ထိုင်းနိုင်ငံ ခရီးသွားလာရေးလုပ်ငန်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေအနေနဲ့ ဗီယက်နမ်ခရီးသွားတွေ ထိုင်းနိုင်ငံကို အရေအတွက်များများ လာရောက်လည်ပတ်စေချင်တဲ့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် လည်း ဗီယက်နမ်နိုင်ငံရဲ့ အချက်အချာကျတဲ့ ဟနွိုင်း ၊ ဟိုချီမင်းစတဲ့မြို့ကြီးတွေနဲ့ တိုက်ရိုက် လေကြောင်းလိုင်းခရီးစဉ်တွေကို တိုးချဲ့ ပျံသန်းနေတယ်လို့ သိရပါတယ်။
ဖော်ပြခဲ့တဲ့ ဗီယက်နမ်နိုင်ငံရဲ့ မြို့ ကြီးတွေအပြင် ဒုတိယဦးစားပေးအဆင့်သတ်မှတ်ထားတဲ့ နာထရန်း ၊ ဒါလတ် ၊ ဟိုင်ဖန် ၊ ကန်သို စတဲ့ အလယ်အလတ်မြို့တွေနဲ့လည်း လေကြောင်းလိုင်းဝန်ဆောင်မှု စတင်နေပြီလို့ သိရပါတယ်။
ထိုင်း-ဗီယက်နမ် တိုက်ရိုက်ပျံသန်းမှုဟာ တပတ်ကို ၃၀၁ ကြိမ်ရှိပြီး ၂၀၁၈ ခုနှစ် ထက်စာရင်လည်း ပျံသန်းမှုအရေအတွက် တိုးလာခဲ့ပါတယ်။ ဗီယက်နမ်ကနေ ထိုင်းနိုင်ငံကို တိုက်ရိုက်ပြေးဆွဲပေးနေတဲ့မြို့တွေကတော့ ဖူးခက် ၊ ချင်းမိုင် ၊ ဘန်ကောက် စတဲ့မြို့တွေဖြစ်ပြီး ၂၀၁၉ ၊ ဒီဇင်ဘာ ၂၃ ရက်နေ့ ကနေစပြီး ဟိုချင်းမင်းကနေ ပတ္တရားကို နေ့စဉ်ပျံသန်းသွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။
အခုလို တိုက်ရိုက်လေကြောင်းလိုင်းခရီးစဉ်တွေ တိုးချဲ့ ပြီးတဲ့နောက်မှာတော့ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဗီယက်နမ်နိုင်ငံသားအရေအတွက်က ပထမဆုံးအကြိမ်အဖြစ် တိုးလာခဲ့ပါ တယ်။ ဗီယက်နမ်နိုင်ငံမှာ လူဦးရေ ၉၁ သန်းကျော်နေထိုင်ကြပါတယ်။
၂၀၁၇ ၊ ၂၀၁၈ ခုနှစ်အတွင်း ဗီယက်နမ်ခရီးသွား ၁ သန်းကျော် ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြပါတယ်။ ထိုင်းခရီးသွား လုပ်ငန်းအာဏာပိုင်တွေကလည်း ဗီယက်နမ်ခရီးသွားအရေအတွက် နှစ်စဉ်တိုးတက်လာမယ်လို့ မျှော်လင့်ထားပါတယ်။
ဗီယက်နမ်နိုင်ငံအနေနဲ့ ထိုင်း-ဗီယက်နမ် တိုက်ရိုက်ပျံသန်းမှုစတင်နေချိန်အတွင်းမှာပဲ တောင်ကိုရီးယားနိုင်ငံနဲ့လည်း တိုက်ရိုက်ပျံသန်းပေးနေခဲ့ပါတယ်။ ဗီယက်နမ်-တောင်ကိုရီးယား တိုက်ရိုက်လေကြောင်းအနေနဲ့ တပတ်ကို ၄၀၃ ကြိမ်ကျော် ပျံသန်းနေရပါတယ်။ ၂၀၁၉ ၊ အောက်တိုဘာလ အတွင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်ခဲ့တဲ့ ဗီယက်နမ်ခရီးသွားအရေအတွက်က ၅ သိန်းဝန်းကျင်ရှိခဲ့ပါတယ်။
ထိုင်း-ဗီယက်နမ် တိုက်ရိုက်ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေဟာ ဈေးနှုန်းလည်းချိုသာပါတယ်။ ကန်သို – ဘန်ကောက် ခရီးစဉ်အတွက် လေယာဉ်လက်မှတ်ဈေးနှုန်ူက အမေရိကန်ဒေါ်လာ ၇၁ ဒဿမ ၃၇ ကနေ စ ပါတယ်။ တိုက်ရိုက်ခရီးစဉ်အတွက် ထင်ရှားပြီးလူကြိုက်များတဲ့လေကြောင်း လိုင်းတွေကတော့ Thai-vietjet လေကြောင်းလိုင်း ၊ ဘန်ကောင်လေကြောင်းလိုင်း ၊ Thai AirAsia လေကြောင်းလိုင်းတွေပါပဲ။
ထိုင်း – ဗီယက်နမ် တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေဟာ ဈေးနှုန်းချိုသာမှုလည်းရှိသလို ပျံသန်းချိန်လည်း တိုတောင်းပါတယ်။ ဟိုချီမင်း – ဘန်ကောက် ခရီးစဉ်အတွက် လေယာဉ်ပျံ သန်းချိန်က ပျမ်းမျှ ၁ နာရီ ၂၀ မိနစ်သာ ကြာမြင့်ပါတယ်။
ထိုင်းနိုင်ငံမှာ ဗီယက်နမ်နိုင်ငံသားတွေ အဓိကလည်ပတ်တဲ့နေရာတွေကတော့ ဟွာဟင် ၊ ဘန်ကောက် နဲ့ ကရာဘီမြို့တွေပါပဲ။
Ref:thethaiger,wego
You may also like these stories:
ဝါးစားလို့ရတဲ့ ကော်ဖီခွက်တွေ အသုံးပြုတော့မယ့် နယူးဇီလန် လေကြောင်းလိုင်း
တနင်္သာရီတိုင်း ခရီးသွားကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် ထိုင်း စိတ်ဝင်စားလျက်ရှိ