ဒါရိုက်တာ John Krasinski ရိုက်ကူးပြီး Paramount Pictures ရုပ်ရှင်ထုတ်လုပ်ရေးကနေ ဖြန့်ချိတဲ့ “A Quiet Place” ရုပ်ရှင်ဟာ ပြီးခဲ့သီတင်းပတ်ကုန်ပိုင်း မြောက်အမေရိကဒေသ ရုံဝင်ငွေစာရင်းမှာ ထိပ်ပိုင်းကို ရောက်ရှိခဲ့တာ တွေ့ရပါတယ်။
ရုပ်ရှင်ရုံပေါင်း ၃၅၀၈ ရုံမှာ ခန့်မှန်းချေ အမေရိကန် ဒေါ်လာ ၅၀ ဒဿမ ၃ သန်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် အတွင်း မှာတော့ ပြီးခဲ့ဖေဖော်ဝါရီလမှာ ရုံဝင်ငွေ ကန် ဒေါ်လာ ၂၀၂ သန်းနဲ့ ပွဲဦးထွက်ခဲ့တဲ့ “Black Panther” ရုပ်ရှင် နောက်ပိုင်း ဒုတိယမြောက် ပွဲဦးထွက်ရုံဝင်ငွေ အမြင့်ဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။
South by Southwest (SXSW) ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပြီးကတည်းက “A Quiet Place” ရုပ်ရှင်ဟာ စိတ်ဝင်တစား ထောက်ခံတဲ့ သုံးသပ်ချက်တွေ ရရှိခဲ့တာပါ။ လက်ရှိမှာတော့ Rotten Tomatoes မှာ ၉၇ ရာခိုင်နှုန်းနဲ့ CinemaScore မှာ B+ အဆင့် သတ်မှတ်ခံထားရပါတယ်။
comScore မှ မီဒီယာလေ့လာသူ Paul Dergarabedian က “ပြီးခဲ့တဲ့နှစ် ရုံဝင်ငွေ စာရင်းမှာ ဒေါ်လာ ၁ ဘီလီယမ် ရရှိခဲ့တဲ့ မြောက်အမေရိကမှ သည်းထိတ်ရင်ဖိုရုပ်ရှင်အမျိုးအစားအတွက် နာမည်ဆက်လက်ကျော် ကြားနေလိမ့်ဦးမယ်လို့ ခန့်မှန်းထားတာထက်ပိုမိုကြီးမားတာပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Paramount ရဲ့ပြည်တွင်း ဖြန့်ချိရေးဥက္ကဌ Kyle Davies က ရုပ်ရှင်ရဲ့ အောင်မြင်မှုဟာ SXSW ပွဲတော်နောက် ပိုင်း အကောင်းမြင် ပြောကြားမှုတွေကြောင့် ရရှိတာဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ Davies က “ဘယ်တော့မှမရပ်တန့်ခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲကို အရှိန်အဟုန် တော်တော်များများနဲ့ ဝင်ရောက်ခဲ့တာ ရှိပါတယ်၊ John Krasinski ဟာ ရိုးရှင်းတဲ့ ဇာတ်လမ်းတခုနဲ့အတူ အံ့သြဖွယ် ဒါရိုက်တာ တဦးအနေနဲ့ ထွက်ပေါ်လာခဲ့တာပါ၊ ပရိသတ်တွေနဲ့အတူ ပဲ့တင်ရိုက်ခတ်လာခဲ့တာပါ” လို့ ပြောကြားထားပါတယ်။
