Entertainment

“ဈေးရောင်းတာ ခန္ဓီပါရမီ ရှိနေပြီ”လို့ အဆိုတော် မိုင်းမိုင်ဆိုင်း ပြော

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်ကာလ စတင်ကတည်းက ကချင်ရိုးရာ ကြက်ကင် စတင် ရောင်းချခဲ့တဲ့ အဆိုတော် မိုင်းမိုင်ဆိုင်းကတော့ ဒီလိုဈေးရောင်းခဲ့လို့ အခုအချိန်မှာ စားဝတ်နေရေး ပြေလည်နေတာဖြစ်ပြီး ဈေးရောင်းခြင်းအားဖြင့် ခန္ဓီပါရမီတွေလည်း ရှိနေပြီလို့ ဆိုပါတယ်။

“ပထမလှိုင်းစတော့ မိုင်းမိုင် မြစ်ကြီးနား သွားလိုက်တယ်။ မြစ်ကြီးနားကနေ စပြီး ရောင်းဖြစ်ခဲ့တာတော့ ကြက်ကင်ပေါ့။ အဲ့ကနေမှ တမျိုးတည်း စားရရင် စားရတာလည်း အီတယ်။ ကြည့်ရတာလည်းအီတယ်။ အဲ့အတွက် ဝက်ကင် လုပ်တယ်။ ဝက်ကင်ကနေ ကချင်အစားအစာ ဟင်းလေးတွေပါ တွဲဖြစ်တာပေါ့”

“မြစ်ကြီးနားမှာဆိုရင် ကချင် ထမင်းဟင်းတွေက အိမ်တိုင်းလိုလို ချက်စားတတ်တယ်ဆိုတော့ အဲ့မှာတော့ ကြက်ကင်တွေ၊ ဝက်ကင်တွေလောက်ပဲ လုပ်ခဲ့တာပေါ့။ ရန်ကုန်မှာကျတော့ ကိုယ့်ဒေသစာလေးတွေ စားကြည့်စေချင်လို့ လုပ်ဖြစ်တာပေါ့” လို့ မိုင်းမိုင်ဆိုင်းက ဧရာဝတီကို ပြောပါတယ်။

ရန်ကုန်မှာ ကချင်ရိုးရာ အစားအသောက်ဆိုင်တွေ များစွာရှိပေမယ့် သိတဲ့သူလောက်ပဲ စားကြတာဖြစ်တာကြောင့် ကိုယ့်ရိုးရာအစားအစာကို မသိတဲ့သူတွေလည်း သိသွားရအောင် ကိုယ်တိုင်ရောင်းချနေတာဖြစ်တယ်လို့ သိရပါတယ်။

“ကိုယ်က သက်သက်သာသာ ရောင်းတာတောင် ဈေးကြီးတယ်ဆိုပြီး ပြောခံရတာ ရှိသေးတယ်။ အဓိကကလေ ကချင် အဆာပလာက အရမ်းဈေးကြီးတယ်။ ရှားတာပေါ့နော်။ သူက အဆာပလာကိုပဲ နိုင်နိုင် ထည့်ရတာ။ တခြားအနှစ်တွေ ဘာတွေ မပါဘူး။ ဆီလည်း မများဘူး။ ကြက်သွန်အဖြူတွေ အနီတွေနဲ့ အနှစ်လို ချက်လို့ရတာ မဟုတ်ဘူး။ ပြီးတော့ ကချင်အစားအစာ အစစ်ဆိုရင် ဆီလုံးဝ မထည့်ရဘူး”

“ကြက်သားဆိုလည်း ကြက်သားအတွက် အဆာပလာအနှစ်က နိုင်နိုင် ထည့်ရတယ်။ ပြီးရင် အဆာပလာအရွက်တွေကလည်း ရှားတယ်။ ဈေးကြီးကြီး ပေးဝယ်ရတယ်။ ဟင်းခတ် အမွှေးအကြိုင်တွေကလည်း ဈေးကြီးတယ်”လို့ ပြောပါတယ်။

