်ပါ” စတဲ့ အကြံပြုစကားတွေနဲ့ နေပြန်ကောင်းအောင် ဆုတောင်းပေးခဲ့ကြသူတွေ ရှိသလို နောက်ထပ် တယောက်ကတော့ “No social distance, No masks” လို့ရေးပြီး အူစိန်ဘော့ရဲ့ မွေးနေ့ပါတီ ဆင်နွှဲနေတဲ့ ဗီဒီယိုကို တင်ထားတာလည်း တွေ့ရပါတယ်။
ပါတီပွဲကို အင်္ဂလန် အမျိုးသားဘောလုံးအသင်းနဲ့ မန်ချက်စတာစီးတီး အသင်းမှာ ကစားနေတဲ့ Raheem Starling လည်း တက်ရောက်ခဲ့တာကြောင့် အခုတော့ တကိုယ်တည်း သီးသန့် ခွဲထွက်နေတယ်လို့ ဆိုပါတယ်။
ဂျမကာနိုင်ငံမှာ ယခင်က တနေ့ကို ကူးစက်သူ ၁၀ ယောက်အောက်ပဲ ရှိခဲ့ရာကနေ ယခု အပတ်ကစလို့ တနေ့ကို COVID-19 ကူးစက်ခံရသူ ပျမ်းမျှ ၆၀ ကျော်လာပြီလို့ ထုတ်ပြန်ထားပါတယ်။ လက်ရှိမှာ စုစုပေါင်း ကူးစက်ခံထားရသူ ၁,၆၁၂ ဦးရှိပြီး သေဆုံးသူ ၁၆ ဦးရှိကာ ရောဂါပြင်းထန်သူ ၆၀၀ ကျော်လောက်ကို ကုသပေးနေရပါတယ်။
Ref: Aljazeera
You may also like these stories:
ကလေးတွေဆီကလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနိုင်သလား
နိုင်ငံတကာခရီးသွား ဝင်ရောက်ခွင့်ပြုမယ့် အစီအစဉ် အင်ဒိုနီးရှား ပြန်သုံးသပ်
ကိုဗစ်ကူးစက်မှု အသစ်တွေကြောင့် အီတလီမှာ မဖြစ်မနေ Mask တပ်ဖို့ အမိန့်ထုတ်