Entertainment

သရုပ်ဆောင်အသစ်တွေနဲ့ မြင်တွေ့ရမယ့် ‘Home Alone’ ရုပ်ရှင်အသစ်

‘Home Alone’ ရုပ်ရှင်ကို Remake ပုံစံပြန်လည်ရိုက်ကူူးတော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး လအနည်းငယ် အကြာမှာတော့ ၁၉၉၀ နဲ့ ၁၉၉၂ ခုနှစ်တို့မှာ နာမည်အထူးကျော်ကြားခဲ့တဲ့ အဲ့ဒီရုပ်ရှင် ပြန်လည်ရိုက်ကူးမှုမှာ ကလေးသရုပ်ဆောင် Macaulay Culkin နေရာကနေ ဘယ်သူပါဝင်လာမယ်ဆိုတော့ အခုတော့ သိလိုက်ရပြီဖြစ်ပါတယ်။

“The Hollywood Reporter” မီဒီယာရဲ့အဆိုအရ “Jojo Rabbit” ရုပ်ရှင်စတား ကလေးသရုပ်ဆောင် Archie Yates ဟာ ဥရောပ ခရစ်စမတ်အားလပ်ရက်အတွက် လေယာဉ်ချိန်မီနိုင်ဖို့ တမိသားစုလုံး အပြေးအလွှားသွားရာက အိမ်မှာကျန်ခဲ့ရတဲ့ ကလေးအဖြစ် သရုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Kevin McCallister အဖြစ် မင်းသား Macaulay သရုပ်ဆောင်ခဲ့တဲ့ အဲ့ဒီခရစ်စမတ် ရုပ်ရှင်ကို ခေတ်သစ်ဗားရှင်းအနေနဲ့ ပြန်လည်အသက်သွင်းပြီး Disney+ ကနေ ထုတ်လွှင့်ပြသမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီသတင်းတွေကို Disney ကလည်း အတည်ပြုထားပြီးဖြစ်ပါတယ်။

Disney အကြီးအကဲ Bob Iger ကတော့ အခုပြန်လည်အသက်သွင်းမယ့် ဗားရှင်းကို မျိုးဆက်သစ်တွေအတွက် ထုတ်လုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် အသစ်ပြန်လည် ရိုက်ကူးမယ့် ရုပ်ရှင်တွေထဲမှာ “Night at the Museum”, “Cheaper By the Dozen” နဲ့ “Diary of a Wimpy Kid” တို့လည်း ပါဝင်ကြပါတယ်။

မင်းသား Macaulay ကတော့ အခုနောက်ထပ် ထွက်လာမယ့် “Home Alone” ရုပ်ရှင်က ဘယ်လို ပုံစံ ဖြစ်မလဲဆိုတာကို ပုံဖော်ကြည့်မိနေပြီလို့ ပြောဆိုခဲ့ပါတယ်။ သူက “Home Alone ရုပ်ရှင်က ဘယ်လိုမျိုး အသစ်ပြန်ဖန်တီး ထားမယ် ဆိုတာကို သိချင်ပါပြီ” လို့ Twitter မှာ ရေးခဲ့ပါတယ်။

ဒါရိုက်တာ Chris Columbus ရိုက်ကူးခဲ့ပြီး ၁၉၉၀ ပြည့်နှစ်မှာ ဖြန့်ချိခဲ့တဲ့ အဲ့ဒီ ‘Hone Alone” ရုပ်ရှင်ဟာ ခရစ်စမတ် ကာလအတွင်း အိမ်မှာ မိသားစုတွေရဲ့ မေ့လျော့မှုကြောင့် တယောက်တည်း ကျန်ခဲ့ရတဲ့ ကောင်လေးတယောက်ရဲ့ အိမ်ကို ဖောက်ထွင်းသမား ၂ယောက်ဝင်ရောက်ခဲ့တဲ့အကြောင်း ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာတော့ အက်ရှင်ဟာသဇာတ်မြူးရုပ်ရှင်တွေထဲ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ “The Hangover Part II” ရုပ်ရှင်က သူ့ရဲ့နေရာကို မရယူမီအချိန်အထိ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ၂နှစ်အကြာ ၁၉၉၂ ခုနှစ်မှာတော့ “Home Alone 2: Lost in New York” လို့ အမည်ရတဲ့ နောက်ဆက်တွဲရုပ်ရှင်ကို ဆက်လက်ပြသခဲ့ပါတယ်။

Ref: etcanada

You may also like these stories:

“Home Alone” နဲ့ “Night At The Museum” ရုပ်ရှင်တွေကို ပြန်လည် ရိုက်ကူးမယ့် Disney

နောက်တကြိမ် ပြန်လည် ရိုက်ကူးမယ်ဆိုရင်တောင် လူကြိုက်များနေဦးမယ့် ရုပ်ရှင်များ

Loading