“Jurassic Park” ရုပ်ရှင်ထဲက ဒိုင်နိုဆော ဦးခေါင်းခွံ၊ “Star Wars” ရုပ်ရှင်ထဲက မုန်တိုင်းတပ်ဖွဲ့တွေဆောင်းတဲ့ ခေါင်းဆောင်း၊ “Monty Python” ရုပ်ရှင်ထဲက မြင့်မြတ်သော လက်ပစ်ဗုံးတို့ကို အခုလနှောင်းပိုင်း လန်ဒန်မြို့မှာ ပြုလုပ်မယ့် လေလံပွဲတခုမှာ တခြား ရုပ်ရှင်ဇာတ်ဝင်ပစ္စည်း တချို့နဲ့အတူ ရောင်းချသွားမယ်လို့ သိရပါတယ်။
အဲ့ဒီလေလံပွဲကနေ ဝင်ငွေ စတာလင်ပေါင် ၆ သန်းကျော် ရရှိမယ်လို့ လေလံပွဲစီစဉ်သူတွေက ခန့်မှန်းထားပါတယ်။ “The Shining” လို ကမ္ဘာကျော် သည်းထိတ်ရင်ဖို ရုပ်ရှင်ထဲက မင်းသား Jack Nicholson ကိုင်ဆောင်တဲ့ ပုစိန်နဲ့ “Batman” ရုပ်ရှင်ထဲက ခရမ်းရောင် ဂျိုကာဝတ်စုံကိုလည်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
မကြာခင် ရောင်းချမယ့် ရုပ်ရှင်ဇာတ်ဝင်ပစ္စည်းတွေထဲမှာ အဓိက ပါဝင်တာတခုကတော့ ၁၉၇၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Star Wars” ရုပ်ရှင်ထဲက သံခေါင်းဆောင်းဖြစ်ပြီး ရုပ်ရှင်ဇာတ်ဝင်အမှတ်တရပစ္စည်း လက်လီရောင်းချတဲ့ Prop Store ကနေ ပေါင် ၁ သိန်း ၈ သောင်းနဲ့ ကြမ်းခင်းဈေး စတင်ပေးမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့တုန်းကတော့ အဲ့ဒီသံခေါင်းဆောင်းကို ဝတ်ဆင်ခဲ့သူ မင်းသား Syd Wragg က လာရောက် ကြည့်ရှုခဲ့တာကို တွေ့ရပါတယ်။ Prop Store ကုမ္ပဏီကနေ သူတို့လေလံပွဲကျင်းပမယ့် လန်ဒန်မြို့တောင်ပိုင်း ဝါးတားလူးအရပ်က BFI Imax အဆောက်အဦမှာ ရောင်းချမယ့် ပစ္စည်း ၉၀၀ ထဲက ၂၅၀ လောက်ကိုတော့ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။
မကြာခင်ထွက်ရှိလာတော့မယ့် “Joker” ရုပ်ရှင်ပရိသတ်တွေကတော့ “Batman” ရုပ်ရှင်ထဲမှာ ဝတ်ဆင်ခဲ့တဲ့ မင်းသား Jack Nicholson ရဲ့ ခရမ်းရောင်ဝတ်စုံကို မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ကြရလို့ ဝမ်းသာနေကြပါတယ်။ အဲ့ဒီလိုမျိုး ခရမ်းရောင် ခြယ်သခဲ့တာတော့ မင်းသား Nicholson က L.A. Lakers ဘတ်စ်ကတ်ဘော အသင်းရဲ့ ကိုယ်စားပြုအရောင်နဲ့ လိုက်ဖက်စေဖို့ ရွေးချယ်ခဲ့တာလို့လည်း သိရပါတယ်။
၂ ရက်ကြာ ကျင်းပမယ့် လေလံပွဲကိုတော့ စက်တင်ဘာလ ၃၀ နဲ့ အောက်တိုဘာလ ၁ ရက်နေ့တို့မှာ ပြုလုပ်သွားမှာပါ။ အဲ့ဒီလေလံပွဲ မတိုင်ခင်တော့ ရောင်းချမယ့် ပစ္စည်းတွေကို အများပြည်သူ ကြည့်ရှုနိုင်အောင် ခင်းကျင်းပြသထားပါတယ်။
Ref. Reuters