ကချင်ရိုးရာ အစားအသောက်လုပ်တဲ့အခါမှာ ထည့်သွင်း ချက်ပြုတ်ရတဲ့ အဆာပလာများရဲ့ဈေးကကြီးတာကြောင့် အမြတ် သိပ်ကျန်ခြင်း မရှိဘဲ အွန်လိုင်းကနေ ရောင်းတာဖြစ်တဲ့အတွက်လည်း ဈေးသက်သာစွာနဲ့ ရောင်းချနိုင်တာဖြစ်တယ်လို့ သိရပါတယ်။

“မိုင်းမိုင်က ဒီဈေးနဲ့ ရောင်းလို့ရတယ်ဆိုတာက ကိုယ်က ဆိုင်နဲ့လည်း ရောင်းတာ မဟုတ်ဘူး။ အွန်လိုင်းကနေပဲ ပို့ပေးတာဆိုတော့ ကုန်ကျစရိတ်ကို တွက်တယ်။ နည်းနည်း ကာမိရုံပဲ တင်ထားတာပေါ့နော်။ အဲဒါတောင်မှ ကိုယ့်အတွက် ကျန်လား မြတ်လားဆိုရင် အဲ့လောက်ကြီးထိကို မမြတ်ဘူး။ ပင်ပန်းတာပဲအဖတ်တင်တယ်။ ပိုက်ဆံတွေ ပြန်တွက်လိုက်ရင် ဘာမှ မဟုတ်တော့ဘူး။ အကြီးအကျယ်တွေ အမော ပြန်ဆို့တယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး “တခါတလေကျရင် တချို့က ကြက်ကလည်း သေးလိုက်တာ၊ ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ကိုယ့်ရဲ့ကြက်ကင်မှာပါတဲ့ အဆာပလာဖိုးတောင် တွက်ပေးချင်တာ။ ကွန်ပလိန်းတွေ ရှိတယ်။ ဈေးရောင်းတာတော့ အဲ့လို ရှိတတ်ပါတယ်။ အသေးစိတ်ကလည်း လိုက်ရှင်းပြဖို့ အဆင်မပြေဘူး။ ဒီအချိန်မှာ ဒါလေးနဲ့ အဆင်ပြေနေတယ်။ စားဝတ်နေရေး ဖြေရှင်းလို့ရနေတယ်ဆိုတဲ့ စိတ်နဲ့ ဝင်ငွေလေး ရှိနေတယ်ဆိုပြီး လုပ်နေတာပေါ့။ ဈေးရောင်းခြင်းအားဖြင့် ခန္ဓီပါရမီတွေလည်း ရှိနေပါပြီ” လို့ မိုင်းမိုင်ဆိုင်းက ပြောပါတယ်။

နောက်ပိုင်းမှာလည်း အွန်လိုင်းကနေ အစားအသောက် ရောင်းချနေတဲ့သူတယောက် အနေနဲ့ စည်းကမ်းချက်များနဲ့အညီ လိုက်နာပြီး ကိုယ်ပိုင်ဆိုင်လေးဖွင့်နိုင်အောင် ကြိုးစားသွားမယ်လို့ သိရပါတယ်။

မိုင်းမိုင်ဆိုင်းကတော့ “MMS ကချင်ကြက်ကင်” ဆိုတဲ့နာမည်နဲ့ ကချင်ရိုးရာကြက်ကင် ၊ ကချင်ရိုးရာဝက်အူချောင်း ၊ ဝက်ကင်နံရိုး ၊ စကောဗန်းကြီး ၊ စကောဗန်းသေး ၊ ခေါင်ရည်တို့ကို အွန်လိုင်းကနေတဆင့် ရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။

You may also like these stories:

ကချင်ရိုးရာကြက်ကင်ရောင်းနေတဲ့ အဆိုတော်မိုင်းမိုင်ဆိုင်း

ပါးသိုင်းမွေး ရှိတဲ့သူကို ချစ်သူတော်ထားတဲ့ အဆိုတော် မိုင်းမိုင်ဆိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading