ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန်အသင်းတ့ိုရဲ့ ကပ္ပတိန် နာမည်ကျော် ဘောလုံးသမား ဂျွန်တယ်ရီဟာ QPR အသင်းရဲ့ နောက်ခံလူ အန်တန်ဖာဒီနန်ကို လူမျိုးရေး ခွဲခြားတဲ့စကားတွေပြောဆိုခဲ့တယ်လို့ စွပ်စွဲခံရပြီးတဲ့နောက်မှာ အရေးယူခံရဖို့ နီးစပ်လာပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်တုန်းက ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ QPR အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပြဿနာ စတင်ခဲ့တာပါ။ အဲဒီပွဲစဉ်မှာ တယ်ရီဟာ တဖက်အသင်းသား အန်တင်ဖာဒီနန်ကို လူမျိုးရေးခွဲခြားတဲ့ စကားလုံးတွေနဲ့ ရင့်ရင့်သီးသီး ပြောဆိုခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။
အန်တန်ဖာဒီနန်ဟာ တယ်ရီနဲ့ အင်္ဂလန်အသင်းမှာ အတွဲညီတဲ့ နောက်ခံလူ ရီယိုဖာဒီနန်ရဲ့ ညီအရင်းလည်း ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်ကြောင့် ဗြိတိသျှတရားစီရင်ရေး ဌာနတခုဖြစ်တဲ့ The Crown Prosecution Service က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးခဲ့တဲ့နောက်မှာ ဂျွန်တယ်ရီကို အရေးယူဖို့ သက်သေ အလုံအလောက်ရှိတယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
“ဂျွန်တယ်ရီကို အရေးယူဖို့ လန်ဒန်ရဲအဖွဲ့ကို ကျမတို့ ဒီနေ့ပဲ အကြံပေးခဲ့ပါတယ်။ ရရှိထားတဲ့ သက်သေ အထောက်အထားတွေကို သေသေချာချာ စစ်ဆေးပြီးတဲ့နောက် ဂျွန်တယ်ရီဟာ ပြစ်မှုကျူးလွန်ခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ ဒါ့ကြောင့် သူ့ကို ရာဇဝတ်ကြောင်းအရ ရုံးတော်သို့ ဆင့်ခေါ်ထား ပါတယ်” လို့ တရားစီရင်ရေးဌာန အကြီးအကဲ အယ်လီဆင်ဆောင်းဒါးစ်က ပြောဆိုခဲ့ပါတယ်။
အဲဒါကြောင့် ဂျွန်တယ်ရီဟာ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ကျရင် လန်ဒန်အနောက်ပိုင်း တရားရုံးမှာ အမှုရင်ဆိုင်ရတော့မှာပါ။ လူမျိုးရေးခွဲခြားပြီး ခြိမ်းခြောက်ခြင်း၊ စော်ကားပြောဆိုခြင်း စတဲ့အပြုအမူတွေကို အင်္ဂလန်နိုင်ငံမှာ ရာဇဝတ်မှုအဖြစ် သတ်မှတ်နိုင်ပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိရင် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်တဲ့ ဥပဒေရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းမှာ လူမျိုးရေးခွဲခြားမှုကြောင့် လီဗာပူးလ်ကစားသမား ဆွာရက်ဇ်ကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ အင်္ဂလန်ဘောလုံးအဖွဲချုပ်ကတော့ အခုအချိန်မှာ ထင်မြင်ချက် မပေးနိုင်သေးကြောင်း သတင်းထုတ်ပြန်သွားပါတယ်။ ဆွာရက်ဇ်ရဲ့ဖြစ်ရပ်နဲ့ မတူညီတာကတော့ ဂျွန်တယ်ရီရဲ့အမှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အာဏာပိုင်များနဲ့ ရဲအဖွဲ့က စုံစမ်းစစ်ဆေးနေတာပါပဲ။
ဂျွန်တယ်ရီကတော့ ဒီစွပ်စွဲချက်တွေကို လုံးဝမဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။
“ကျနော့်ကို အရေးယူဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီးတော့ တော်တော်စိတ်ပျက်မိပါတယ်။ ကျနော်ဘယ်သူ့ကိုမှ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုမျိုး မလုပ်ခဲ့ဖူးပါဘူး။ ကျနော့်မိတ်ဆွေအရင်းအချာ တွေထဲမှာလည်း လူမျိုးအစုံအလင် ရှိပါတယ်။ ကျနော်ဟာ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးတောင် ဆောင်ရွက်ခဲ့ဖူးတာပဲ။ ကျနော့်မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်မယ့် အခွင့်အရေးရဖို့ မျှော်လင့်ပါတယ်” လို့ ဂျွန်တယ်ရီက ပြောပါတယ်။
ချယ်လ်ဆီးကလပ် ဝက်ဘ်ဆိုဒ်မှာလည်း သတင်းထုတ်ပြန်ထားပြီး “အမှုရင်ဆိုင်ရာမှာ ဂျွန်တယ်ရီကို ကူညီသွားမှာဖြစ်ကြောင်း” ဖော်ပြထားပါတယ်။ ချယ်လ်ဆီးအသင်း မန်နေဂျာ ဘိုအားစ်ကလည်း တယ်ရီကို အပြည့်အဝထောက်ခံကြောင်း ပြောဆိုသွားပါတယ်။
နိုင်ငံခြားသား ကစားသမားတွေထက် အင်္ဂလန်သားတွေ အခွင့်အရေးပိုရလေ့ရှိတဲ့ အင်္ဂလန်ဘောလုံးလောကမှာ တယ်ရီရဲ့ ပြဿနာ ဘယ်လို အဖြေထွက်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်နေပါတယ်။