Miss Grand Myanmar 2013 အလှမယ် ထားထက်ထက်က ဆောင်းရာသီရောက်လာပြီဆိုရင် သူမ ဝတ်လေ့ဝတ်ထရှိတဲ့ အကြိုက်ဆုံးဖက်ရှင်ကတော့ အပေါ်ထပ် အင်္ကျီလက်ရှည်ကို တီရှပ်လက်တိုနဲ့ နှစ်ထပ်ဝတ်ရတဲ့ ဖက်ရှင်မျိုးပါလို့ ဧရာဝတီကို ပြောပါတယ်။
“ဆောင်းရာသီမှာဆိုရင် အင်္ကျီနှစ်ထပ်ဝတ်တာမျိုးတွေကို ပိုစိတ်ဝင်စားတယ်။ ဒီမှာက အရမ်းအေးတာမဟုတ်တော့ မနက်ပိုင်းဆို အရမ်းအေးမယ်။ နေ့ခင်းဘက်ကျရင် အရမ်းပူတဲ့အတွက် အောက်မှာလက်တိုတထပ် အပေါ်မှာ လက်ရှည်တထပ် နှစ်ထပ်ဝတ်တော့ ပိုအဆင်ပြေတာပေါ့။ သိုးမွှေးတို့ ဘာတို့ကျတော့ မနက်ပိုင်းပဲ အဆင်ပြေတယ်။ နေ့ခင်းကျတော့ ပူသွားတော့ လူကသက်သောင့်သက်သာ မဖြစ်တော့ဘူးပေါ့။ ထားထက်က အေးတဲ့ရာသီလေးကို ကြိုက်တယ်” လို့ ထားထက်ထက်က ပြောပါတယ်။
လတ်တလောမှာတော့ ဇာတ်လမ်းတိုတွေနဲ့ ဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်ဖြစ်နေပြီး ကလေးများအတွက် ရည်ရွယ်ပြီး အားကစားနဲ့ အနုပညာပေါင်းစပ်ထားတဲ့ ပရိုဂရမ်တခု ရိုက်ကူးသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။
“အဓိကက အားကစားကို မြှင့်တင်ပေးချင်တဲ့ ပရိုဂရမ်ပေါ့။ ကျောင်းတွေမှာ ကလေးတွေ အားကစား ကာယလုပ်တဲ့ အချိန်တွေ နည်းလာတဲ့အခါကျတော့ အားကစားလုပ်စေချင်တဲ့အတွက် ရိုက်ကူးဖို့အတွက် စီစဉ်နေတာပါ” လို့ ထားထက်ထက် က ဆိုပါတယ်။
Miss Grand Myanmar 2013 အလှမယ် ထားထက်ထက်ဟာ ပရဟိတလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ကျွမ်းဘား အလှမယ်တဦးလည်း ဖြစ်ကာ အခြေခံပညာကျောင်းများမှ ကလေးငယ်များကို ကျွမ်းဘားပညာရပ်များ လိုက်လံ သင်ကြားပေးနေသူလည်း ဖြစ်ပါတယ်။