“ခေတ်ဝန်ကိုထမ်း ခေတ်လမ်းကိုလျှောက်” ဆိုတဲ့ ဇာတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရတနာဗိုလ်က ကိုယ်တိုင် နိုင်ငံသားတယောက်၊ အနုပညာသမား တယောက်အနေနဲ့ ပါဝင်ခွင့်ရတာ အရမ်း ဝမ်းသာတယ်လို့ ဆိုပါတယ်။
“ဒါရိုက်တာ ကိုဝိုင်းတို့၊ ကိုလူမင်းတို့ ကမ်းလှမ်းလို့ ရိုက်ဖြစ်သွားတာပါ။ ကိုယ်တိုင် နိုင်ငံသားတယောက်၊ အနုပညာသမားတယောက် အနေနဲ့ ပါဝင်ခွင့်ရတာ အရမ်း ဝမ်းသာပါတယ်။ အရမ်းလည်း ဂုဏ်ယူပါတယ်။ အမေစု အိမ်ထောင်စု စာရင်းထဲမှာ သူ တယောက်တည်းလို့ ပြောတာကို အရင်က ကြည့်ခဲ့တယ်။ ဒီဇာတ်လမ်းလေးထဲမှာ ကိုဝိုင်း ထည့်ရိုက်မယ် မထင်ထားဘူး”
“ဒီအခန်းလေး ထည့်တော့ ပရိသတ်တွေအတွက်လည်း မှတ်မှတ်ရရ ဖြစ်တယ်။ ဗိုလ် ကြည့်တိုင်းလည်း ဝမ်းနည်းမိတယ်။ ပရိသတ်ရင်ထဲ ရောက်သွားတဲ့ ဇာတ်ဝင်ခန်းလို့ ပြောရမယ်။ ဒီဇာတ်လမ်းလေးကို အားပေးကြလို့လည်း အရမ်းကျေးဇူးတင်ပါတယ်”လို့ ရတနာဗိုလ်က ပြောပါတယ်။
အဆိုပါ NLD အောင်နိုင်ရေး ဇာတ်ကားကို ဒါရိုက်တာ ဝိုင်း၊ မိုက်တီးနဲ့ သြရသတို့ ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင်များအနေနဲ့ လူမင်း၊ နေမျိုးအောင်၊ ဖြိုးငွေစိုး၊ ညီထွဋ်ခေါင်၊ အလင်းရောင်၊ ဇော်ဦး၊ ဆင်မ၊ အောင်ဇော်မင်း၊ မျိုးသန္တာထွန်း၊ ရွှေသမီး၊ နန်းမြတ်ဖြိုးသင်း၊ ရတနာဗိုလ်နဲ့ အေးမြဖြူတို့ ပါဝင်ထားကြပါတယ်။
ရတနာဗိုလ်ကတော့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက NLD ကို မဲပေးခဲ့တာဖြစ်ပြီး ဒီနှစ်မှာလည်း NLD ပဲ မဲပေးမယ်လို့ ဆိုပါတယ်။
“ဗိုလ်ကတော့ မဲပေးရင် အမေစုပဲ မဲပေးမှာပါ။ ဘာပဲဖြစ်ဖြစ် အမေစုပါပဲ။ လွန်ခဲ့တဲ့ ၅ နှစ်ကလည်း NLD ကိုပဲ မဲပေးခဲ့တာပါ။ ဘာလို့ NLD ကို မဲပေးရလဲဆိုတော့ ပြည်သူတွေအတွက် တကယ်ကို လုပ်ဆောင်ချက်တွေ၊ လမ်းညွှန်ချက်တွေ ဘယ်လောက်အထိ တိုးတက်ပြောင်းလဲလာတယ်ဆိုတာ အားလုံး တွေးတတ်ရင် သိနိုင်တာဆိုတော့ အဓိက ဗိုလ်ကတော့ NLD ပဲ ပေးမယ်”လို့ ရတနာဗိုလ်က ပြောပါတယ်။
ပြည်သူတွေအနေနဲ့ တကယ် အစိုးရကောင်း၊ တကယ်စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကိုပဲ မဲပေးစေချင်တယ်လို့ ဆိုပါတယ်။
“ပြည်သူတွေလည်း တကယ်ကို အစိုးရကောင်း၊ တကယ် စွမ်းဆောင်နိုင်တဲ့ ပုဂ္ဂိုလ်ကိုပဲ မဲပေးစေချင်ပါတယ်။ ကိုယ်တွေ အမေအရွယ်၊ အဘွားအရွယ်ရှိတဲ့ အမျိုးသမီးတယောက် ကိုယ်ကျိုးကို မကြည့်ဘဲနဲ့ အများအကျိုးအတွက် စွမ်းဆောင်နေတာတွေ၊ အများအတွက်ပဲ စိတ်အားထက်သန်စွာ စွမ်းဆောင်နေတာတွေ၊ မိသားစုနဲ့ ဝေးကွာပြီး နေနေတာတွေကို သေချာတွေးကြည့်၊ စဉ်းစားကြည့်ရင်တောင် အမေစုနေရာ ဝင်ခံစားရလို့ ရပါတယ်”လို့ ရတနာဗိုလ်က ပြောပါတယ်။
သရုပ်ဆောင် ရတနာဗိုလ်ကတော့ အနုပညာပျိုးခင်း (၂) ရဲ့ စင်တင် မင်းသမီး တလက်ဖြစ်ပြီး ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများ၊ ဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“မာယာလှည့်ကွက်” မှာ အိုက်တင်ပိုင်းကို အားရကျေနပ်မှု ရှိတဲ့ ပိုးကြာဖြူခင်
အွန်လိုင်းကနေ တိုက်ရိုက် လွှင့်မယ့် တင်ဇာမော်ရဲ့ “High Street Live Concert”
“တမိသားစုလုံးက NLD ကို အားပေးကြတာ”လို့ အဆိုတော် ငွေဇင်လှိုင်း ပြော