ခေတ်အဆက်ဆက် ထင်ရှားခဲ့တဲ့ အနုပညာရှင်တိုင်းဟာ ပြည်သူလူထုကို မျက်စိဖွင့် နားဖွင့်ပေးနိုင်တဲ့ အနုပညာရပ် တွေကို ပုံသဏ္ဌာန်မျိုးစုံ၊ အကြောင်းအရာ မျိုးစုံ ဖန်တီး ပုံဖော်ပေးခဲ့ကြ ပါတယ်။ အနုပညာလောက နယ်ပယ် အသီးသီးကနေ သူ့နယ်ပယ် အလိုက် လူထုကို အလျင်မြန်ဆုံး ထွင်းဖောက်ရောက်ရှိ နိုင်တာကတော့ ဂီတသံစဉ်တွေနဲ့ ရစ်ဖွဲ့ထားတဲ့ အကျိုးပြု သီချင်းတွေပဲ ဖြစ်မယ် ဆိုရင် လွန်မယ် မထင်ပါဘူး။ ဆရာကြီးမြို့မငြိမ်း ဖန်တီးရေးစပ်ခဲ့တဲ့ လူချွန်လူကောင်း အကျိုးပြုသီချင်းဟာ ခုချိန်ထိ လူထုကို အကျိုးပြု နေဆဲပဲ ဖြစ်ပါတယ်။
လူထုရဲ့ စိတ်ဓာတ်ကို မြင့်မားလာအောင် ဇာတိသွေး၊ ဇာတိမာန် တက်ကြွလာအောင် မေတ္တာ ကရုဏာ သက်ဝင်လာ အောင် လှုပ်နှိုးနိုင်တဲ့သီချင်းတွေဟာ ခေတ်အဆက်ဆက် လူငယ်များရဲ့ ဉာဏ်အလင်းကို ထွန်းညှိ ပေးနိုင်ခဲ့ပါတယ်။ အဲဒီလို ခေတ်အဆက်ဆက် ပေါ်ထွက်လာခဲ့တဲ့ အများကြီး ရှိလှတဲ့အထဲမှာမှ ဒီဘက်ခေတ် လူငယ်များနဲ့ အလွမ်းသင့် တဲ့ အကျိုးပြု သီချင်းကောင်းလေးတွေကို ထုတ်နုတ် တင်ပြ လိုက်ပါတယ်။
ပထမဆုံး ထူးအိမ်သင်ရဲ့ နာရီပေါ်က မျက်ရည် စက်များအခွေထဲက ကျေးလက်သီချင်း ဆိုတဲ့ အကျိုးပြုသီချင်းကို ပရိသတ် တော်တော်များများ နားရည်ဝပြီး ဖြစ်ကြမှာပါ။ အဲဒီသီချင်းဟာ ထူးအိမ်သင်ရဲ့ အကျိုးပြု သီချင်းတွေထဲက ထူးခြားတဲ့ သီချင်းတပုဒ် ဖြစ်ပြီး သီချင်းခေါင်းစဉ်နဲ့ လိုက်ဖက်အောင် ကျေးလက်ဂီတ ပုံစံမျိုး ဖန်တီးထားတာ ဖြစ်ပါ တယ်။ ဂီတပုံစံအားဖြင့် ရိုးရှင်းပေမယ့် ကျေးလက်ဆန်တဲ့ ဂီတအငွေ့အသက်နဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စကားလုံး အကြောင်းအရာ ကြောင့် တန်ဖိုးရှိတဲ့ သီချင်းကောင်းတပုဒ် ဖြစ်လာရခြင်းပဲ ဖြစ် ပါတယ်။
ဂီတပါရမီ အားကောင်းတဲ့ ထူးအိမ်သင်ဟာ ရိုးရှင်းလှတဲ့ သီချင်းတပုဒ်ကို ဆန်းသစ်အောင် ဖန်တီး သီဆိုနိုင်သူတဦး ဖြစ်ကြောင်း သီချင်းမှာ မြင်တွေ့နိုင်မှာ ပါ။ စကားလုံး အသုံးပြုတဲ့ နေရာမှာလည်း ကျစ်ကျစ် လျစ်လျစ်နဲ့ ထိထိမိမိ ရှိအောင် ရေးဖွဲ့နိုင်သူတယောက် ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီသီချင်းဟာ အကျိုးပြု သီချင်းကောင်းတပုဒ် ဖြစ်လာရခြင်းပါပဲ။
ဒီသီချင်းလေး ကိုနားထောင်ဖြစ်တဲ့အခါ ကျေးလက်တောရွာက ပြည်သူတွေ အပေါ်ထားရှိတဲ့ ဆရာ ဆရာမတွေရဲ့ မွန်မြတ်တဲ့ စိတ်ထားကို လေးစားအားကျဖွယ် မြင်သာထင်သာ စေလာမှာ ဖြစ်သလို၊ ကျေးလက်ပြည်သူလူထု စာတတ် မြောက်ဖို့ အတွက်လည်း စိတ်ဓာတ်ခွန်အား ရစေတဲ့ အကျိုးပြု သီချင်းကောင်းတပုဒ်လို့ ဆိုနိုင်ပါလိမ့်မယ်။
