ထူးချွန်တဲ့သမီးလေးကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် မေကဗျာကတော့ သမီးဖြစ်သူ ဂင်္ဂါမေက မွေးလာကတည်းက တမိသားစုလုံးကို ကောင်းတာတွေပဲ ဖြစ်စေခဲ့တယ်လို့ ပြောပါတယ်။
“သူကမွေးကတည်းက လူထူးလူဆန်းလေး။ မွေးလာကတည်းက အိမ်မှာ ကလေးရှိတယ် ဆိုတာကို အိမ်ဘေးကလူတွေက လုံးဝ မသိဘူး။ ငိုသံလည်း မကြားရဘူး။ ဖျားတာလည်း မရှိဘူး။ နာတာလည်း မရှိဘူး။ ဒီနေ့ဒီအချိန်ထိ ဘာမှဖြစ်တယ် ဆိုတာ မရှိဘူး။ မိဘကို ဒုက္ခမပေးတဲ့ ကလေးပေါ့”
“ပညာရေးမှာပဲဖြစ်ဖြစ်၊ ကျန်းမာရေးမှာပဲဖြစ်ဖြစ်၊ လူမှုရေးမှာပဲဖြစ်ဖြစ် သူ့ကြောင့်စိတ်ညစ်ရတာတို့ သူ့ကြောင့် ကျောင်းလိုက်ရတာတို့ လုံးဝ မရှိဘူး။ ကျောင်းလိုက်ရတယ်ဆိုရင်လည်း သူအရမ်းတော်လို့ ကျောင်းလိုက်ရတယ်။ မမိုးဆီမှာဆိုရင်လည်း Presenter သင်တန်းတက်တယ်။ သင်တန်းတွေပြီးတဲ့အထိတောင် သူအရမ်းတော်ခဲ့လို့ စံပြအနေနဲ့ သွားရတယ်။ ကဗျာတို့ တမိသားစုလုံးက သူနဲ့ပတ်သက်ပြီး ကောင်းတာတွေပဲ ခံစားရတယ်” လို့ မေကဗျာကပြောပါတယ်။
အသက် ၁၅ နှစ်ရှိပြီ ဖြစ်တဲ့ ဂင်္ဂါမေကတော့ မွေးကတည်းက အခုအချိန်ထိ ဖျားတာနာတာလည်း မရှိခဲ့ဘဲ ပညာရေးနဲ့ပတ်သက်ပြီးတော့လည်း ထူးချွန်လို့သာကျောင်းကို လိုက်သွားရတာမျိုးပဲ ရှိခဲ့တယ်လို့ သိရပါတယ်။
အလုပ်ရှုပ်တဲ့အမေဖြစ်သူနဲ့ ကျောင်းသင်ခန်းစာတွေနဲ့ မအားလပ်တဲ့ သမီးဖြစ်သူတို့ရဲ့ တွေ့ဆုံမှုကတော့ နည်းပါးပြီး အသားကျနေပါပြီလို့ မေကဗျာက ဆိုပါတယ်။
“မတွေ့တာတော့ ပြောမနေနဲ့တော့။ သူကလည်း အတန်းကြီးလာပြီဆိုတော့ ၇ နာရီ ၈ နာရီမှာ အိမ်ပြန်ရောက်တယ်။ ကျောင်းပြီးသွားရင်တောင် တခြားသင်တန်းတွေ တက်ရတယ်။ တခြားကျူရှင်တွေ တက်ရတယ်။ အရင်ကတည်းက ကဗျာက ပုံတင်လေ့တင်ထ မရှိတဲ့အတွက် မတင်တာပေါ့နော်။ တွေ့တာကတော့ အရမ်းကိုနည်းတယ်။ ကိုယ်က အရင်ကတည်းက သီချင်းသွားသွားဆိုနေကျ နယ်ထွက်နေကျဆိုတော့ သူနဲ့ကိုယ်နဲ့ကတော့ အသားကျနေပြီ” လို့ မေကဗျာကပြောပါတယ်။
