အသက်ရွယ် ကြီးလာတာနဲ့အမျှ အရိုး သိပ်သည်းဆဟာ တဖြည်းဖြည်း လျော့ပါလာတာကြောင့် အဘိုး၊ အဘွားတွေမှာ ဒူးနာ၊ ခါးနာ ရောဂါတွေ စတင်ခံစားလာရပါတယ်။ ဒါပေမဲ့လည်း သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဂျပန်နိုင်ငံက သက်ကြီးရွယ်အိုတွေမှာ အထူးသဖြင့် ဂျပန်အမျိုးသမီးတွေဟာ အရိုးအဆစ် ပိုမိုသန်မာတာကြောင့် တခြားနိုင်ငံသူတွေထက် အရိုးပါးရောဂါ ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းလောက် လျော့နည်းနေပါတယ်။
ဒါ့အပြင် တင်ပါးဆုံရိုး ကျိုးနိုင်ခြေလည်း အမေရိကန်လူမျိုးတွေထက် ထက်ဝက် နီးပါးလောက် လျော့နည်းနေပြန်ပါတယ်။ တကယ်တော့ အမျိုးသမီးတွေမှာ အသက် ၃၀ ကျော်တာနဲ့ အရိုးသိပ်သည်းဆနှုန်း နှစ်စဉ် ၁ ရာခိုင်နှုန်း လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် အသက် ၇၀ အရွယ်ရောက်တဲ့အခါ ခန္ဓာကိုယ်တခုလုံးက အရိုးတွေရဲ့ သိပ်သည်းဆနှုန်း ၄၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေပါပြီ။
အရိုးသိပ်သည်းဆ လျော့နည်းသွားရခြင်းဟာ နေ့စဉ် ခန္ဓာကိုယ်က လိုအပ်နေတဲ့ ကယ်လ်စီယမ်ဓာတ် ချို့ယွင်းတာကြောင့်လည်း သက်ဆိုင်ပါတယ်။ လေ့လာချက်မှာ အံ့သြစရာအချက်က အမေရိကန်တွေက နေ့စဉ် ကယ်လ်စီယမ်အားဆေးကို 1,000 mg ပမာဏလောက် သောက်သုံးနေစဉ်မှာ ဂျပန်နိုင်ငံက အမျိုးသမီးတွေကတော့ ကယ်လ်စီယမ်ဓာတ်ကို နေ့စဉ် 540 mg ပမာဏလောက်ပဲ သောက်သုံးကြပါတယ်။
ဒါဆို ဂျပန်နိုင်ငံက အမျိုးသမီးတွေ ကယ်လ်စီယမ်အားဆေးကြောင့် မဟုတ်ဘဲ ဘာကြောင့် အရိုးတွေ သန်မာနေတာပါလဲ။ အကြောင်းရင်းကတော့ ရှေးယခင်ကတည်းက စားသုံးလာတဲ့ ဂျပန်အစားအစာ နာတို (natto) ကြောင့်ပါ။ နာတိုက ပဲပိစပ်စေ့ကို အချဉ်ဖောက်ထားတဲ့ အစားအစာ တမျိုးဖြစ်ပြီး ဂျပန်လူမျိုးတွေ အထူး နှစ်သက်ကြပါတယ်။
နာတိုကို ဓာတ်ခွဲခန်းမှာ ဆက်လက် လေ့လာခဲ့ကြတဲ့အခါ အရိုးကို ကြံ့ခိုင်သန်မာစေတဲ့ Vitamin K2 အများအပြား ပါဝင်နေတာကို တွေ့ရှိခဲ့ကြပါတယ်။ Vitamin K2 ဟာ ကယ်လ်စီယမ် ဇီဝဖြစ်ပျက်မှုမှာ အဓိက အခန်းကဏ္ဍက ပါဝင်ပြီး ကယ်လ်စီယမ်ဓာတ်နဲ့ အရိုးကြားကို ကော်နဲ့ ကပ်သလို လုပ်ဆောင်ပေးတဲ့ အကျိုးပြုဗီတာမင်ဓာတ်လို့လည်း သတ်မှတ်နိုင်ပါတယ်။
အရိုးသိပ်သည်းဆ လျော့နည်းမှု သက်သာသွားလေ အရိုးကြွပ်ဆတ်ခြင်း၊ အရိုးပါးရောဂါ၊ အရိုးကျိုးလွယ်ခြင်း ဖြစ်နိုင်ခြေ လျော့နည်းသွားပါတယ်။ ဒီလို ဗီတာမင်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ နာတိုကို မြည်းစမ်းကြည့်ချင်တယ်ဆိုရင် သူ့ရဲ့ပြင်းရှတဲ့ အနံ့ကို ခံနိုင်ရည်ရှိဖို့ လိုပါတယ်။ လူတော်တော်များကတော့ သူ့ရဲ့ အနံ့ကြောင့် မြည်းစမ်းကြည့်ဖို့ တွန့်ဆုတ်သွားတတ်ကြပါတယ်။
အထူးသဖြင့် အမျိုးသမီးတွေမှာ အသက်ရွယ်ကြီးတဲ့အခါ ခံစားလာရတဲ့ အရိုးရောဂါတွေကို သက်သာစေချင်ရင် နေ့စဉ် Vitamin K2 နဲ့ Vitamin D3 ပါဝင်တဲ့ အားဆေးကို ပုံမှန်သောက်သုံးကြဖို့ တိုက်တွန်းထားပါတယ်။ ဒါမှလည်း အရိုးအဆစ် သန်မာပြီး သွက်လက် တက်ကြွတဲ့ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။
Ref: Emma Deangela