နောက်ထပ် ညွှန်းချင်တာက လင်းလင်းရဲ့ သံမဏိလိပ်ပြာ သီချင်းပဲ ဖြစ်ပါတယ်။ သီချင်းဟာ ဒေါ်အောင်ဆန်းစုကြည် ကို ရည်ညွှန်းရေးဖွဲ့ထားတာ ဖြစ်တယ် လို့ ပြောကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်လို စိတ်ဓာတ်မျိုး ရှိတဲ့ လူတွေ ပေါ်ထွက်လာစေဖို့ တွန်းအားပေးတဲ့ သီချင်းကောင်းတပုဒ်လို့ ယူဆလို့ရနိုင်ပါတယ်။
လင်းလင်းဟာ သီချင်းရေးအား ကောင်းသူတဦး ဖြစ်သလို သူ Album တွေတိုင်းမှာ လူငယ်တွေ အတွက် အကျိုးပြု သီချင်းကောင်းလေးတွေ အမြဲတမ်း တီထွင်ဖန်တီးလေ့ ရှိပါတယ်။ အခုသံမဏိလိပ်ပြာ သီချင်းဟာလည်း လင်းလင်းရဲ့ အနုပညာ ပါရမီ အားကောင်းပုံကို မီး မောင်းထိုးပြထားပါတယ်။
“စစ်မှန်တဲ့ တရား ခေါင်းမှာ ထည့်ပြီး တွေးပါ သူအမြဲပြောပါတယ်” “မေတ္တာလေနဲ့ အသက်ကို ရှူပြီး သွားပါ သူအမြဲ ပြောပါတယ်” “သစ္စာ ရေသောက် ဘဝတည်ဆောက်ပြီး လျှောက်ပါ သူအမြဲ ပြောပါတယ်” စတဲ့ စကားလုံး အသုံး အနှုန်းတွေက Melodic ဖြစ်လှတဲ့ သံစဉ်တွေ ကြားမှာ လူတယောက်မှာ ထားရှိသင့်တဲ့ စိတ်နေ စိတ်ထားတွေ ထားတတ် လာအောင် လမ်းပြပေးနေတာ တွေ့ရပါတယ်။
“အမှားကို ပြင်ဖို့ ခက်ထန်မာတဲ့ အားအင်တွေ အပြည့် ရှိပါတယ်၊ လဲသူကိုကမ်း လက်တစုံဟာလည်း မေတ္တာတွေနဲ့ မွမ်းမံချယ်၊ တို့တတွေရဲ့ လမ်းမမှားအောင် ညွှန်မယ့် ကမ္ဘာ့အလယ်က သံမဏိလိပ်ပြာလေး ပါကွယ်” ဆိုတဲ့ စကားလုံး တွေရဲ့ အဓိပ္ပာယ်ဟာလည်း ခိုင်မာ တည်ကြည်တဲ့ စိတ်ထားနဲ့ တယောက်နဲ့ တယောက် မေတ္တာတရားနဲ့ ကူညီ ဖေးမ ကြဖို့ လူငယ်တွေ လမ်းမှား မရောက်အောင် လမ်းပြပေးနိုင်သူ တယောက်ဖြစ် အောင်ကြိုးစားဖို့၊ လူသားတယောက်ရဲ့ ကောင်းမြတ်တဲ့ စိတ်ထားတွေကို မွေးမြူတတ် လာအောင် ရေးဖွဲ့ထားပုံ ကလည်း နှစ်သက်စရာကောင်းလှပါတယ်။
ဒါ့အပြင် “ဒါဟာ အမှန်တရား …” ဆိုတဲ့ Chorus အပိုဒ်ရဲ့ စကားလုံးဟာလည်း Verse အပိုဒ်ရဲ့ စကားလုံးတွေနဲ့ Harmony ဖြစ်စွာ ချိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်း ရေးဖွဲ့ထားတာလို့ ဆိုပေမယ့် ဒီနိုင်ငံ မှာ ရှိတဲ့ လူတိုင်းနဲ့လည်း သက်ဆိုင်နေတဲ့ အကျိုးပြု သီချင်းကောင်း တပုဒ်လို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။
