နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ ရဖို့ဆိုရင် ဗီတာမင်၊ သတ္တုဓာတ်တွေပြည့်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အဲဒီထဲကမှ အရေးကြီးတဲ့ အာဟာရဓာတ်တွေကို အသီးအရွက်တွေဆီက အများဆုံးရတာပါ။ အသီးအရွက်တွေရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ပြောပြလို့ မကုန်ရှိတဲ့ထဲက စာဖတ်သူတွေနဲ့ နည်းနည်းအ လှမ်းဝေးတဲ့ Beet Root (သကြားမုန်လာ) ရဲ့ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပေးချင်ပါတယ်။
မနက်စောစော အသီးအနှံဖျော်ရည် တခွက် သောက်ပေးတာဟာ ကျန်းမာရေးအတွက် အထူးကောင်းပါတယ်။ ပန်းသီး၊ သကြားမုန်လာနဲ့ မုန်လာဥနီဖျော်ရည်တွေက ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို အထူးပြုကောင်းစေပါတယ်။ တရုတ်နိုင်ငံ လေ့လာတွေ့ရှိချက် တခုအရ အသီးဖျော်ရည်တွေက အဆုတ်ကင်ဆာကိုတောင် သက်သာစေတယ်လို့ ဆိုပါတယ်။
ဒီလိုကောင်းကျိုးတွေ များစေတဲ့ သစ်သီးဖျော်ရည်တွေထဲက သကြားမုန်လာဖျော်ရည် ဖျော်မယ်ဆိုရင် သကြား မုန်လာကို အတုံးလေးတွေတုံးပြီး ဖျော်စက်ထဲ ထည့်ပါ။ သူ့ချည်းပဲ သက်သက် အရည်အရမ်း ပြစ်နေရင် ရေ ဒါမှ မဟုတ် လိမ္မော်ရည် အနည်းငယ်ရောပြီး သောက်သုံးနိုင်ပါတယ်။
အမျှင်ဓာတ်များတဲ့ သကြားမုန်လာ အစွမ်းကြောင့် ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်တွင်း ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပြီး ကိုယ်အလေးချိန် တက်ခြင်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ အမြင်အာရုံကောင်းစေရုံမျှမက ခံတွင်း အနံ့ဆိုးခြင်းကိုပါ ပျောက်ကင်း စေပါတယ်။
သကြားမုန်လာရဲ့ နောက်ထပ်ကျန်းမာရေးအကျိုးကျေးဇူးတွေက ကိုယ်တွင်း လှည့်ပတ်စီးဆင်းနေတဲ့ သွေးတွေကို သန့်စင်ပေးနိုင်သလို အသားရေကြည်လည်စေပြီး အရေပြား ပြဿနာတွေကို သက်သာပျောက်ကင်း စေပါတယ်။ ဦးနှောက်စွမ်းရည် မြင့်တက်စေလို့ အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ အတိတ်မေ့ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။
သကြားမုန်လာအမြစ်မှာ လိုအပ်တဲ့ သံဓာတ် အပြည့်အဝ ပါဝင်နေလို့ ဖျော်ရည်အဖြစ် နေ့စဉ်သောက်သုံးတာပဲ ဖြစ်ဖြစ်၊ ဒီအတိုင်း ဟင်းထဲ ထည့်စားမယ်ဆိုရင်လည်း အသက်ရှု လမ်းကြောင်းဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ထားရာ ရောက်လို့ ပုံမှန်စားပေးဖို့ တိုက်တွန်းချင်ပါတယ်။
Ref: Better Me