ဒေသစံတော်ချိန် စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တဲ့ “America’s Got Talent” အစီအစဉ်ရဲ့ နောက်ဆုံးဗိုလ်လုပွဲမှာတော့ Winner ဆုရရှိသူအသစ်တဦးပေါ်ပေါက်လာခဲ့ပြီး အစီအစဉ်ရဲ့ သမိုင်းမှာ အထူးဆန်းဆုံး၊ အံ့သြဖို့အကောင်းဆုံး နောက်ဆုံးဆန်ခါတင်တွေရဲ့ ယှဉ်ပြိုင်တင်ဆက်မှုတွေကို အံ့မခန်း မြင်တွေ့ခဲ့ကြရပါတယ်။
အခုတော့ Season 13 ရဲ့ Winner ဆုရှင်ကတော့ အနီးကပ်မျက်လှည့်ပညာရှင် Shin Lim ဖြစ်သွားခဲ့ပါပြီ။ နောက်ဆုံး Winner ဆုရှင်ကို ရွေးချယ်ခဲ့ရာမှာတော့ အသက် ၂၆ နှစ်သာရှိသေးတဲ့ မျက်လှည့်ပညာရှင် Shim နဲ့အတူ အေရိုးဗစ်အဖွဲ့ Zurcaroh တို့ပါဝင်ခဲ့ကြပြီး နောက်ဆုံးဆုရရှိသူနာမည်ကို ကြေညာခဲ့တဲ့အခါ Shim ကို ဂုဏ်ပြုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အစီအစဉ်တင်ဆက်သူ Tyra Banks က ဆုရရှိသူကို ကြေညာခဲ့ပြီးတဲ့နောက် Shin က “လူတိုင်းကို ကျေးဇူးတင်ပါတယ်။ အားလုံးကို ကျနော် ချစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ Winner ဆုရရှိသူ Shin ဟာ ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းရရှိမှာလည်း ဖြစ်ပါတယ်။
Lim ရဲ့ အောင်နိုင်မှုဟာ ပရိသတ်တချို့အတွက် အံ့သြခဲ့ကြပါတယ်။ အကြောင်းက အသက် ၁၄ အရွယ် funk-rock အဆိုတော်မလေး Courtney Hadwin ဟာ နောက်ဆုံးအဆင့်ထိ တက်လာနိုင်မယ်လို့ သတင်း ထွက်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထိပ်ဆုံး ၅ ဦးအဆင့်အထိ တောင်ဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
Hadwin မရှိတော့တဲ့ နောင်ပိုင်း ပရိသတ်အကြိုက်ဖြစ်လာတဲ့သူကတော့ နာမည်ကျော်အမေရိကန်သီချင်းရေးဆရာ Garth Brooks ကိုယ်တိုင်ရေးထားတဲ့ သီချင်းကို သီဆိုပြီး နောက်ဆုံးအဆင့်ကို ယှဉ်ပြိုင်ခဲ့တဲ့ အဆိုတော် Michael Ketterer ပဲဖြစ်ပါတယ်။ ဒါပေမယ့် ကလေး ၆ ယောက် အဖေ Ketterer ဟာ ပဉ္စမနေရာမှာပဲ ကျေနပ်လိုက်ရပါတယ်။
အရည်အချင်းရှိတဲ့ ဟာသပညာရှင် Samuel J. Comroe ကတော့ တတိယနေရာရရှိခဲ့ပါတယ်။ “America’s Got Talent” ရဲ့ Season 13 ကို ပြီးခဲ့တဲ့ မေလကစလို့ စတင်ကျင်းပခဲ့တာဖြစ်ပြီး ပြိုင်ပွဲကာလ သီတင်း ၁၆ ပတ်လုံးမှာ နှလုံးထိခိုက် ခံစားရဖွယ် နောက်ခံဇာတ်လမ်းတွေ၊ ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတဲ့ တင်ဆက်မှုတွေကို ပြိုင်ပွဝင်ပေါင်း ၇၅ ဦးတို့က နောက်ဆုံးအဆင့်ရောက်တဲ့အထိ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ယှဉ်ပြိုင်မှုနဲ့ နောက်ဆုံးဗိုလ်လုပွဲကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်တရက်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းမှာတော့ နှစ်နာရီကြာမြင့်တဲ့ နောက်ဆုံးအစီအစဉ်မှာ အနိုင်ရရှိသူကို ကြေညာခဲ့တာဖြစ်ပါတယ်။
နောက်ဆုံးအဆင့်ယှဉ်ပြိုင်ခဲ့တဲ့သူတွေထဲမှာ ရော့ခ်တယောပညာရှင် Brian King Joseph, အော်ပရာအဆိုတော် Daniel Emmet, မတ်တပ်ရပ်စကားပြောတင်ဆင်သူ Vicki Barbolak နဲ့ အဆိုတော် Glennis Grace တို့အပြင် Duo Transcend လို့ခေါ်တဲ့ ကောင်းကင်ကျွမ်းဘား စုံတွဲ အားကစားသမားနှစ်ဦးလည်း ပါဝင်ကြပါတယ်။
ဆက်စပ်ဖတ်ရှုရန် – “America’s Got Talent” မှာ ဒိုင်လူကြီး Simon ဆီက ခွေးလက်ဆောင်ရမယ့် ပြိုင်ပွဲဝင် ကောင်လေး
Ref: etcanada