အဆိုတော် တေလာဆွစ်ဖ် (Taylor Swift) ဟာ အမေရိကန် ရုပ်သံထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Netflix နဲ့ ပူးပေါင်းပြီး မှတ်တမ်းရုပ်ရှင်တခုကို ဖြန့်ချိခဲ့ပါတယ်။ အမျိုးသမီး ဒါရိုက်တာ Lana Wilson ရိုက်ကူးတဲ့ ဒီ မှတ်တမ်းရုပ်ရှင်မှာ စတိတ်ရှိုးနဲ့ ကင်မရာ နောက်ကွယ်က တေလာဆွစ်ဖ်ရဲ့ ဘဝအမှန်ကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
“Miss Americana” လို့ နာမည်ပေးထားတဲ့ အဲဒီ မှတ်တမ်းရုပ်ရှင်မှာ ကမ္ဘာကျော် အဆိုတော် တေလာဆွစ်ဖ်ရဲ့အကြောင်းကို အဓိကဖော်ပြထားပြီး အမေရိကန်နိုင်ငံရေးအကြောင်းလည်း ပါဝင်ပါတယ်။ ၈၅ မိနစ်ကြာတဲ့ ဒီရုပ်ရှင်ကို ဇန်နဝါရီလမှာ ပရိသတ်ကို ပွဲဦးထွက်မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ Netflix မှာ ကြည့်ရှုလို့ ရနေပြီဲ ဖြစ်ပါတယ်။
ရုပ်ရှင်အတွင်းမှာ တေလာဆွစ်ဖ်က သူ့ရဲ့ အသက်မွေးဝမ်းကြောင်း ရွေးချယ်တဲ့ လမ်းမှာ ကြုံတွေရတဲ့ အခက်အခဲတွေကို ရိုက်ပြထားပါတယ်။ သူ့ အသက် ၁၆ နှစ်မှာ ပထမဆုံးအခွေကို ထုတ်တဲ့ အချိန်ကစပြီး အခုနောက်ဆုံး ထွက်ရှိထားတဲ့ အခွေအထိ သူဖြတ်သန်းရတဲ့ အခက်အခဲတွေ ပါဝင်ပါတယ်။ Netflix ကတော့ ဒီရုပ်ရှင်ကို ” စိတ်ထိခိုက်စရာ ကောင်းပြီး အရိုင်းဆန်တယ်”လို့ ဖော်ပြထားပါတယ်။
အစားအသောက် မှန်မှန် မစားနိုင်တဲ့ ရောဂါအကြောင်းကို ကနဦးဖော်ပြထားပြီး သူ့အမေရဲ့ ကျန်းမာရေးထိခိုက်မှုနဲ့ အမေရိကန် သမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်အပေါ် တေလာဆွစ်ဖ်ရဲ့ ထင်မြင်ဝေဖန်မှုတွေ ပါရှိပါတယ်။
ရုပ်ရှင်မှာ အသက် ၃၀ ပြည့်သွားပြီဖြစ်တဲ့ အဆိုတော် တေလာဆွစ်ဖ်ရဲ့ သီချင်းရေးစပ်နိုင်စွမ်းနဲ့ သီချင်းရေးစပ်ရာမှာ ပါရမီရှိတာကြောင့် ပရိသတ်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ အကြောင်းတွေ ပါရှိပါတယ်။
ကြည့်ရှုတဲ့ ပရိသတ်တွေကလည်း ရုပ်ရှင်ကို ကြည့်ပြီးသွားတဲ့ အချိန်မှာ တေလာဆွစ်ဖ်ဟာ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်နေသူ တယောက်ဖြစ်ကြောင်းနဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အနိုင်ကျင့်ခံရတဲ့အတွက် စိတ်ဓာတ်ကျနေတာကို သိလိုက်ရကြောင်း စတဲ့ မှတ်ချက်တွေကို ပေးထားခဲ့ပါတယ်။