လူငယ်တွေကို စိတ်ဓာတ်ခွန်အားနဲ့ အားပေးနေတဲ့ သီချင်း နောက်တပုဒ် ကတော့ လေးဖြူရဲ့ “ဒိုင်ယာရီ” Album ထဲက “ယုံကြည်ရာ” ဆိုတဲ့သီချင်းပဲ ဖြစ်ပါတယ်။ လူငယ်တွေ တော်တော်များများ ကြိုက်နှစ်သက်ကြတဲ့ သီချင်းလို့ ဆိုရင်လည်း မမှားပါဘူး။ “ရှုံးနိမ့်မှုတွေ များစွာ နှိပ်စက်နေ သောကမီးတောက်ကြားမှာ လှောင်ပိတ်လို့” ဆိုတဲ့ နိမိတ်ပြ စကားလုံးတွေရဲ့ အားကောင်းမှု နဲ့အတူ ဘဝမှာ ဘယ်လို ရှုံးနိမ့်မှုမျိုးပဲ တွေ့တွေ့ ကိုယ်ယုံကြည်တဲ့လမ်းကို တစိုက်မတ် မတ် လျှောက်နိုင်ဖို့ ခွန်အားပေးထားတဲ့ သီချင်းတပုဒ် ဖြစ်တာကြောင့် ခေတ်အဆက်ဆက် လူငယ်တိုင်း အတွက် အကျိုးပြုနိုင်မယ့် သီချင်းကောင်းလေး တပုဒ်ပဲ ဖြစ်ပါတယ်။
အခုလို အချိန်အခါမျိုးမှာ ဖြစ်ပျက်နေတဲ့ အကြောင်း အရာတွေနဲ့ ကိုက်ညီနေတဲ့ နောက်ထပ် သီချင်းလေး တပုဒ် ကတော့ “120 Mph” သီချင်းပဲ ဖြစ်ပါတယ်။ ဒီသီချင်းဟာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်းမှာ သေကြေ ပျက်စီးခဲ့ရတဲ့ လူသားတွေ အတွက် စာနာစိတ်နဲ့ ရေးဖွဲ့ထားတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
9 Plantnet အဖွဲ့သားတွေ ဖြစ်ကြတဲ့ Idiot’s တို့ Wanted တို့ Reason တို့ Drive တို့လို လူငယ်တွေ စုပေါင်းဖန်တီး သီဆိုထားတဲ့ Group Song တပုဒ်ဖြစ်ပြီး လူသားအချင်းချင်း ဒုက္ခရောက် နေချိန်မှာ မေတ္တာကရုဏာ တရား နှလုံးသွင်းပြီး တဦးပေါ် တဦး ရိုင်းပင်းကူညီသင့်တဲ့ စေတနာစိတ် ထားသင့် ကြောင်းကို ဖန်တီးရေးဖွဲ့ထားတဲ့ အကြောင်း အရာမျိုးပဲ ဖြစ်ပါတယ်။
အခုလို ရေဘေးသင့် ပြည်သူတွေကို ကရုဏာ လက်ကိုင်ထားပြီး တတ်နိုင်တဲ့ဘက်က တတပ်တအား ပါဝင်ကူညီ ထောက်ပံ့ နေကြတဲ့ အချိန်မှာ ဒီ 120 Mph သီချင်းဟာလည်း လူသားတွေရဲ့ မေတ္တာ နဲ့ ကရုဏာတရားကို လင်းလက် လာစေမယ့် အကျိုး ပြုသီချင်းကောင်းလေးဆိုတာ အမှန်ပါပဲ။
အထက်မှာ ပြောခဲ့သလိုပဲ အနုပညာရှင် နယ်ပယ်အသီးသီးမှာ ပြည်သူလူထုကို အကျိုးပြုတဲ့ အနုပညာတွေ အများကြီး ရှိပေမယ့် အခုလို အကျိုးပြု သီချင်းလေးတွေကို ရွေးထုတ်ပြရတာက ပြည်သူတွေ အတွက် တကယ်ကို လိုအပ်တဲ့ အကျိုးပြု သီချင်း ကောင်းလေးတွေ ထပ်မံပေါ်ထွက်လာစေလိုတဲ့ ဆန္ဒအပြင် အခုလိုအကျိုးပြု သီချင်းကောင်းလေး တွေကို စုစည်းပြီး Album တချပ်အဖြစ် ဖန်တီးနိုင်ကြစေဖို့ ရည်ရွယ်ရင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။