သမီးဖြစ်သူ ကိုယ်ဝန်ဆောင်တုန်းကလည်း “ဗိုက်ပူမ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးခဲ့တုန်းကလည်း ဘာမှမဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
“ကိုယ်ဝန်နဲ့ ကားရိုက်တုန်းကလည်း ဆရာဝန်က အဲ့လောက် ပင်ပင်ပန်းပန်းနဲ့ မလုပ်နဲ့လို့ပြောတယ်။ လှည်းကြီးတွေ တွန်းတယ်။ တနေကုန် လမ်းလျှောက်ရတယ်။ ဘာမှ မဖြစ်ရှာဘူး။ ကိုယ်လည်း ဘာမှ မဖြစ်ဘူး။ သူလည်း ဘာမှ မဖြစ်ရှာဘူး” လို့ မေကဗျာကပြောပါတယ်။
“Rose Princess” ဆိုတဲ့ ချည်ထိုးစက်ရုံလုပ်ငန်းကိုလည်း လုပ်ကိုင်လျက်ရှိတဲ့ မေကဗျာတို့မိသားစုကတော့ လုပ်ငန်းရဲ့ အမှတ်တံဆိပ်ကိုလည်း သမီးဖြစ်သူရဲ့မျက်နှာနဲ့ လုပ်ထားပြီး ချည်ထိုးတဲ့အလုပ်ကိုလည်း တတ်မြောက်တာကြောင့် သူပဲဦးစီးနေသလိုဖြစ်နေတယ်လို့ ဆိုပါတယ်။
“အလုပ်ကိုလည်း သူပဲဦးစီးနေတယ်လို့ ပြောရမှာပဲ။ လိုဂိုတောင် သူ့မျက်နှာလေးနဲ့ဆိုတော့ ကိုယ်တွေတောင် အဲ့လောက် အရေးမပါဘူး။ သူက အဓိကဖြစ်နေတာပေါ့။ ဒီအလုပ်လေးကို တကယ်လည်း ဝါသနာပါတယ်။ အမေကလည်း သင်တန်းတွေတက်ခိုင်းလိုက်တော့ လုပ်လည်းလုပ်တတ်တယ်။ အားလည်း အားကိုးရပါတယ်”လို့ မေကဗျာက ပြောပါတယ်။
သမီးဖြစ်သူကို ပွဲထုတ်ဖို့ မရှိပေမယ့် အကယ်ဒမီပေးပွဲမှာတော့ ရွှေကြိုအဖြစ် ပါဝင်ဖို့ ကမ်းလှမ်းထားတာရှိတယ်လို့ သိရပါတယ်။
“သူကတော့ ပွဲထွက်ဖို့ မရှိဘူး။ ဒါပေမယ့် ကိုရန်လေးကတော့ ဒီနှစ်ရွှေကြိုကို ပါဖို့ပြောတယ်။ သူက ဝါသနာ မပါဘူးလို့ ဆိုတော့ ဝါသနာက ပါသွားမှာပါတဲ့။ ကဗျာက မပါစေချင်ဘူးဆိုတော့ ပေးလုပ်လိုက်ပါတဲ့။ တသက်မှာတခါပဲ အမှတ်တရ အနေနဲ့တဲ့။ ဒီနှစ်ရွှေကြိုကိုတော့ ကိုရန်လေးတို့ အန်တီဆင့်တို့ကပြောထားပါတယ်။ သူကတော့ လုပ်မလား မလုပ်မလား မသိသေးဘူး” လို့ မေကဗျာကပြောပါတယ်။
You may also like these stories:
ငယ်စဉ်ကတည်းက မြန်မာအကကို ထူးချွန်ခဲ့တဲ့ သရုပ်ဆောင် မေကဗျာ
နှလုံးရောဂါ ခံစားနေရပေမယ့် အနုပညာနဲ့ ပတ်သက်ရင် မလျှော့တဲ့ မိုးပြည့်ပြည့်မောင်