နံပါတ် ၂ နေရာမှာ ရှိနေတာကတော့ ဒါရိုက်တာကြီး Steven Spielberg ရဲ့ “Ready Player One” ရုပ်ရှင်ဖြစ်ပြီး ရုပ်ရှင်ရဲ့ ဒုတိယမြောက်သီတင်းပတ်ကုန်ပိုင်း ရုပ်ရှင်ရုံ ၄၂၃၄ ရုံမှာ ဒေါ်လာ ၂၅ သန်းရရှိခဲ့ပါတယ်။ စုစုပေါင်း ပြည်တွင်း ရုံဝင်ငွေ ကတော့ ဒေါ်လာ ၉၇ သန်းရရှိခဲ့ပြီ ဖြစ်ပါတယ်။ Warner Bros.က ထုတ်လုပ်တဲ့ အဲဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာတော့ ရုံဝင်ငွေ ဒေါ်လာ ၂၉၄ ဒဿမ ၄ သန်း ရရှိခဲ့ပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာပဲ ဖြန့်ချိခဲ့တဲ့ “Blockers” ရုပ်ရှင်ကတော့ ရုံဝင်ငွေ တတိယနေရာမှာ ရောက်ရှိနေတာပါ။ Universal ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ R အဆင့် ဟာသဇာတ်မြူးရုပ်ရှင်ကို ဒါရိုက်တာ Kay Cannon က ရိုက်ကူးပေးထားပြီး John Cena, Leslie Mann နဲ့ Ike Barinholtz တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုံဝင်ငွေ ဒေါ်လာ ၂၁ ဒသမ ၄ သန်း ရရှိထားပါတယ်။ SXSW ပွဲတော်မှာ လူပြောများခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီးတော့ Rotten Tomatoes မှာ ၈၃ ရာခိုင်နှုန်းနဲ့အတူ CinemaScore မှာ B အဆင့်သတ်မှတ်ခံထားရပါတယ်။
ရုံဝင်ငွေ နံပါတ် ၄ နေရာမှာရှိနေတဲ့ ရုပ်ရှင်ကတော့ “Black Panther” ရုပ်ရှင်ဖြစ်ပြီး ရုံပေါင်း ၂၇၄၇ ရုံမှာ ဒေါ်လာ ၈ ဒဿမ ၈ သန်း ရုံဝင်ငွေ ရရှိထားပါတယ်။ Marvel က ထုတ်လုပ်တဲ့ အဲဒီရုပ်ရှင်ဟာ ပြည်တွင်းမှာ ဝင်ငွေ ဒေါ်လာ ၆၆၅ ဒဿမ ၄ သန်းရရှိထားပြီးတော့ “Star Wars: The Force Awakens” နဲ့ “Avatar” ရုပ်ရှင်တို့နောက်ပိုင်း တတိယမြောက် ရုံဝင်ငွေ အများဆုံး ဖြစ်လာခဲ့ပါတယ်။ တကမ္ဘာလုံးမှာတော့ ဒေါ်လာ ၁ ဒဿမ ၂၉ ဘီလီယံ ရရှိထားပြီ ဖြစ်ပါတယ်။
နံပါတ် ၅ နေရာမှာရှိတဲ့ရုပ်ရှင်က Lionsgate နဲ့ Roadside Attractions ရုပ်ရှင်ထုတ်လုပ်ရေးတို့ရဲ့ “I Can Only Imagine” ရုပ်ရှင်ဖြစ်ပြီး ရုံပေါင်း ၂၈၉၄ ရုံမှာ ဒေါ်လာ ၈ ဒသမ ၄ သန်းရရှိထားပါတယ်။ ယုံကြည်မှုကို အခြေခံထားတဲ့ အဲဒီရုပ်ရှင်ဟာ သီတင်းလေးပတ်အတွင်း ဒေါ်လာ ၆၉ သန်းရုံဝင်ငွေ ရရှိခဲ့ပြီး ဖြစ်ပါတယ်။
အသစ်ပြသခဲ့တဲ့ “Chappaquiddick” နဲ့ “The Miracle Season” ရုပ်ရှင်တို့ဟာလည်း ခန့်မှန်းထားတာထက် ပွဲဦးထွက် လှခဲ့တာကို တွေ့ရပါတယ်။ Entertainment Studios ရဲ့ “Chappaquiddick” ရုပ်ရှင်က အမေရိကန် ဒေါ်လာ ၅ ဒဿမ ၉ သန်းနဲ့ LD Entertainment ရဲ့ “The Miracle Season” ရုပ်ရှင်က ကန်ဒေါ်လာ ၄ သန်းရရှိထားပါတယ်။
Ref ; Reuters