သင်ဟာ လူတွေနဲ့ ရောထွေးပြီး နေရတာ၊ ဟန်ဆောင်ပြီး စကားပြောရတာကို စိတ်မပါတဲ့ အင်ထရိုဗာ့တ် (Introvert) တယောက်လား။ Introvert တွေဟာ ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတယ်၊ သာမန် ကြည့်လိုက်ရင် ထူးထူးခြားခြား မရှိဘူးလို့ အများက ထင်ကြပေမယ့် သူတို့ဆီမှာလည်း အခြား Extrovert တွေနဲ့ မတူတဲ့ အားသာချက်တွေ ရှိပါတယ်။
အဲဒီလိုမျိုး တယောက်တည်း နေရတာ ကြိုက်တဲ့ Introvert တွေမှာ ရှိတဲ့ အားသာချက် ၅ ချက်ကို ဧရာဝတီ စာဖတ် ပရိသတ်တွေ သိရှိနိုင်အောင် ရေးသား ဖော်ပြလိုက်ပါတယ်။
(၁) ကိုယ့်ကိုယ်ကို နားလည်တယ်
သီးသန့်နေတတ်တဲ့ သူတွေဟာ မိမိစိတ်ကို အခြားသူတွေထက် ပိုနားလည်ပါတယ်။ ကိုယ့်အကြောင်းကို သေချာ နားလည်ပြီး ဘာဖြစ်ချင်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိပါတယ်။ လူအများတကာ ယောင်တိုင်း လိုက်မယောင် တတ်တာက သူတို့ရဲ့အရည်အချင်း တခုပါ။
(၂) သန်မာတယ်
တယောက်တည်းနေတာ ကြိုက်တဲ့သူတွေက မယုံနိုင်လောက်အောင် စိတ်ဓာတ် ကြံ့ခိုင်ပါတယ်။ ဖြစ်လာတဲ့ ပြဿနာကို သေချာ အေးအေးဆေးဆေး စဉ်းစားပြီး ကိုယ်ပိုင် ဆုံးဖြတ်ချက်တခုကို ချတတ်တာက သူများတွေ မနာလိုရလောက်တဲ့ အရည်အချင်း တခုပါ။
(၃) အချိန်ကို တန်ဖိုးထားတယ်
တကိုယ်တည်း သမားတွေက အချိန်ကို သာမန်သူတွေထက် ပိုတွက်လေ့ ရှိပါတယ်။ ဘယ်အချိန်မှာ စာဖတ်မယ်၊ လေ့ကျင့်ခန်း လုပ်မယ်ဆိုတာမျိုး ကြိုတွေးထားလေ့ ရှိပါတယ်။ ဒါကြောင့်မို့လို့ သာမန် အလာပသလာပ စကားဝိုင်းတွေမှာ အချိန်ကုန်ခံလေ့ မရှိပါဘူး။
(၄) စည်းရှိတယ်
ကိုယ်ပိုင် စည်းမျဉ်းတွေထားသလို သူများတကာရဲ့ အတွင်းရေးကိုလည်း ဝင်ရောက် စွက်ဖက်တာမျိုး နည်းပါတယ်။ မေးသင့်၊ မမေးသင့်ဆိုတာမျိုးကို အမြဲဆင်ခြင်ပြီး သူတို့ကို စည်းကျော်လာရင်လည်း အားမနာဘဲ ပြန်ပြောတတ်ပါတယ်။
(၅) ပွင့်လင်းတယ်
Introvert သမားတွေက တယောက်တည်း နေတယ်ဆိုတိုင်း လူတွေနဲ့ လိုက်လျောညီထွေ မနေတတ်လို့ မဟုတ်ပါဘူး။ အသစ်အဆန်းတွေ၊ စိတ်ကူးအသစ်တွေ တွေးဖို့အတွက် ကိုယ်ပိုုင်အချိန် အများကြီးသုံးတဲ့ သဘောပါ။ ပြီးရင်တော့ သူတို့ ရရှိလာတဲ့ အတွေ့အကြုံတွေ၊ အိုင်ဒီယာတွေကို လူတိုင်းကို ပြန်ဝေမျှ ချင်သူတွေပါ။
ကဲ … ဒီလောက်ဆိုရင်တော့ တယောက်တည်း သီးသန့်နေတာဟာ လူတော မတိုးလို့ မဟုတ်ဘဲ ဒီလို ကောင်းမွန်တဲ့ အချက်တွေကြောင့်ဆိုတာ ပြောပါရစေနော်။