နိုင်ငံတကာ ရေဆေးပန်းချီပွဲတော် ရန်ုကုန်တွင် ကျင်းပ
နိုင်ငံတကာ ရေဆေးပန်းချီပွဲတော် (IWF) ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ပြီး ပန်းချီရေးဆွဲသူပေါင်း ၁၀၀ ကျော် ပါဝင်ပြသကြသည်။
ဇန်နဝါရီလ ၂၉ ရက်က စတင်သော လေးရက်ကြာ ကျင်းပသည့် “Peaceful Golden Heritage” ပွဲတော်တွင် IWS အဖွဲ့ဝင် နိုင်ငံပေါင်း ၉၃ နိုင်ငံမှ ပန်းချီဆရာများ၏ လက်ရာ ရာပေါင်းများစွာကို ပြသခဲ့သည်။
အနုပညာ၊ ရေဆေးပန်းချီနှင့် ငြိမ်းချမ်းရေး တို့ကို အားပေးရန် နိုင်ငံတကာ ရေဆေးပန်းချီအသင်း (IWS) ထိုပွဲတော်ကို အာဖရိက၊ အာရှ နှင့် ဥရောပတို့တွင် လွန်ခဲ့သောနှစ်အနည်းက ကျင်းပခဲ့သည်။
“ ဒီပွဲတော်က တဆင့် နိုင်ငံတကာက အနုပညာရှင်တွေနဲ့ မြန်မာနိုင်ငံက အနုပညာရှင်များအကြား ခိုင်မာတဲ့ခင်မင်မှုကို ကျနော်တို့ ဖန်တီးပေးချင်တယ်။ ပြီးတော့ ကျနော်တို့လည်း တခြားအနုပညာရှင်တွေရဲ့လက်ရာတွေကို လေ့လာခွင့်ရပါတယ်” ဟု IWS Myanmar အကြီးအကဲ ပန်းချီဆရာ မင်းဝေအောင်က ရန်ကုန်ရှိ စထရမ်းဟိုတယ်တွင် ကျင်းပသည့် ပွဲတော်ဖွင့်ပွဲတွင် ပြောသည်။
ဖွင့်ပွဲတွင် ပန်းချီဆရာပေါင်း ၉၀ ခန့်က ၎င်းတို့တဦးချင်း ပန်းချီဟန်များဖြင့် ပရိသတ်ရှေ့တွင် ၆၃ မီတာရှည်သည့် ကင်းဗတ်တွင် အဓိကအားဖြင့် ရှုခင်းပုံများကို အတူတကွ စုပေါင်းရေးဆွဲကြသည်။ အဖမ်းစားဆုံးလက်ရာမှာ ပြည်တွင်း ပန်းချီဆရာများဖြစ်သည့် အာကာမျိုး၊ အောင်ထက်မင်းနှင့် ရဲရင့်မြင့်နိုင်တို့၏ ရန်ကုန်ရှိ မဟာဗန္ဒုလပန်းခြံ လက်ရာဖြစ်သည်။

“အခုလိုလုပ်ဖို့ ကျနော်တို့ သုံးယောက်ပြောမိပြီး လုပ်လိုက်တာ တော်တော်လေး အဆင်ပြေသွားတယ်” ဟု အာကာမျိုးက ပြောသည်။
“ဒီလို တိုက်ရိုက်ရေးဆွဲရတာက IWF တိုင်းမှာ ပါတယ်။ အတွေ့အကြုံသစ် ရတာပေါ့။ ကျနော်တို့အားလုံး တနေရာတည်းမှာ အတူရေးဆွဲရတာ အားလုံးဆက်စပ်သွားသလို ခံစားရတယ်။ စိတ်လှုပ်ရှားစရာ ပျော်စရာကောင်းပါတယ်” ဟု အောင်ထက်မင်းကလည်း ဆိုသည်။
“ကျနော်လည်း တချိန်တည်းမှာ စိတ်လှုပ်ရှားပြီး ပျော်နေတယ်။ နိုင်ငံတကာက ပန်းချီဆရာတွေ ရေးဆွဲနေချိန်မှာ အနီးကပ် လေ့လာခွင်လည်း ရတယ်။ ပြီးတော့ လူတွေက ကျနော်တို့ကို ဝိုင်းကြည့်နေတော့ ကျနော်တို့က လက်ရာပိုကောင်းအောင် အားထုတ်ရတယ်” ဟု အာကာမျိုးပြောသည်။
ထိုပွဲတော်သည် မြန်မာနိုင်ငံနှင့် ပြည်သူများအကြောင်း အခြားနိုင်ငံများမှ အနုပညာရှင်များ ပိုမိုနာလည်အောင် အထောက်အကူပြုသည်ဟုလည်း အောင်ထက်မင်းပြောသည်။
“တခြားနိုင်ငံတွေနဲ့ ပန်းချီပညာလည်း ဖလှယ်လို့ရတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ နိုင်ငံတကာအဆင့်မီ ရေဆေးပန်းချီပွဲဖြစ်တဲ့အတွက် ရေဆေးပန်းချီဆရာတွေအတွက် ကြီးမားတဲ့အခွင့်အလမ်းလည်းဖြစ်တယ်” ဟု သူပြောသည်။
ပွဲတော်တွင် ပါဝင်သူများသည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မန္တလေးတိုင်းသို့ထွက်ခွာပြီး ပုဂံရှိ ရှေးဟောင်း သာသနိက အဆောက်အအုံများနှင့် ပုပ္ပါးတောင်များတွင် ပန်းချီရေးဆွဲကြသည်။
“ဒါ မြန်မာနိုင်ငံကို ပထမဆုံးရောက်ဖူးတာ၊ အရမ်းလှတဲ့နိုင်ငံပဲ။ ပွဲတော်နဲ့အတူ ဒီကိုလာရတာ အရမ်းပျော်တယ်” ဟု ဟောင်ကောင်မှ ဟောင်ရှန်းက ပြောသည်။
“မြန်မာနိုင်ငံမှာ ပန်းချီလုပ်ငန်းက ကိုရီးယားလို အခြားအာရှမြို့ကြီးတွေထက် ပိုမိုကြီးမားတယ်။ ဒါကြောင့် အရမ်းဝမ်းသာပြီး ပွဲတော်အတွင်းမှာ ပန်းချီဆရာကြီးတွေ အများကြီးတွေ့ရတယ်။ တခြား IWFs တွေမှာလည်း သူတို့ကို တွေ့ဖို့မျှော်လင့်တယ်” ဟုလည်း သူပြောသည်။
ထိုပွဲတော်ကို အများပြည်သူအနေဖြင့် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ စထရမ်းဟိုတယ် ခန်းမဆောင်တွင် ယနေ့ သောကြာနေ့အထိ ကြည့်ရှုနိုင်သည်။
(Lwin Mar Htun ၏ International Watercolor Festival Comes to Yangon ကို ဘာသာပြန်သည်။)